ကော်ပြန့်ကြော်ကြွတ်ကြွတ်လေး ကြော်နည်းလေးကို ပြောပြချင်ပါတယ် အိမ်မှာလတ်လတ်ဆတ်ဆတ် ကြော်စားနိုင်အောင်လို့ပါ။
မာမာကတော့ အသီးအရွက်နှစ်သက်သူမို့ အသားမထဲ့ဘဲ အသီးအရွက်လေးထဲ့ပြီးကြော်ထားပါတယ်
သတ်သတ်လွတ်ကော်ပြန့်ကြော်လေးအတွက် ကြော်နည်းလေး မျှဝေပေးပါတယ်။
ပါဝင်ပစ္စည်းများ
- ကော်ပြန့် ၁၂လိပ်စာအတွက် ကော်ပြန့်ရွက် - ၁၂ရွက်
- အနေတော်လှီးထားသော တရုတ်မုန့်ညှင်း - တရုတ်ဟင်းပြင်ပန်းကန် တစ်လုံးစာ
- အနေတော်လှီးထားသော ကြက်သွန်မိတ် - အပင်ကြီးကြီး ၅ပင်
- ခပ်သေးသေးအချောင်းလေးတွေလှီးထားသော မုံလာဥနီ - တရုတ်ဟင်းပြင်ပန်းကန် တစ်လုံးစာ
- နာရီဝက်လောက် ရေစိမ်ပြီး ခပ်ပါးပါးလှီးထားသော Dired flower mushroom. - ၇ပွင့်
- ပဲပင်ပေါက် - တရုတ်ဟင်းပြင်ပန်းကန် တစ်လုံးစာ
- ခပ်နုတ်နုတ်လှီးထားသော ကြက်သွန်နီ - တရုတ်ဟင်းပြင်ပန်းကန် တစ်လုံးမရှိတရှိ
- ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း တစ်ဝက်သာသာ
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ပဲငံပြာရည်အပျစ် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
- ဆီ - ထမင်းစားဇွန်း ၂ဇွန်း
ကော်ပြန့်အစာအကြော်ဖို့ပြင်ပါမယ်
- ဆီကိုမီးအပူပေးပြီး အရင်ဆုံး ဆီပူလာတာနဲ့ကြက်သွန်ဖြူ ဓါးပြားရိုက်ကို အရင်ကြော်လိုက်ပါ
- ကြက်သွန်ဖြူနံ့မွှေးလာတာနဲ့မှိုကိုအရင်ဆုံး တစ်မိနစ်လောက် ထဲ့ကြော်ပါ
- ပြီးတာနဲ့မုံလာဥနီထဲ့ မိနစ်ဝက်လောက်ဘဲ ကြော်ပြီးတာနဲ့တရုတ်မုန်ညှင်းကိုထဲ့ပြီး မိနစ်ဝက်လောက်ဘဲကြော်ပါ
- ဆား အရသာမှုန့်တို့ထဲ့ပြီးကြက်သွန်မိတ်ကိုထဲ့ပါ ပြီးတာနဲ့ ပဲငံပြာရည်ကိုထဲ့ပြီး မိနစ်ဝက်လောက်ကြော်ပြီးတာနဲ့ မီးပိတ်ပေးပြီး ကြော်ထားတာတွေကို အအေးခံထားပါ
- အအေးခံထားစဉ်မှာ ကြော်ထားစဉ်က ထွက်လာသော အရည်များကို အိုးတခြမ်းစောင်းထားပြီး စစ်ပေးထားပါ။
ကော်ပြန့်လိပ်ဖို့ပြင်ပါမယ်
- ကော်ပြန့်ရွက်ကို ပန်းကန်ပြားတစ်ချပ်ခံပြီးထောင့်ချွန်း ခင်းလိုက်ပါ
- ထောင့်ချွန်းအစနားမှာ အစာကိုအနေတော် ခင်းလိုက်ပါ
- အစာခင်းပြီးတာနဲ့ ထောင့်ချွန်းအစကို အစာပေါ်အုပ်ကာ စပြီးလိပ်ပေးပါ
- ပထမတစ်ခေါက်လိပ်ပြီး နောက်တစ်ခေါက် ထပ်ပြီးလိပ်ပေးပါ
- ပြီးရင်ဘေးနှစ်ဖက်ကို အတွင်းဖက်ကို ခေါက်ပေးပါ
- ဘေး၂ဖက်ခေါက်ပြီးတာနဲ့ အရင်ဆုံးလိပ်သလို အဆုံးထိ ဆက်တိုက်လိပ်ပေးပြီး ကျန်တဲ့ထိပ်စကို ကော်ရည်ကပ်ပြီး လိပ်ပေးလိုက်ပါ။
ကြော်ဖို့ပြင်ပါမယ်
- ဆီ လက်ဖက်ရည်ပန်းကန်တစ်လုံးခွဲကို အပူပေးပါ ဆီပူလာတာနဲ့ မီးကိုအနေတော် လျော့လိုက်ပါ
- လိပ်ထားသော ကော်ပြန့်လိပ်များကို တစ်လိပ်ချင်း ထဲ့ကြော်ပေးပါ
- တစ်ဖက်ကျက်ရင် တစ်ဖက်ကိုလှန်ပြီး ဆက်ကြော်ပေးပါ
- နှစ်ဖက်လုံးရွှေဝါရောင်ရတာနဲ့ ဆယ်ပြီးဆီစစ်ပေးပါ
- ဆီစစ်သွားတာနဲ့ ကော်ပြန့်ကြော်ကြွတ်ကြွတ်လေးရပါပြီ
- နှစ်သက်ရာအချဉ် ဆလတ်ရွက်တို့နဲ့စားသုံးနိုင်ပါပြီ။
ကော်ပြန်ကြော် အရမ်းကြိုက်တာ
ReplyDeleteစားနော် bobo ရေ
ReplyDelete