Saturday 31 August 2024

ငါးခေါင်းချဉ်ရည်ဟင်း



မာမာ အရင်ရက်တုန်းက ကပ်ကတစ်ငါး ဝယ်ကိုရင်းက ပါလာတဲ့ ငါးခေါင်းကို ခရမ်းချဉ်သီး အနှစ်များများနဲ့ အချဉ်ဆီလည်ရေလည်လေး ချက်ပါတယ်။

 ထမင်းပူပူလေးနဲ့ အရမ်းကိုဘဲ စားလို့ကောင်းလွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကပ်ကတစ်ငါးခေါင်း - 500 g (အကောင်ကြီးကြီးရဲ့ ငါးခေါင်ကိုးသုံးပါ)
  2. ခရမ်းချဉ်သီး - အလုံးကြီးကြီး လေးလုံး
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  4. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  5. စပါးလင် အရင်းပိုင်း - တစ်လက်မခန့်
  6. ချင်း - လက်တစ်ဆစ်
  7. မန်ကျည်းသီးမှည့် - ထမင်းစားဇွန်း တစ်ဇွန်းသာသာ 
  8. ငရုတ်သီးအရောင်တင်မှုန့် လက်ဖက်ရည်ဇွန်း - တစ်ဇွန်း
  9. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  11. ငါးငံပြာရည် - ထမင်းစားဇွန်း ( ငါးအရသာနယ်ရန်)
  12. ငါးငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်း( ဟင်းအိုးထဲထည့်ရန်)
  13. ဆီ - ထမင်းစားဇွန်း ငါးဇွန်း
  14. နနွင်းမှုန့်. - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ငါးအရသာနယ်ရန်နှင့် ဆီသတ်ရန်)
  15. နံနံပင် - မိမိနှစ်သက်သလောက်
  16. ငရုတ်သီးစိမ်း - နှစ်သက်သလောက်

ငါးအရသာနယ်ရန်
  • ငါးခေါင်းကို အရင်ဆုံး မလိုတာတွေ ဖယ်ပေးကာ ထက်ခြမ်းခြမ်းပေးပါ 
  • ပြီးတော့မှ ရေနှင့် ခြောက်ထပ်လောက် ဆေးပေးပြီး ရေစစ်ထားပါ
  • ကြက်သွန်ဖြူ ကြက်သွန်နီနှင့် ချင်းတို့ကို အခွံခွာပြီး ရေဆေးထားပါ
  • စပါးလင်ကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • ပြီးတာနဲ့ ချင်း စပါးလင် ကြက်သွန်ဖြူ ကြက်သွန်နီတို့ကို ငရုတ်သီး အရောင်တင်မှုန့်နှင့် ညက်နေအောင်ရောပြီး ထောင်းပေးပါ
  • မန်ကျည်းသီးမှည့်ကို ရေတစ်ထပ်ဆေးပြီး ရေနွေးအနည်းငယ်နှင့် စိမ်ထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • နံနံပင်ကို ရေစင်အောင်ဆေးပြီး အနေတော်လေးတွေ ပိုင်းဖြတ်ထားပါ
  • ငရုတ်သီးစိမ်းကို အညှာခြွေပြီး ရေဆေးထားပါ
  • ပြီးတာနဲ့ ဇလုံကျယ်ကျယ်ထဲမှာ ငါးခေါင်း နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက် အချိုမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း  ဆား လက်ဖက်ရည်ဇွန်း တစ်၀က်နှင့် ငါးငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်းသာသာထည့်ပေးကာ အရသာဝင်အောင် နယ်ပေးပါ
ဟင်းချက်ရန်
  • ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီကိုအရင်ဆုံး အပူပေးပါ
  • ဆီပူလာမှ နနွင်းမှုန့်ကို ထည့်ပေးပါ
  • ပြီးတာနဲ့ ထောင်းထားသော ငရုတ်သီးထောင်းကို ထည့်မွှေပေးပါ
  • ငရုတ်သီး ဆီသတ်တာ မွှေးလာပြီး ငရုတ်သီးများ မွလာပါက ခပ်ပါးပါး လှီးထားသော ခရမ်းချဉ်သီးကို ထည့်မွှေပေးပါ
  • ခရမ်းချဉ်သီးများ ကျေပြီးအခွံများ လိတ်လာတဲ့အထိ အိုးအဖုံးအုပ်လိုက် မွှေလိုက် လုပ်ပေးပါ
  • ခရမ်းချဉ်သီး အခွံများ လိတ်လာတာတဲ့ အရသာ နယ်ထားသော ငါးကိုထည့်ပြီး အသာအယာလေး မွှေပေးကာ အဖုံးအုပ်ပေးပါ
  • ယောင်းမနှင့် အရမ်းကြီး ထိုးမွှေပါက ငါးအသားက နူးညံ့လွန်းတဲ့အတွက် ကျေမွကုန်တတ်ပါတယ်
  • အိုးမကပ်စေရန် အိုးကိုကိုင်ပြီး လှုပ်လှုပ်ပေးပါ
  • ငါးအသားလေးတွေ ငရုတ်သီးရောင် တက်လာတာနဲ့ ငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်းထည့်ပြီး အရသာညီအောင် အိုးကိုလှုပ်ပေးပါ
  • ငါးအသားများ မာပြီးတင်းသွားမှ ရေမြုပ်အောင်ထည့်ပြီး အဖုံးအုပ်ကာ တည်ပေးပါ
  • အိုးထဲမှ ရေဆူလာပြီး ထိုအရည် မခမ်းတစ်ခမ်း အနေအထားရအောင် တည်ပေးပါ
  • ရေအရမ်း မခမ်းခင် မန်ကျည်းမှည့်အရည် ထပ်ထည့်ပြီး အဖုံးအုပ်ကာ ဆက်ချက်ပေးပါ
  • ဆီလည်ရေလည် အရည်လေး ရလာချိန်မှာ ငရုတ်သီးစိမ်းနှင့် နံနံပင်အုပ်ပေးပြီး အရသာမြည်းကာ လိုသလို ပြင်ပေးပြီး မီးပိတ်ပေးပါ
  • ပြီးတာနဲ့ ကပ်ကတစ်ငါးခေါင်း အချဉ်ဆီလည်ရေလည် ဟင်းမွှေးမွှေးလေးကို ထမင်းပူပူလေးနှင့် စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

No comments:

Post a Comment