Friday 30 August 2024

ကပ်ကတစ်ငါး ဗိုက်သားဟင်း



ဒီနေ့တော့ ကပ်ကတစ်ငါးရဲ့ ဗိုက်သားလေးတွေကို ရောင်းနေတာ တွေ့တာနဲ့ ဝယ်လာပြီး ချိုချဉ်ငံစပ် အရသာလေး ရအောင် ဆီလည်ရေလည်လေး ချက်ထားပါတယ်။

အရိုးမပါဘဲ ဗိုက်သားလေးတွေကြီးဘဲမို့လို့ ချက်လိုက်တဲ့အတွက် အရိုးထွင်စရာ မလိုဘဲ စားလို့လဲ အရမ်းကောင်းလွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကပ်ကတစ်ငါး ဗိုက်သား - 400 g
  2. ကြက်သွန်နီ - အနေတော် တစ်ဥ
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  4. ချင်း - လက်တစ်ဆစ်ခန့်
  5. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  7. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  8. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  10. မန်ကျည်းသီးမှည့်အနှစ် - ကွမ်းသီးဆံလုံးလောက် တစ်လုံးစာ (ဟင်းချက်ရန်)
  11. ဆီ - ထမင်းစားဇွန်း ၅ဇွန်း
  12. နံနံပင် - မိမိနှစ်သက်သလောက် ထည့်ပေးပါ
  13. ငရုတ်သီးစိမ်း - မိမိနှစ်သက်သလောက် ထည့်ပေးပါ
  14. ခရမ်းချဉ်သီး - အနေတော် သုံးလုံး

ပြင်ဆင်ပုံ
  • ကပ်ကတစ်ငါး အသားတုံးကို အတုံးလေးတွေ တုံးပေးပါ
  • ငါးအတုံးများကို ရေစင်အောင်ဆေးပြီး ရေစစ်ထားပေးပါ
  • အားလုံးပြီးပါက ငါးကို ငါးငံပြာရည် ထမင်းစားဇွန်းတစ်ဇွန်း နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ အရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်၀က်သာသာတို့နဲ့ နယ်ကာ နာရီဝက်လောက် နှပ်ထားပေးပါ
  • မန်ကျည်းသီးမှည့် အနှစ်ကို အဆင်သင့် ပြင်ထားပေးပါ
  • နံနံပင်ကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး အညှာခြွေထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်နီ ကြက်သွန်ဖြူ နှင့် ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီး အရောင်တင်မှုန့်နှင့်ရောပြီး ညက်နေအောင် ထောင်းပေးပါ
ဟင်းချက်ပုံ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီကို အပူပေးပါ
  • ဆီပူလာတာနဲ့ ထောင်းထားသော ကြက်သွန်များနှင့်ငရုတ်သီးအရောင်တင်မှုန့်ထောင်းထားတာတို့ကို ထည့်ပြီး မွှေးလာအောင် ဆီသတ်ပါ
  • ဆီသတ်နံ့ မွှေးလာပါက ခရမ်းချဉ်သီးကို ထည့်မွှေပေးပြီး ခရမ်းချဉ်သီး အခွံများ လိတ်လာတဲ့အထိ ချက်ပေးပါ
  • ခရမ်းချဉ်သီး အခွံများ လိတ်လာတာနဲ့ အရသာ နယ်ထားသော ငါးကိုထည့်ပြီး ငါးအသား မာလာတဲ့ထိ မမွှေဘဲ အိုးကိုလှုပ်ပြီး ဆီသတ်ပေးပါ
  • ငါးအသား မာလာပါက ရေမြုပ်အောင် ထည့်ပေးပြီး အိုးအဖုံးအုပ်ကာ တည်ပေးပါ
  • ရေပွက်ပွက် ဆူလာပြီး ရေမခမ်းတခမ်း အချိန်မှာ မန်ကျည်းသီးမှည့် အနှစ်ကို ထည့်မွှေပေးပါ
  • ရေဆူပြီး ဆီကျန်ရေကျန် အချိန်မှာ အရသာမြည်းပြီး ချိုချဉ်ငံစပ် အရသာကို လိုသလို ပြင်ပေးကာ ငရုတ်သီးစိမ်းနှင့် နံနံပင်တို့ အုပ်ပေးပါ
  • ငါးဟင်း အရသာ ချိုချဉ်ငံစပ်လေး ရလာတာနဲ့ မီးပိတ်ပေးပြီး ထမင်းပူပူလေးနဲ့ သုံးဆောင်နိုင်ရန် ပြင်ပေးနိူင်ပါပြီ။

No comments:

Post a Comment