Thursday 22 August 2024

ဆိတ်အူကြမ်းသုပ်

 


မာမာဒီနေ့တော့ ဆိတ်အူကြမ်းလေးတွေ ဝယ်လာပြီး မြန်မာပါးစပ်နဲ့ အကြိုက်တွေ့စေမဲ့ ပဲမှုန့်နံ့ သင်းသင်းလေးနဲ့ ချဥ်ချဥ် ငံငံ စပ်စပ်လေး သုပ်ပါတယ်။ 

ဒါကြောင့်မို့လို့ အရမ်းစပ်ပြီး စားလို့အရမ်းကောင်းတဲ့အတွက် မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ အသုပ်သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ဆိတ်အူကြမ်း ပြုပ်ပြီးသား - ဟင်းပြင်ပန်းကန် တစ်လုံးစာ
  2. သံပုရာရည် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  3. ပဲအကျက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  4. ငါးငံပြာရည်  - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. ငရုတ်သီး အလှော်မှုန့် - မိမိနှစ်သက်သလောက်
  7. ဂေါ်ဖီ ‌‌‌ -‌မိမိနှစ်သက်သလောက်
  8. နံနံပင် - မိိမနှစ်သက်သလောက်
  9. ကြက်သွန်နီ - အနေတော် တစ်လုံး
  10. ကြက်သွန်နီ ဆီချက်ဖတ် - ထမင်းစားဇွန်း နှစ်ဇွန်း


အသုပ်သုပ်ရန် ပြင်ဆင်ပုံ

  • ဆိတ်အူကြမ်း ပြုပ်ပြီးသားကို မထူမပါးလေးတွေ လှီးပေးပြီး အဆင်သင့် ပြင်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • နံနံပင်ကို ရေဆေးပြီး မထူမပါး လှီးထားပါ
  • ‌ဂေါ်ဖီ ကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • သံပုရာသီးကို ရေဆေးပြီး အဆင်သင့် ပြင်ထားပါ
  • ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
အသုပ်သုပ်ပုံ
  • ဇလုံတစ်လုံးထဲမှာ ဆိတ်အူကြမ်း ပဲအကျက်မှုန့် ကြက်သွန်နီ ငရုတ်သီး အလှော်မှုန့် ငရုတ်ဆီ နံနံပင်နှင့် ဂေ်ဖီတို့ကို ထည့်ပေးပါ
  • ပြီးတာနဲ့ ငါးငံပြာရည်နှင့် အရသာမှုန့်တို့ထည့်ကာ သံပုရာရည်ညှစ်ပြီး နယ်ပေးပါ
  • အရသာ သမအောင် နယ်ပြီးတာနဲ့ အရသာ မြည်းပေးကာ မိမိနှစ်သက်တဲ့ အရသာ ရလာအောင် ပြင်ပေးပါ
  • အရသာ သမသွားတာနဲ့ အရမ်းစပ်ကာ စားလို့ကောင်းပြီး ပဲအကျက်မှုန့်နံ့ သင်းသင်းလေးနဲ့ ဆိတ်အူကြမ်းသုပ်ကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

No comments:

Post a Comment