ဒီနေ့တော့ အရသာထူးကဲတဲ့ ငှက်ပျော ကော်ပြန့်ကြော်လေး ကြော်ပါတယ် ကြွတ်ကြွတ်မွှေးမွှေးလေးမို့လို့ စားလို့အရမ်းကောင်းပါတယ် မာမာကတော့ ကိုယ်စားလို့ကောင်းတိုင်း မာမာ့blog ကိုလာလည်တဲ့ မိတ်ဆွေတွေကို သတိတရနဲ့ စားစေချင်မိတာ အမှန်ပါဘဲ ဒါကြောင့်မို့လို့ ပြင်ရဆင်ရတာလဲလွယ် ကြော်ရတာလဲလွယ်လွန်းတဲ့အတွက် နှစ်သက်မယ်ဆိုရင် ကြော်စားကြည့်ရအောင် ကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- ငှက်ပျောသီး - ငါးလုံး
- ကော်ပြန့်ရွက် - ငါးရွက်
- ဆီ - လိုသလောက် သုံးပေးပါ
- ငှက်ပျောသီးကို အခွံခွာပြီး ထက်ဝက်ခြမ်းပေးပါ
- ထက်ဝက်ခြမ်းထားသော ငှက်ပြောသီး တစ်လုံးကို ကော်ပြန့်ရွက် အလယ်တည့်တည့်ပေါ်မှာ နှစ်ခုယှဉ်ပြီး တင်ပေးပါ
- ကော်ပြန့်ရွက်ရဲ့ အထက်အောက် နှစ်ဖက်ဆီကို ငှက်ပျောသီးပေါ် အုပ်မိအောင် ခေါက်တင်ပေးပါ
- ဘေးနှစ်ဖက်ကို တစ်ဖက်နဲ့တစ်ဖက် ထပ်မိအောင် တစ်လွှာစီ ထပ်အုပ်ပေးပါ
- ဆီခပ်များများကို ဒယ်အိုးထဲထည့်ပြီး မီးအနေတော်နဲ့အပူပေးပါ
- ဆီပူလာတာနဲ့ ထုတ်ထားသော ငှက်ပျော ကော်ပြန့်ထုတ်ကို ဆီပူပူထဲမှာ ထည့်ကြော်ပေးပါ
- ကော်ပြန့်ဖတ်က ငှက်ပျောသီးရဲ့  အစိုဓါတ်ကြောင့် ပေါက်ထွက်သွားနိုင်တဲ့အတွက် တစ်ဖက်မကျက်သေးခင် မလှန်ပေးမိဖို့ သတိထားပါ
- တစ်ဖက်ကျက်တော့မှ တစ်ဖက်ကို လှန်ပေးပြီး နှစ်ဖက်လုံး ရွှေဝါရောင်သန်းလာရင် ဆယ်ပြီးဆီစစ်ပေးပါ
- ဆီစစ်သွားပါက ကြွတ်ရွချိုမွှေးနေတဲ့ ငှက်ပျော ကော်ပြန့်ကြော်လေးကို အရသာရှိစွာနဲ့ သုံးဆောင်လို့ ရပါပြီ။
No comments:
Post a Comment