Thursday 21 August 2014

သတ်သတ်လွတ် ပဲပင်ပေါက်ကြော်


အသီးအရွက် ဆိုတာမျိုးကလဲ ချက်တတ်မှ စားကောင်းပါတယ် အခုပဲပင်ပေါက်ပဲပြားကြော်လေးကလဲ  ကြော်တတ်ရင် တော်တော်လေး အဆင်ပြေပြီး စားလို့ကောင်းပါတယ်။

မကြော်တတ်ရင်တော့ ကြော်နေရင်းက ထွက်လာတဲ့ အရည်တွေကြောင့် ရေစွတ်ပက်နဲ့စားရတာ အဆင်မပြေပါဘူး ဒီနေ့တော့ ပဲပင်ပေါက်ပဲပြားလေးကို အဆင်ပြေပြေစားနိုင်ဖို့ ကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ပဲပင်ပေါက် - 200 g
  2. တို့ဟူး - တစ်တုံး (အနေတော် အတုံးကို သုံးပါ )
  3. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  4. တရုတ်နံနံ - မိမိနှစ်သက်သလောက်
  5. ဆီ - ထမင်းစားဇွန်း လေးဇွန်း
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  8. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်

ပြင်ဆင်ပုံ
  • ပဲပင်ပေါက်ကို ရေဆေးပြီး ရေစစ်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • တို့ဟူးကို ရေဆေးပြီး အနေတော် အတုံးလေးတွေ တုံးထားပါ
  • တရုတ်နံနံကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
  • ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီကိုမီးအနေတော်နဲ့ အပူပေးပါ
  • ဆီပူလာတာနဲ့ နနွင်းမှုန့်ကို ထည့်ပေးပါ
  • ပဲပြားကို နဲနဲမာအောင် ကြော်ပေးပြီး ဆယ်ထားပါ
  • ကြက်သွန်နီကို နွမ်းသွားအောင် ကြော်ပေးပြီးမှ ပဲပြားကြော်ကို ပြန်ထဲ့ပြီး မိနစ်၀က်လောက် ကြော်ပေးပါ
  • ပြီးတာနဲ့ ပဲပင်ပေါက်နဲ့အတူ ဆား အရသာမှုန့်တို့ထဲ့ပြီး အရသာ သမအောင် မွှေပေးပါ
  • နှစ်မိနစ် သုံးမိနစ်လောက် ကြော်ပေးပြီးတာနဲ့ တရုတ်နံနံကို ထည့်မွှေပေးပါ
  • ပြီးတာနဲ့ အရသာမြည်းပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  • အရသာ ပြင်ပြီးတာနဲ့ သတ်သတ်လွတ် ပဲပင်ပေါက်ကြော်လေး ရပါပြီ
  • ထမင်းပူပူလေးနဲ့ မိမိနှစ်သက်သလို စားသုံးနိူင်ရန် ပြင်ပေးနိူင်ပါပြီ။



No comments:

Post a Comment