Monday 12 August 2024

ဆန်လှော် ငါးခူငဆုတ်

 


ဒီနေ့တော့ ငါးခူလေးတွေ ဝယ်လာပြီး ဆန်လှော်ထောင်းနဲ့ရောကာ  စားလို့ကောင်းအောင် ငရုတ်ဆုံထဲထည့်ပြီး အချက် ၂၀၀၀လောက် စိတ်ရှည်လက်ရှည်နဲ့ ထောင်းထားပါတယ်။

ဗလင်ဒါထဲ ထည့်ပြီးကြိတ်မယ် ဆိုရင်တော့ တစ်မိနစ်ကြိတ် တစ်ခါနားပြီး ၁၀ခါလောက် ကြိတ်ပေးရင် ရပါတယ် ဒါကြောင့်မို့လို့ စားလို့ကောင်းလွန်းတဲ့ ငါးဆုတ်လေး ရမှာဖြစ်တဲ့အတွက် မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ငါးခူ - 500 g
  2. ချင်း - လက်တဆစ်ခန့်
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး လေးမွှာ
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. ဆန်လှော်မှုန့် - ထမင်းစားဇွန်း သုံးဇွန်း
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် (ငါးဖယ်ခြစ်ထဲထည့်ရန်)
  8. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ (ဆီအိုးထဲထည့်ရန် )
  9. ဆီ - လိုသလောက် သုံးပေးပါ
  10. မန်ကျည်းသီးမှည့် - အနည်းငယ် ( ငါးဆေးရန်)
  11. ဆား - ထမင်းစားဇွန်း တစ်ဇွန်း (ငါးဆေးရန်)

ပြင်ဆင်ပုံ
  • ငါးခူကို မလိုတာတွေ ဖယ်ပေးပြီး ဆားနှင့်မကျည်းသီးမှည့်တို့ထည့်ကာ သေသေချာချာ နယ်ပေးကာ ရေစင်အောင် ဆေးပေးပါ
  • ပြီးတာနဲ့ စဉ့်နီတုန်းပေါ်တင်က ညက်နေအောင် စင်းပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
  • ချင်းကိုအခွံခွာပြီး ရေဆေးထားပါ
  • ငရုတ်ဆုံကြီးကြီးထဲမှာ စင်းထားသောငါးခူ ကြက်သွန်ဖြူ ချင်း ဆား ဟင်းချိုမှုန့် နနွင်းမှုန့်တို့ထည့်ပေးပြီး စိတ်ရှည်လက်ရှည် ထောင်းပေးပါ
  • ငရုတ်ဆုံထဲမှာ ထည့်မထောင်းပါက အားလုံကိုရောပြီး ဗလင်ဒါထဲမှာ တစ်မိနစ်ကြိတ်လိုက် တစ်ခါနားလိုက် ၁၀ခါလောက်ထည့်ပြီး ကြိတ်ပေးပါ

ငါးဆုတ်ကြော်ရန်
  • ကြိတ်ပြီးသား ( သို့ ) ထောင်းပြီးသား ငါးခူစင်းကောကို အရင်ဆုံး လက်ကိုဆီစွတ်ပြီး ကိုယ်နှစ်သက်တဲ့ ပုံစံလေးများ ရအောင် ငါးအသားများ ကုန်တဲ့အထိ တစ်လုံးခြင်း ဆုတ်ထားပေးပါ
  • ဒယ်အိုးတစ်လုံးကို အပူပေးပြီး အိုးပူလာမွ ဆီနှင့် နနွင်းမှုန့်ကိုထည့်ပြီး မီးကိုအနည်းငယ် လျှော့ပေးပါ
  • ငါးဆုတ်လုံး မကိုင်ခင် လက်ကိုဆီစွတ်ပြီး ဆုတ်ထားသော ငါးဆုတ်ကို ငါးချက်လောက် ထပ်ပြီးဆုတ်ပြီးမှ ဆီအိုးထဲကို တစ်လုံးချင်းထည့်ပြီး ကြော်ပေးပါ
  • ကြော်​နေစဉ် အကျက်ညီစေရန် ငါးဆုတ်လုံးကို အထက်အောက် လှန်လှန်ပေးပါ
  • ငါးဆုတ်လုံး တစ်ခုလုံး ရွှေဝါရောင်သန်းပါက ဆယ်ပြီး ဆီစစ်ပေးပါ
  • ဆီစစ်သွားတာနဲ့  စားလို့ကောင်းပြီး မွှေးကြိုင်နေတဲ့ ငါးခူ ငဆုတ်လေးတွေ ရပါပြီ။

No comments:

Post a Comment