Monday 19 August 2024

မုံလာဥ အချဉ်တည်နည်း

 










မာမာ ဒီနေ့တော့ မုံလာချဉ်လေး လုပ်ပါတယ် အရမ်းလွယ်ကူတဲ့ လုပ်နည်းဖြစ်ပြီး အချဉ်လဲ မြန်ပါတယ် ရာသီဥတု ပူရင်တော့ သုံးရက်လောက်ဆို ကောင်းကောင်းချဉ်ပြီး ရာသီဥတု အေးရင်တော့ လေးရက်မှ ငါးရက်လောက် ထားပြီးမှ ရပါမယ်။

မုံလာချဉ် ရတဲ့အခါ ထမင်းလုံးလေးတွေ ပါတာကို မကြိုက်တဲ့သူက မုံလာချဉ်ကို အနည်းငယ် ခါပြီးမှ ယူပေးပါ။

ဆန်ဆေးရေနဲ့ ရေမပါဘဲ ထမင်းနဲ့ဆားဘဲ ပါတဲ့အတွက် အချဉ်တည်တာ ရသွားချိန်မှာ ထမင်းစေ့လေးတွေကတော့ ပါပါမယ်။

ငရုတ်သီးနဲ့ ပြန်ကြော်စားရင်တော့ ထမင်းစေ့လေးတွေ မဖယ်ဘဲ ချဉ်ချဉ်ငံငံ စပ်စပ်လေး ကြော်စားလို့ ရပါတယ်။

မာမာကတော့ ဒီနည်းနဲ့ အချဉ်တည်ရတာ အရသာ ပိုကောင်းတယ်လို့ ထင်တဲ့အတွက် မာမာပြင်ဆင်ပြီး လုပ်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. လှီးပြီးသား မုံလာဥ - ဇကာအလတ် တစ်လုံးစာ
  2. ဆား - ထမင်းစားဇွန်း သုံးဇွန်း
  3. ထမင်ကြမ်း - ဟင်းပြင်ပန်းကန်အလတ် တစ်လုံးစာ
  4. ဗူး သို့မဟုတ် ပုလင်းသန့်သန့်
ပြုလုပ်ပုံ
  • မုံလာရွက်များကို အနေတော် ပိုင်းဖြတ်ကာ ရေဆင်အောင်ဆေးပြီး ရေစစ်ထားပါ
  • မုံလာဥကို အခွံခွာပြီး မိမိစိတ်ကြိုက် ပုံစံလေးတွေ လှီးပေးကာ ရေဆေးပြီး ရေစစ်ထားပါ
  • မုံလာဥနှင့် မုံလာရွက်များ ရေစစ်သွားပါက ဇလုံတစ်လုံးထဲမှာ ပါဝင်ပစ္စည်း အားလုံးကို ထည့်ပေးပါ
  • ပြီးတာနဲ့ သမသွားအောင် ခပ်နာနာလေး နယ်ပေးကာ အငံအရသာကို လျှာလေးနဲ့ တို့ကြည့်ပါ
  • အငံအရသာ ပေါ့နေရင် အချဉ်တည်ရတာ အူလည်လည်ဖြစ်ပြီး ပျက်သွားတတ်ပါတယ်
  • အငံအရသာ ခပ်လေးလေး လေးရရင် အချဥ်တည်လို့ ရပါပြီ
  • မိမိ အသုံးပြုမဲ့ ပုလင်းထဲ (သို့) ဗူးထဲကို မုံလာဥများ ဖိသိပ်ပြီး ထည့်ပေးကာ အဖုံးလုံအောင် ပိတ်ပေးပါ
  • အခန်းအပူချိန် အတွင်းမှာ ရာသီဥတု ပူပါက သုံးရက်လောက် ထားပေးပါ
  • ရာသီဥတု အေးရင်တော့ အခန်းအပူချိန်အတိုင်း လေးရက်မှ ငါးရက်လောက် ထားပေးပြီးပါက မုံလာချဥ်ဖတ် ရပါပြီ။

No comments:

Post a Comment