Saturday 31 August 2024

ငါးခေါင်းချဉ်ရည်ဟင်း



မာမာ အရင်ရက်တုန်းက ကပ်ကတစ်ငါး ဝယ်ကိုရင်းက ပါလာတဲ့ ငါးခေါင်းကို ခရမ်းချဉ်သီး အနှစ်များများနဲ့ အချဉ်ဆီလည်ရေလည်လေး ချက်ပါတယ်။

 ထမင်းပူပူလေးနဲ့ အရမ်းကိုဘဲ စားလို့ကောင်းလွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကပ်ကတစ်ငါးခေါင်း - 500 g (အကောင်ကြီးကြီးရဲ့ ငါးခေါင်ကိုးသုံးပါ)
  2. ခရမ်းချဉ်သီး - အလုံးကြီးကြီး လေးလုံး
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  4. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  5. စပါးလင် အရင်းပိုင်း - တစ်လက်မခန့်
  6. ချင်း - လက်တစ်ဆစ်
  7. မန်ကျည်းသီးမှည့် - ထမင်းစားဇွန်း တစ်ဇွန်းသာသာ 
  8. ငရုတ်သီးအရောင်တင်မှုန့် လက်ဖက်ရည်ဇွန်း - တစ်ဇွန်း
  9. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  11. ငါးငံပြာရည် - ထမင်းစားဇွန်း ( ငါးအရသာနယ်ရန်)
  12. ငါးငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်း( ဟင်းအိုးထဲထည့်ရန်)
  13. ဆီ - ထမင်းစားဇွန်း ငါးဇွန်း
  14. နနွင်းမှုန့်. - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ငါးအရသာနယ်ရန်နှင့် ဆီသတ်ရန်)
  15. နံနံပင် - မိမိနှစ်သက်သလောက်
  16. ငရုတ်သီးစိမ်း - နှစ်သက်သလောက်

ငါးအရသာနယ်ရန်
  • ငါးခေါင်းကို အရင်ဆုံး မလိုတာတွေ ဖယ်ပေးကာ ထက်ခြမ်းခြမ်းပေးပါ 
  • ပြီးတော့မှ ရေနှင့် ခြောက်ထပ်လောက် ဆေးပေးပြီး ရေစစ်ထားပါ
  • ကြက်သွန်ဖြူ ကြက်သွန်နီနှင့် ချင်းတို့ကို အခွံခွာပြီး ရေဆေးထားပါ
  • စပါးလင်ကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • ပြီးတာနဲ့ ချင်း စပါးလင် ကြက်သွန်ဖြူ ကြက်သွန်နီတို့ကို ငရုတ်သီး အရောင်တင်မှုန့်နှင့် ညက်နေအောင်ရောပြီး ထောင်းပေးပါ
  • မန်ကျည်းသီးမှည့်ကို ရေတစ်ထပ်ဆေးပြီး ရေနွေးအနည်းငယ်နှင့် စိမ်ထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • နံနံပင်ကို ရေစင်အောင်ဆေးပြီး အနေတော်လေးတွေ ပိုင်းဖြတ်ထားပါ
  • ငရုတ်သီးစိမ်းကို အညှာခြွေပြီး ရေဆေးထားပါ
  • ပြီးတာနဲ့ ဇလုံကျယ်ကျယ်ထဲမှာ ငါးခေါင်း နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက် အချိုမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း  ဆား လက်ဖက်ရည်ဇွန်း တစ်၀က်နှင့် ငါးငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်းသာသာထည့်ပေးကာ အရသာဝင်အောင် နယ်ပေးပါ
ဟင်းချက်ရန်
  • ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီကိုအရင်ဆုံး အပူပေးပါ
  • ဆီပူလာမှ နနွင်းမှုန့်ကို ထည့်ပေးပါ
  • ပြီးတာနဲ့ ထောင်းထားသော ငရုတ်သီးထောင်းကို ထည့်မွှေပေးပါ
  • ငရုတ်သီး ဆီသတ်တာ မွှေးလာပြီး ငရုတ်သီးများ မွလာပါက ခပ်ပါးပါး လှီးထားသော ခရမ်းချဉ်သီးကို ထည့်မွှေပေးပါ
  • ခရမ်းချဉ်သီးများ ကျေပြီးအခွံများ လိတ်လာတဲ့အထိ အိုးအဖုံးအုပ်လိုက် မွှေလိုက် လုပ်ပေးပါ
  • ခရမ်းချဉ်သီး အခွံများ လိတ်လာတာတဲ့ အရသာ နယ်ထားသော ငါးကိုထည့်ပြီး အသာအယာလေး မွှေပေးကာ အဖုံးအုပ်ပေးပါ
  • ယောင်းမနှင့် အရမ်းကြီး ထိုးမွှေပါက ငါးအသားက နူးညံ့လွန်းတဲ့အတွက် ကျေမွကုန်တတ်ပါတယ်
  • အိုးမကပ်စေရန် အိုးကိုကိုင်ပြီး လှုပ်လှုပ်ပေးပါ
  • ငါးအသားလေးတွေ ငရုတ်သီးရောင် တက်လာတာနဲ့ ငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်းထည့်ပြီး အရသာညီအောင် အိုးကိုလှုပ်ပေးပါ
  • ငါးအသားများ မာပြီးတင်းသွားမှ ရေမြုပ်အောင်ထည့်ပြီး အဖုံးအုပ်ကာ တည်ပေးပါ
  • အိုးထဲမှ ရေဆူလာပြီး ထိုအရည် မခမ်းတစ်ခမ်း အနေအထားရအောင် တည်ပေးပါ
  • ရေအရမ်း မခမ်းခင် မန်ကျည်းမှည့်အရည် ထပ်ထည့်ပြီး အဖုံးအုပ်ကာ ဆက်ချက်ပေးပါ
  • ဆီလည်ရေလည် အရည်လေး ရလာချိန်မှာ ငရုတ်သီးစိမ်းနှင့် နံနံပင်အုပ်ပေးပြီး အရသာမြည်းကာ လိုသလို ပြင်ပေးပြီး မီးပိတ်ပေးပါ
  • ပြီးတာနဲ့ ကပ်ကတစ်ငါးခေါင်း အချဉ်ဆီလည်ရေလည် ဟင်းမွှေးမွှေးလေးကို ထမင်းပူပူလေးနှင့် စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

Friday 30 August 2024

ကပ်ကတစ်ငါး ဗိုက်သားဟင်း



ဒီနေ့တော့ ကပ်ကတစ်ငါးရဲ့ ဗိုက်သားလေးတွေကို ရောင်းနေတာ တွေ့တာနဲ့ ဝယ်လာပြီး ချိုချဉ်ငံစပ် အရသာလေး ရအောင် ဆီလည်ရေလည်လေး ချက်ထားပါတယ်။

အရိုးမပါဘဲ ဗိုက်သားလေးတွေကြီးဘဲမို့လို့ ချက်လိုက်တဲ့အတွက် အရိုးထွင်စရာ မလိုဘဲ စားလို့လဲ အရမ်းကောင်းလွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကပ်ကတစ်ငါး ဗိုက်သား - 400 g
  2. ကြက်သွန်နီ - အနေတော် တစ်ဥ
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  4. ချင်း - လက်တစ်ဆစ်ခန့်
  5. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  7. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  8. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  10. မန်ကျည်းသီးမှည့်အနှစ် - ကွမ်းသီးဆံလုံးလောက် တစ်လုံးစာ (ဟင်းချက်ရန်)
  11. ဆီ - ထမင်းစားဇွန်း ၅ဇွန်း
  12. နံနံပင် - မိမိနှစ်သက်သလောက် ထည့်ပေးပါ
  13. ငရုတ်သီးစိမ်း - မိမိနှစ်သက်သလောက် ထည့်ပေးပါ
  14. ခရမ်းချဉ်သီး - အနေတော် သုံးလုံး

ပြင်ဆင်ပုံ
  • ကပ်ကတစ်ငါး အသားတုံးကို အတုံးလေးတွေ တုံးပေးပါ
  • ငါးအတုံးများကို ရေစင်အောင်ဆေးပြီး ရေစစ်ထားပေးပါ
  • အားလုံးပြီးပါက ငါးကို ငါးငံပြာရည် ထမင်းစားဇွန်းတစ်ဇွန်း နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ အရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်၀က်သာသာတို့နဲ့ နယ်ကာ နာရီဝက်လောက် နှပ်ထားပေးပါ
  • မန်ကျည်းသီးမှည့် အနှစ်ကို အဆင်သင့် ပြင်ထားပေးပါ
  • နံနံပင်ကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး အညှာခြွေထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်နီ ကြက်သွန်ဖြူ နှင့် ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီး အရောင်တင်မှုန့်နှင့်ရောပြီး ညက်နေအောင် ထောင်းပေးပါ
ဟင်းချက်ပုံ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီကို အပူပေးပါ
  • ဆီပူလာတာနဲ့ ထောင်းထားသော ကြက်သွန်များနှင့်ငရုတ်သီးအရောင်တင်မှုန့်ထောင်းထားတာတို့ကို ထည့်ပြီး မွှေးလာအောင် ဆီသတ်ပါ
  • ဆီသတ်နံ့ မွှေးလာပါက ခရမ်းချဉ်သီးကို ထည့်မွှေပေးပြီး ခရမ်းချဉ်သီး အခွံများ လိတ်လာတဲ့အထိ ချက်ပေးပါ
  • ခရမ်းချဉ်သီး အခွံများ လိတ်လာတာနဲ့ အရသာ နယ်ထားသော ငါးကိုထည့်ပြီး ငါးအသား မာလာတဲ့ထိ မမွှေဘဲ အိုးကိုလှုပ်ပြီး ဆီသတ်ပေးပါ
  • ငါးအသား မာလာပါက ရေမြုပ်အောင် ထည့်ပေးပြီး အိုးအဖုံးအုပ်ကာ တည်ပေးပါ
  • ရေပွက်ပွက် ဆူလာပြီး ရေမခမ်းတခမ်း အချိန်မှာ မန်ကျည်းသီးမှည့် အနှစ်ကို ထည့်မွှေပေးပါ
  • ရေဆူပြီး ဆီကျန်ရေကျန် အချိန်မှာ အရသာမြည်းပြီး ချိုချဉ်ငံစပ် အရသာကို လိုသလို ပြင်ပေးကာ ငရုတ်သီးစိမ်းနှင့် နံနံပင်တို့ အုပ်ပေးပါ
  • ငါးဟင်း အရသာ ချိုချဉ်ငံစပ်လေး ရလာတာနဲ့ မီးပိတ်ပေးပြီး ထမင်းပူပူလေးနဲ့ သုံးဆောင်နိုင်ရန် ပြင်ပေးနိူင်ပါပြီ။

Thursday 29 August 2024

ကြက်ဥ အာလူးအပျော့ကြော်

 


မာမာ ဒီနေ့တော့ ချက်ရတာ အရမ်းမြန်ပြီး ထမင်းပူပူလေးနဲ့လိုက်ဖက်တဲ့ ကြက်ဥ အာလူးအပျော့ကြော်လေး ကြော်ပါတယ်။ 

အာလူးဆို ဘယ်လိုလုပ်လုပ် နှစ်သက်တာမို့ ဒီကြော်နည်းလေးကလဲ ထမင်းကို မြိန်စေအုံးမှာပါမို့လို့ လွယ်ကူမြန်ဆန်တဲ့ အာလူးအပျော့ ကြော်နည်းလေးကို မျှဝေလိုက်ပါတယ်။

ပါ၀င်ပစ္စည်းများ
  1. အာလူးကြီးကြီး - ၂လုံး
  2. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  3. ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  4. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  5. ကြက်သွန်နီ - အနေတော် တခြမ်း
  6. ကြက်ဥ - တလုံး
  7. ဆီ - ထမင်းစားဇွန်း ၃ဇွန်း
ပြင်ဆင်ပုံ
  • အာလူးကို အခွံခွာပြီး ရှည်ရှည်အမြှောင်းလေးတွေ လှီးကာ ရေဆေးထားပါ
  • အာလူးကို ဆား နနွင်း အချိုမှုန့်တို့နှင့် နယ်ထားပါ
  • ဆီကိုအပူပေးပြီး ပါးပါးလှီထားသော ကြက်သွနီကို နွမ်းအောင် ကြော်ပေးပါ
  • ကြက်သွန်နွမ်းတာနဲ့ အာလူးအရသာနယ်ကို ထည့်ကြော်ပြီး အဖုံးအုပ်ထားပါ
  • ၂မိနစ်လောက်နေရင် တခါမွှေပေးပြီး အာလူးပျော့လာအောင် ဆက်ကြော်ပေးပါ
  • အာလူးပျော့လာတာနဲ့ ကြက်ဥကို ဖောက်ထည့်ပြီး မွှေပေးပါ
  • ကြက်ဥအာလူး သမသွားတာနဲ့ အရသာမြည်းပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  • ပြီးတာနဲ့ အာလူးအပျော့ကြော် ပူပူလေးနဲ့ ထမင်းပူပူလေးကို တွဲဖက်ကာ စားသုံး နိူင်ပါပြီ။

Tuesday 27 August 2024

အာလူးအရည်သောက်ဆမ်း

 


ထမင်းဝိုင်းမှာ အရည်သောက်လေးပါမှ ထမင်းစားလို့ကောင်းပါတယ် ဒါကြောင့်မို့ ဒီနေ့တော့ ငါးဆားနယ်ကြော်ကို ငရုတ်သီးစပ်စပ်နဲ့ကြော်ပြီး ငါးဆားနယ်ကြော်နဲ့ လိုက်ဖက်လွန်းတဲ့ အာလူးအရည်သောက် ကြော်ချက်လေး တစ်မယ်ချက်လိုက်ပါတယ်။

စားချင့်စဖွယ် စားမြိန်အရည်သောက် ဟင်းလေးမို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချက်နည်းလေးကို မျှဝေလိုက်ပါတယ်။

ပါ၀င်ပစ္စည်းများ
  1. အာလူး - အနေတော် လေးလုံး
  2. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  3. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  4. ကြက်ဥ - တစ်လုံး
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
  7. ဆီ - ထမင်းစားဇွန်း တစ်ဇွန်း
  8. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
ပြင်ဆင်ပုံ
  • အာလူးကို အခွံခွာပြီး ရေစင်အောင်ဆေးကာ ပုံပါအတိုင်း လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ မထူမပါးလေးတွေ လှီးထားပါ
  • အိုးတစ်လုံးထဲမှာ အာလူး နနွင်းမှုန့် ဆား ဆီ အရသာမှုန့် ကြက်သွန်ဖြူ ကြက်သွန်နီ နှင့်ရေအနည်းငယ်တို့ကိုထည့်ကာ သမအောင် နယ်ပေးပါ
  • ပြီးတာနဲ့ မီးဖိုပေါ်တင်ပြီး ဟင်းလုံးမိအောင် တည်ပေးပါ
  • ရေပွက်ပွက် ဆူလာပြီး သုံးမိနစ်လောက် နေတာနဲ့ အထက်အောက် သမအောင်မွှေကာ ရေအနည်းငယ် ထပ်ထည့်ပြီး ၃မိနစ်လောက် အဖုံးအုပ်ပြီး တည်ထားပါ
  • ပြီးတာနဲ့ ရေ တရုတ်ဟင်းရည်သောက် ပန်းကန်တစ်လုံးခွဲစာ ထည့်ပြီး ဆူအောင်တည်ပါ
  • ဟင်းရည်ဆူလာပြီး အာလူးများ နူးလာပါက အရသာမြည်းပြီး လိုသလိုပြင်ပေးပါ
  • ဟင်းရည်အိုး ပွက်ပွက်ဆူနေတုန်းမှာ ကြကဥကို ဖောက်ထည့်ပြီး မွှေပေးပါ
  • ကြက်ဥများ ကျက်တာနဲ့ အာလူးအရည်သောက် ဟင်းပွဲကို ပြင်ပေးနိူင်ပါပြီ။

Monday 26 August 2024

သခွားသီးသုပ်


ဒီနေ့တော့ မာမာ သခွားသီးသုပ် စားချင်တာနဲ့ ပုဇွန်ခြောက် အကောင်လေးတွေကို မညက်တညက် ထောင်းပေးကာ ခပ်စပ်စပ်လေး သုပ်ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ ချဉ်ငံစပ် သခွားသီးသုပ် သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. သခွားသီး အလုံးကြီးကြီး - တစ်လုံး (တစ်ကီလိုခွဲခန့်)
  2. ကြက်သွန်နီ - အနေတော် တစ်လုံး
  3. နံနံပင် - နှစ်သက်သလောက်
  4. ပုဇွန်ခြောက် - ၁၅ကောင်ခန့်
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. ငရုတ်သီးစိမ်း - မိမိစားနိူင်သလောက်ထည့်ပါ
  7. ကြက်သွန်ဖြူ - အမွှာကြီးကြီး ဆယ်မွှာ
  8. ငရုတ်သီး အလှော်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  9. သံပုရာသီး - တစ်လုံး
ပြင်ဆင်ပုံ
  • သခွားသီးကို အခွံခွာပြီး အစေ့များ မပါအောင် အပြင်ဖက်မှစပြီး သခွားခြစ်နှင့် ခြစ်ထားပါ
  • အထဲမှ အစေ့များ ပေါ်လာပါက ဆက်မခြစ်တော့ဘဲ ပြစ်လိုက်ပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • နံနံပင်ကို ရေဆေးကာ အနေတော် လှီးထားပါ
  • သံပုရာသီးကို ရေဆေးပြီး အစိတ်လေးတွေ စိတ်ထားပါ
  • ပုဇွန်ခြောက်ကို ရေနာရီဝက်လောက် စိမ်ပေးကာ မညက်တစ်ညက် ထောင်းပေးပြီး အဆင်သင့် ပြင်ထားပါ
  • ကြက်သွန်ဖြူကို မီးကင်ပြီး အခွံခွာကာ ရေဆေးထားပါ
  • ငရုတ်သီးစိမ်းကို အညှာခြွေပြီး ရေဆေးကာ မီးကင်ထားပါ
  • ပြီးတာနဲ့ ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်းတို့ကို မညက်တညက် အနေအထားရအောင် ထောင်းပေးပါ
သခွားသီးသုပ်ပုံ
  • ဇလုံကြီးကြီးထဲမှာ ခြစ်ထားသော သခွားသီး သံပုရာရည် ကြက်သွန်နီ နံနံပင် ပုဇွန်ခြောက်ထောင်းနှင့် ငရုတ်သီး စိမ်းထောင်း တို့တို သင့်သလို ထည့်ပေးပြီး အရသာ မျှတအောင် နယ်ပေးပါ
  • သခွားသီးသုပ် အရသာနယ်ပြီးတာနဲ့ အရသာ မြည်းပေးပြီး မိမိလိုအပ်တဲ့ အရသာ ရလာအောင် ပြင်ပေးပါ
  • ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းသလို ဒီအတိုင်း စားရင်လဲ အရမ်းကောင်းလွန်းတဲ့ သခွားသီးသုပ် ချဉ်ငံစပ်လေးကို သုံးဆောင်နိူင်ပါပြီ။

Saturday 24 August 2024

ငါးခေါင်းရေချိုဟင်း

 



မာမာဒီနေ့တော့ ကပ်ကတစ် ငါးခေါင်းခပ်ကြီးကြီး နှစ်ခုကို ဝယ်လာပြီး ငါးခေါင်းသောက်ဆမ်း ရေချိုဟင်းလေး ချက်ဖြစ်ပါတယ် အရည်သောက်ဆမ်းဟင်း ဖြစ်တဲ့အတွက် မာမာက ဆီမထည့်ဘဲ ချက်ထားပါတယ်။

ထမင်းစားလို့ မြိန်စေတဲ့ ဟင်းတစ်မယ် ဖြစ်တဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ငါးခေါင်းရေချို သောက်ဆမ်း ဟင်းချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကပ်ကတစ်ငါးခေါင်း - တစ်ကောင် (တစ်ကီလိုခန့်)
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  3. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး လေးမွှာ
  5. ချင်း - လက်တစ်ဆစ်ခန့်
  6. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  8. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (ငါးအရသာနယ်ရန်)
  10. ဆီ - ထမင်းစားဇွန်း သုံးဇွန်း (ဆီသတ်ရန်)
  11. နံနံပင် - မိမိနှစ်သက်သလောက် ထည့်ပေးပါ
  12. ရေ - ယောက်ချိုဇွန်း လေးဇွန်း
  13. ဆား - ထမင်းစားဇွန်းတစ်ဇွန်း (ငါးခေါင်းဆေးရန်)
  14. မန်ကျည်းသီးမှည့် - ထမင်းစားဇွန်း နှစ်ဇွန်းစာ ( ငါးခေါင်းဆေးရန်)
  15. သံပုရာသီး - တစ်လုံး (ငါးခေါင်းဆေးရန်)
ပြင်ဆင်ပုံ
  • ငါးခေါင်းများကို အကြေးခွံနှင့် မလိုတာတွေ ဖယ်ပေးပြီး မန်ကျည်းသီးမှည့် ဆား သံပုရာရည်တို့ထည့်ကာ အညှီနံ့နဲ့ အချွဲများကုန်အောင် နယ်ဖတ်ပြီး သန့်စင်ကာ ရေဆေးပေးပြီး ရေစစ်ပေးပါ
  • ရေစစ်သွားတာနဲ့ အနေတော် အတုံးလေးတွေတုံးကာ ငါးငံပြာရည် ဆား နနွင်းမှုန့် အရသာမှုန့်တို့နဲ့ နယ်ပေးကာ နာရီဝက်လောက် နှပ်ထားပေးပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
  • ကြက်သွန်ဖြူကို အခွံခွါပြီး ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
  • ချင်းကိုအခွံခွါပြီး ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
  • နံနံပင်ကို ရေဆေးပြီး အနေတော် ပိုင်းဖြတ်ထားပါ
  • ဆီ ငရုတ်သီး အရောင်တင်မှုန့်နှင့် နနွင်းမှုန့်တို့ကိုအဆင်သင့် ပြင်ထားပါ
ဟင်းချက်ရန်
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲမှာ ဆီနှင့် နနွင်းမှုန့်ထည့်ပြီး  အပူပေးပါ
  • ဆီ ဆူလာတာနဲ့  ကြက်သွန်ဖြူ ချင်း ကြက်သွန်များနှင့် ငရုတ်သီးအရောင်တင်မှုန့်တို့ကို ထည့်ပေးကာ မွှေးလာသည်အထိ ကြော်ပေးပါ 
  • ပြီးတာနဲ့ အရသာ နယ်ထားသော ငါးများကို ထည့်မွှေပေးပါ
  • ငါးခေါင်းရဲ့ အသားများ မာလာပါက အရသာမြည်းပြီး လိုအပ်သော အရသာများကို  ထည့်ပေးပါ
  • ရေပွက်ပွက် ဆူလာပါက ငါးခေါင်း အရည်သောက်ဆမ်းဟင်း ဖြစ်တဲ့အတွက် ၁၅မိနစ်လောက် ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ပြီးတာနဲ့  မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  • အရသာ ပြင်ပြီးတာနဲ့  နံနံပင် အုပ်ပေးပါ
  • အရည်သောက်ဆမ်းဟင်း ဖြစ်တဲ့အတွက် ရေကိုတော့ မိမိနှစ်သက်သလောက် အနေအထားမှာ လိုတိုးပိုလျှော့ လုပ်ပေးနိူင်ပါတယ်
  • ငါးခေါင်း အရည်သောက်ဆမ်း ရေချိုဟင်း ရလာတာနဲ့ မီးပိတ်ပေးပြီး ထမင်းပူပူလေးနဲ့ သုံးဆောင်နိုင်ရန် ပြင်ပေးနိူင်ပါပြီ။

Friday 23 August 2024

ကပ်ကတစ်ငါး ဆီပြန်ဟင်း

 


မာမာ အရင်ရက်တုန်းက ကပ်ကတစ်ငါးကို ခရမ်းချဉ်သီး အနှစ်များများနဲ့ အချဉ်ဆီလည်ရေလည်လေး ချက်ပါတယ် ထမင်းပူပူလေးနဲ့ အရမ်းကိုဘဲ စားလို့ကောင်းလွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကပ်ကတစ်ငါး - 500 gm (အကောင်ကြီးကြီးကိုသုံးပါ)
  2. ခရမ်းချဉ်သီး - အလုံးကြီးကြီး လေးလုံး
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  4. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  5. စပါးလင် အရင်းပိုင်း - တစ်လက်မခန့်
  6. ချင်း - လက်တစ်ဆစ်
  7. မန်ကျည်းသီးမှည့် - ထမင်းစားဇွန်း တစ်ဇွန်းသာသာ 
  8. ငရုတ်သီးအရောင်တင်မှုန့် လက်ဖက်ရည်ဇွန်း - တစ်ဇွန်း
  9. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  11. ငါးငံပြာရည် - ထမင်းစားဇွန်း ( ငါးအရသာနယ်ရန်)
  12. ငါးငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်း( ဟင်းအိုးထဲထည့်ရန်)
  13. ဆီ - ထမင်းစားဇွန်း ငါးဇွန်း
  14. နနွင်းမှုန့်. - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ငါးအရသာနယ်ရန်နှင့် ဆီသတ်ရန်)
  15. နံနံပင် - မိမိနှစ်သက်သလောက်

ငါးအရသာနယ်ရန်
  • ငါးကိုအရင်ဆုံး ငါးရဲ့အမြှီး ဆူးတောင်များနှင့် ခေါင်းတို့ကို ဖယ်ပေးပါ 
  • ပြီးတာနဲ့ ဗိုက်ထဲမှ မလိုတာတွေ ထုတ်ပေးပါ
  • ပြီးတော့မှ အကောင်လိုက်ကို ရေနှင့် ခြောက်ထပ်လောက် ဆေးပေးပါ
  • ငါးကို ရေဆေးပြီးတာနဲ့ ငါးကိုအသားလွှာကာ အနေတော် အတုံးလေးတွေ တုံးပေးပါ
  • ငါးတစ်ကောင်လုံး ခုတ်ပြီးတာနဲ့ ရေနှစ်ထပ်လောက် ဆေးပေးပြီး ရေစစ်ထားပါ
  • ကြက်သွန်ဖြူ ကြက်သွန်နီနှင့် ချင်းတို့ကို အခွံခွာပြီး ရေဆေးထားပါ
  • စပါးလင်ကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • ပြီးတာနဲ့ ချင်း စပါးလင် ကြက်သွန်ဖြူ ကြက်သွန်နီတို့ကို ငရုတ်သီး အရောင်တင်မှုန့်နှင့် ညက်နေအောင်ရောပြီး ထောင်းပေးပါ
  • မန်ကျည်းသီးမှည့်ကို ရေတစ်ထပ်ဆေးပြီး ရေနွေးအနည်းငယ်နှင့် စိမ်ထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • နံနံပင်ကို ရေစင်အောင်ဆေးပြီး အနေတော်လေးတွေ ပိုင်းဖြတ်ထားပါ
  • ပြီးတာနဲ့ ဇလုံကျယ်ကျယ်ထဲမှာ ငါးရံ့တုံးများ နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက် အချိုမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း  ဆား လက်ဖက်ရည်ဇွန်း တစ်၀က်နှင့် ငါးငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်းသာသာထည့်ပေးကာ အရသာဝင်အောင် နယ်ပေးပါ
ဟင်းချက်ရန်
  • ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီကိုအရင်ဆုံး အပူပေးပါ
  • ဆီပူလာမှ နနွင်းမှုန့်ကို ထည့်ပေးပါ
  • ပြီးတာနဲ့ ထောင်းထားသော ငရုတ်သီးထောင်းကို ထည့်မွှေပေးပါ
  • ငရုတ်သီး ဆီသတ်တာ မွှေးလာပြီး ငရုတ်သီးများ မွလာပါက ခပ်ပါးပါး လှီးထားသော ခရမ်းချဉ်သီးကို ထည့်မွှေပေးပါ
  • ခရမ်းချဉ်သီးများ ကျေပြီးအခွံများ လိတ်လာတဲ့အထိ အိုးအဖုံးအုပ်လိုက် မွှေလိုက် လုပ်ပေးပါ
  • ခရမ်းချဉ်သီး အခွံများ လိတ်လာတာတဲ့ အရသာ နယ်ထားသော ငါးကိုထည့်ပြီး အသာအယာလေး မွှေပေးကာ အဖုံးအုပ်ပေးပါ
  • ယောင်းမနှင့် အရမ်းကြီး ထိုးမွှေပါက ငါးအသားက နူးညံ့လွန်းတဲ့အတွက် ကျေမွကုန်တတ်ပါတယ်
  • အိုးမကပ်စေရန် အိုးကိုကိုင်ပြီး လှုပ်လှုပ်ပေးပါ
  • ငါးအသားလေးတွေ ငရုတ်သီးရောင် တက်လာတာနဲ့ ငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်းထည့်ပြီး အရသာညီအောင် အိုးကိုလှုပ်ပေးပါ
  • ငါးအသားများ မာပြီးတင်းသွားမှ ရေမြုပ်အောင်ထည့်ပြီး အဖုံးအုပ်ကာ တည်ပေးပါ
  • အိုးထဲမှ ရေဆူလာပြီး ထိုအရည် မခမ်းတစ်ခမ်း အနေအထားရအောင် တည်ပေးပါ
  • ရေအရမ်း မခမ်းခင် မန်ကျည်းမှည့်အရည် ထပ်ထည့်ပြီး အဖုံးအုပ်ကာ ဆက်ချက်ပေးပါ
  • ဆီလည်ရေလည် အရည်လေး ရလာချိန်မှာ နံနံပင်အုပ်ပေးပြီး အရသာမြည်းကာ လိုသလို ပြင်ပေးပြီး မီးပိတ်ပေးပါ
  • ပြီးတာနဲ့ ကပ်ကတစ်ငါး အချဉ်ဆီလည်ရေလည် ဟင်းမွှေးမွှေးလေးကို ထမင်းပူပူလေးနှင့် စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

Thursday 22 August 2024

ဆိတ်အူကြမ်းသုပ်

 


မာမာဒီနေ့တော့ ဆိတ်အူကြမ်းလေးတွေ ဝယ်လာပြီး မြန်မာပါးစပ်နဲ့ အကြိုက်တွေ့စေမဲ့ ပဲမှုန့်နံ့ သင်းသင်းလေးနဲ့ ချဥ်ချဥ် ငံငံ စပ်စပ်လေး သုပ်ပါတယ်။ 

ဒါကြောင့်မို့လို့ အရမ်းစပ်ပြီး စားလို့အရမ်းကောင်းတဲ့အတွက် မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ အသုပ်သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ဆိတ်အူကြမ်း ပြုပ်ပြီးသား - ဟင်းပြင်ပန်းကန် တစ်လုံးစာ
  2. သံပုရာရည် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  3. ပဲအကျက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  4. ငါးငံပြာရည်  - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. ငရုတ်သီး အလှော်မှုန့် - မိမိနှစ်သက်သလောက်
  7. ဂေါ်ဖီ ‌‌‌ -‌မိမိနှစ်သက်သလောက်
  8. နံနံပင် - မိိမနှစ်သက်သလောက်
  9. ကြက်သွန်နီ - အနေတော် တစ်လုံး
  10. ကြက်သွန်နီ ဆီချက်ဖတ် - ထမင်းစားဇွန်း နှစ်ဇွန်း


အသုပ်သုပ်ရန် ပြင်ဆင်ပုံ

  • ဆိတ်အူကြမ်း ပြုပ်ပြီးသားကို မထူမပါးလေးတွေ လှီးပေးပြီး အဆင်သင့် ပြင်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • နံနံပင်ကို ရေဆေးပြီး မထူမပါး လှီးထားပါ
  • ‌ဂေါ်ဖီ ကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • သံပုရာသီးကို ရေဆေးပြီး အဆင်သင့် ပြင်ထားပါ
  • ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
အသုပ်သုပ်ပုံ
  • ဇလုံတစ်လုံးထဲမှာ ဆိတ်အူကြမ်း ပဲအကျက်မှုန့် ကြက်သွန်နီ ငရုတ်သီး အလှော်မှုန့် ငရုတ်ဆီ နံနံပင်နှင့် ဂေ်ဖီတို့ကို ထည့်ပေးပါ
  • ပြီးတာနဲ့ ငါးငံပြာရည်နှင့် အရသာမှုန့်တို့ထည့်ကာ သံပုရာရည်ညှစ်ပြီး နယ်ပေးပါ
  • အရသာ သမအောင် နယ်ပြီးတာနဲ့ အရသာ မြည်းပေးကာ မိမိနှစ်သက်တဲ့ အရသာ ရလာအောင် ပြင်ပေးပါ
  • အရသာ သမသွားတာနဲ့ အရမ်းစပ်ကာ စားလို့ကောင်းပြီး ပဲအကျက်မှုန့်နံ့ သင်းသင်းလေးနဲ့ ဆိတ်အူကြမ်းသုပ်ကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

Wednesday 21 August 2024

ကန်စွန်းဥ ခေါက်ဆွဲကြော်

 


ဒီတစ်ခါတော့ ဝါတွင်းကာလ သတ်သတ်လွတ် စားလို့ရလေအောင် ကန်စွန်းဥ ခေါက်ဆွဲကို ကြက်ဥနဲ့ ခပ်ချိုချိုလေး ကြော်စားဖြစ်ပါတယ် အရသာ အချိုအစိမ့်လေးရပြီး စားလို့ကောင်း တဲ့အတွက် ကြော်စားချင်တဲ့သူတွေ ကြော်စားနိူင်အောင် မာမာကြော်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ကန်စွန်းဥခေါက်ဆွဲ - 350 g
  2. ဂေါ်ဖီ ‌‌‌ - မိမိနှစ်သက်သလောက်
  3. မုံလာဥနီ - အနေတော် တစ်ဥ
  4. ကြက်သွန်မိတ် - အနည်းငယ်
  5. ကြက်ဥ - တစ်လုံး
  6. ကြက်သွန်ဖြူ  - အမွှာကြီးကြီး သုံးမွှာ
  7. ပဲငံပြာရည် အပျစ် - ထမင်းစားဇွန်း တစ်ဇွန်း
  8. ပဲငံပြာရည် အကျဲ - ထမင်းစားဇွန်း တစ်ဇွန်း
  9. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. ဆီ - ထမင်းစားဇွန်း ရှစ်ဇွန်းခန့်

ပြင်ဆင်ချက်ပြုပ်ပုံ
  • tအိုးထဲမှာ ရေခပ်များများနှင့် ခေါက်ဆွဲကိုထည့်ကာ ခေါက်ဆွဲနူးတဲ့အထိ ပြုပ်ပေးပါ
  • ခေါက်ဆွဲနူးတာနဲ့ ဇကာထဲ သွန်ချကာ ရေအေးနှင့် ဆေးကာ ရေစစ်ထားပါ
  • ပြီးတာနဲ့ ဇလုံတစ်လုံးထဲထည့်ကာ ဆား ပဲငံပြာရည်အပျစ်တို့နဲ့ နယ်ပေးထားပါ
  • ဂေါ်ဖီ ‌‌ကို ရေဆေးကာ မထူမပါးလေးတွေရအောင် လှီးထားပါ
  • မုံလာဥနီကို အခွံခွာပြီး ရေဆေးပြီး မိမိနှစ်သက်သလို လှီးထားပါ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး အနေတော် ပိုင်းဖြတ်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • အောက်ခြေမကပ်သော ဒယ်အိုးကို အပူပေးပါ အိုးပူလာပါက ဆီထည့်ပေးပါ
  • ဆီပူလာတာနဲ့ ကြက်သွန်ဖြူ ကို အရင်ထည့်ကြော်ပါ
  • ကြက်သွန်ဖြူ  အနံ့လေး မွှေးလာတာနဲ့ဂေါ်ဖီ  နှင့် မုံလာဥနီတို့ကို နှစ်မိနစ်လောက် ထည့်ကြော်ပေးပါ
  • ပြီးတာနဲ့ ပဲငံပြာရည်အကျဲတို့ကို ထည့်ကြော်ပေးပါ
  • အသီးအရွက်များ အရမ်းနူးမသွားစေရန် နှစ်မိနစ်လောက် ကြော်ပြီးတာနဲ့ အရသာ နယ်ထားသော ခေါက်ဆွဲကို ထည့်ကြော်ပါ
  • အသီးအရွက်များနှင့် သမသွားအောင် မွှေပေးပြီး တစ်မိနစ်လောက် မွှေပြီးတာနဲ့  အရသာမြည်းပေးပြီး လိုသလို ပြင်ပေးပါ
  • ပြီးတာနဲ့ ခေါက်ဆွဲကြော်ကို ဘေးဖက်မှာ ခနတွန်းထားပြီး ကြက်ဥကို ဖောက်ထည့်ပြီး မွှေပေးပါ
  • ကြက်ဥ ကျက်တာနဲ့ ကြက်သွန်မိတ်နှင့် ခေါက်ဆွဲကြော်ကို ရောမွှေပေးပါ
  • အားလုံးသမသွားတာနဲ့ သတ်သတ်လွတ် ကန်စွန်းဥ ခေါက်ဆွဲကြော် ချိုစိမ့်စိမ့်လေးကို သုံးဆောင်နိူင်ပါပြီ။

Tuesday 20 August 2024

ပဲပြား ဂေါ်ဖီကြော်

 

မာမာ ဒီနေ့တော့ ဝါတွင်းကာလ သတ်သတ်လွတ် စားလို့ရလေအောင် ‌ဂေါ်ဖီ နဲ့ပဲပြားကို သတ်သတ်လွတ်လေး ကြော်ပါတယ်။ ကြော်ရတာတော့ အရမ်းမြန်ပြီး စားလို့လဲ အရမ်းကောင်းပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

 ပါ၀င်ပစ္စည်းများ
  1. ‌ဂေါ် ဖီ လှီးပြီးသား - ဟင်းပြင်ပန်းကန်အလတ်တစ်လုံံးစာ
  2. ကြော်ပြီးသား ပဲပြား - ခပ်သေးသေး ငါးတုံး
  3. ကြက်သွန်နီ - အနေတော် တစ်ဥ
  4. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  6. ဆီ - ထမင်းစားဇွန်း လေးဇွန်းခန့်
  7. နနွင်းမှုန့်. - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
ပြင်ဆင်ပုံ
  • ဂေါ်ဖီ ပုံပါအတိုင်း မထူမပါး ခပ်ရှည်ရှည်လေးတွေ လှီးပေးကာ ရေဆေးထားပါ
  • ကြော်ပြီးသား ပဲပြားကို မထူမပါးလေးတွေ လှီးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
  • အောက်ခြေမကပ်သော အိုးကိုအပူပေးပြီး ဆီနှင့်နနွင့်မှုန့်ကိုထည့်ပါ
  • ဆီပူလာပါက ကြက်သွန်နီကို ထည့်ပြီး မွှေးလာအောင် ကြော်ပေးပါ
  • ကြက်သွန်ကြော်နံ့ မွှေးလာတာနဲ့ ဂေါ် ဖီကို ထည့်ပေးကာ  ကြော်ပေးပါ
  • အားလုံး သမသွားတာနဲ့ ဆားနှင့် အရသာမှုန့် တို့ကိုထည့်ပြီး သုံးမိနစ်လောက် ကြော်ပေးပါ
  • အားလုံး အရသာ သမသွားပြီ ဆိုတာနဲ့ ပဲပြားကို ထည့်ကြော်ပေးပါ
  • ပြီးတာနဲ့ အရသာမြည်းပြီး မိမိစိတ်ကြိုက် အရသာကို လိုသလို ပြင်ပေးပြီးပါက သတ်သတ်လွတ် ဂေါ် ဖီကြေ် မွှေးမွှေး စိမ့်စိမ့်လေး ရပါပြီ။

Monday 19 August 2024

မုံလာဥ အချဉ်တည်နည်း

 










မာမာ ဒီနေ့တော့ မုံလာချဉ်လေး လုပ်ပါတယ် အရမ်းလွယ်ကူတဲ့ လုပ်နည်းဖြစ်ပြီး အချဉ်လဲ မြန်ပါတယ် ရာသီဥတု ပူရင်တော့ သုံးရက်လောက်ဆို ကောင်းကောင်းချဉ်ပြီး ရာသီဥတု အေးရင်တော့ လေးရက်မှ ငါးရက်လောက် ထားပြီးမှ ရပါမယ်။

မုံလာချဉ် ရတဲ့အခါ ထမင်းလုံးလေးတွေ ပါတာကို မကြိုက်တဲ့သူက မုံလာချဉ်ကို အနည်းငယ် ခါပြီးမှ ယူပေးပါ။

ဆန်ဆေးရေနဲ့ ရေမပါဘဲ ထမင်းနဲ့ဆားဘဲ ပါတဲ့အတွက် အချဉ်တည်တာ ရသွားချိန်မှာ ထမင်းစေ့လေးတွေကတော့ ပါပါမယ်။

ငရုတ်သီးနဲ့ ပြန်ကြော်စားရင်တော့ ထမင်းစေ့လေးတွေ မဖယ်ဘဲ ချဉ်ချဉ်ငံငံ စပ်စပ်လေး ကြော်စားလို့ ရပါတယ်။

မာမာကတော့ ဒီနည်းနဲ့ အချဉ်တည်ရတာ အရသာ ပိုကောင်းတယ်လို့ ထင်တဲ့အတွက် မာမာပြင်ဆင်ပြီး လုပ်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. လှီးပြီးသား မုံလာဥ - ဇကာအလတ် တစ်လုံးစာ
  2. ဆား - ထမင်းစားဇွန်း သုံးဇွန်း
  3. ထမင်ကြမ်း - ဟင်းပြင်ပန်းကန်အလတ် တစ်လုံးစာ
  4. ဗူး သို့မဟုတ် ပုလင်းသန့်သန့်
ပြုလုပ်ပုံ
  • မုံလာရွက်များကို အနေတော် ပိုင်းဖြတ်ကာ ရေဆင်အောင်ဆေးပြီး ရေစစ်ထားပါ
  • မုံလာဥကို အခွံခွာပြီး မိမိစိတ်ကြိုက် ပုံစံလေးတွေ လှီးပေးကာ ရေဆေးပြီး ရေစစ်ထားပါ
  • မုံလာဥနှင့် မုံလာရွက်များ ရေစစ်သွားပါက ဇလုံတစ်လုံးထဲမှာ ပါဝင်ပစ္စည်း အားလုံးကို ထည့်ပေးပါ
  • ပြီးတာနဲ့ သမသွားအောင် ခပ်နာနာလေး နယ်ပေးကာ အငံအရသာကို လျှာလေးနဲ့ တို့ကြည့်ပါ
  • အငံအရသာ ပေါ့နေရင် အချဉ်တည်ရတာ အူလည်လည်ဖြစ်ပြီး ပျက်သွားတတ်ပါတယ်
  • အငံအရသာ ခပ်လေးလေး လေးရရင် အချဥ်တည်လို့ ရပါပြီ
  • မိမိ အသုံးပြုမဲ့ ပုလင်းထဲ (သို့) ဗူးထဲကို မုံလာဥများ ဖိသိပ်ပြီး ထည့်ပေးကာ အဖုံးလုံအောင် ပိတ်ပေးပါ
  • အခန်းအပူချိန် အတွင်းမှာ ရာသီဥတု ပူပါက သုံးရက်လောက် ထားပေးပါ
  • ရာသီဥတု အေးရင်တော့ အခန်းအပူချိန်အတိုင်း လေးရက်မှ ငါးရက်လောက် ထားပေးပြီးပါက မုံလာချဥ်ဖတ် ရပါပြီ။

Sunday 18 August 2024

မှိုကြော်ချက်

 


ဒီနေ့တော့ မှိုလေးတွေကို အရည်သောက်ဆမ်း ကြော်ချက်လေး ချက်ပါတယ်။ ဝါတွင်းကာလ ဖြစ်တဲ့အတွက် သတ်သတ်လွတ်လေး စားမယ်ဆိုရင်လဲ အဆင်ပြေတဲ့ ဟင်းတမယ် ဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. မှို - 500 g
  2. ကြက်သွန်ဖြူ  - အမွှာကြီးကြီး နှစ်မွှာ
  3. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  5. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  6. ဆီ - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ

ပြင်ဆင်ပုံ
  • မှိုများကို ရေဆေးပြီး အနေတော်လေးတွေ ဖဲ့ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ဇောက်နက်သော အနေတော် အိုးတစ်လုံးထဲမှာပု ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ နနွင်းမှုန့် ထည့်ပေးကာ ကြက်သွန်အဖြူ နှင့် ကြက်သွန်နီကိုထည့်ပြီး ကြော်ပေးပါ
  • ကြက်သွန်များ နွမ်းသွားတာနဲ့ မှိုများကို ထည့်ကြော်ပေးပါ
  • ပြီးတာနဲ့ ဆားနှင့် အချိုမှုန့် တို့ကိုထည့်ပေးကာ ကြော်ပေးပါ
  • အရသာ သမသွားတာနဲ့ မိမိနှစ်သက်သလောက် ရေထည့်ပြီး တည်ပေးပါ
  • ဟင်းရည်အိုး ပွက်ပွက်ဆူလာတာနဲ့ ငရုတ်ကောင်းမှုန့် ထည့်ပြီး မွှေပေးပါ
  • ပြီးတာနဲ့ အရသာမြည်းပြီး လိုသလိုပြင်ကာ မီးပိတ်ပေးပြီး အိုးကိုမီးဖိုပေါ်က ဖယ်ထားပြီး သုံးဆောင်နိူင်ပါပြီ။

Saturday 17 August 2024

မျှစ် ကြက်ဥမွှေကြော်

 


မာမာ ဒီနေ့တော့ လှီးပြီးသား မျှစ်ပြုပ်လေးတွေကို ကြက်ဥထည့်ပြီး ကြော်ပါတယ်။ ကြော်ရတာတော့ အရမ်းမြန်ပြီး စားလို့လဲ အရမ်းကောင်းပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

 ပါ၀င်ပစ္စည်းများ
  1. မျှစ် - မိမိနှစ်သက်သလောက် ထည့်ပေးပါ
  2. ကြက်ဥ - တစ်လုံး
  3. ကြက်သွန်နီ - အနေတော် တစ်ဥ
  4. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  6. ဆီ - ထမင်းစားဇွန်း ငါးဇွန်းခန့်
  7. နနွင်းမှုန့်. - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
ပြင်ဆင်ပုံ
  • မျှစ်ကိုနူးအောင် ပြုပ်ပေးပြီး အမျှင်လေးတွေ ရလာအောင် ခြစ်ပေးထားပါ
  • မာမာကတော့ ခြစ်ပြီသား မျှစ်လေးတွေကို သုံးထားပါတယ်
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
  • အောက်ခြေမကပ်သော အိုးကိုအပူပေးပြီး ဆီနှင့်နနွင့်မှုန့်ကိုထည့်ပါ
  • ဆီပူလာပါက ကြက်သွန်နီကို ထည့်ပြီး မွှေးလာအောင် ကြော်ပေးပါ
  • ကြက်သွန်ကြော်နံ့ မွှေးလာတာနဲ့ မျှစ်များကို ထည့်ပေးကာ  ကြော်ပေးပါ
  • အားလုံး သမသွားတာနဲ့ ဆားနှင့် အရသာမှုန့် တို့ကိုထည့်ပြီး လေးမိနစ်လောက် ကြော်ပေးပါ
  • အားလုံး အရသာ သမသွားပြီ ဆိုတာနဲ့ ကြက်ဥကို ဖောက်ထည့်ပြီး မွှေပေးပါ
  • ကြက်ဥကျက်တာနဲ့ အရသာမြည်းပြီး မိမိစိတ်ကြိုက် အရသာကို လိုသလို ပြင်ပေးပြီးပါက မျှစ် ကြက်ဥမွှေကြော် မွှေးမွှေး စိမ့်စိမ့်လေး ရပါပြီ။

Friday 16 August 2024

သတ်သတ်လွတ် ဘူးသီးကြော်ချက်

 


ဒီနေ့တော့ အနေတော် ဘူးသီးတစ်လုံး ၀ယ်လာကာ  သတ်သတ်လွတ် ကြော်ချက်လေး ချက်ဖြစ်ပါတယ် စားမြိန်ဟင်းတမယ်အတွက် မာမာချက်ထားတဲ့ ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ဘူးသီး - ခပ်သေးသေး တစ်လုံးစာ
  2. ကြက်သွန်နီ - အနေတော်တစ်လုံး
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
  5. ဆား - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  6. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. ဆီ - ထမင်းစားဇွန်း သုံးဇွန်း
  8. ငရုတ်ကောင်းမှုန့် - အနည်းငယ်
  9. ရေ - လိုသလောက်

ပြင်ဆင်ပုံ
  • ဘူးသီးကို အခွံခွာပြီး တစ်၀က်ခြမ်း၍ ရေဆေးပေးကာ  ခပ်ထူထူ အတုံးလေးတွေ တုံးပေးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ဓါးပြားရိုက်ကာ ခပ်နုတ်နုတ် လှီးထားပါ
  • အားလုံးအဆင်သင့်ဖြစ်ပါက ကြက်သွန်ဖြူနှင့် ကြက်သွန်နီတို့ကို ညက်နေအောင် ထောင်းထားပါ
  • ဇောက်နက်သော အိုးတစ်လုံးထဲမှာ ဆီနှင့် နနွင်းမှုန့်ထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ကြက်သွန်ထောင်းကို ထည့်ကြော်ပေးပါ
  • ကြက်သွန်ထောင်း အနည်းငယ် မွှေးလာတာနဲ့ ဘူးသီးများ ထည့်မွှေပေးပါ
  • ပြီးတာနဲ့ ဆား အရသာမှုန့် နှင့် ရေအနည်းငယ်ထည့်ကာ မီးအားအနေတော်ဖွင့်ပြီး လုံးချက်ချက်ပေးပါ
  • ဟင်းချက်နေစဉ် အိုးမကပ်စေရန် မကြာမကြာ အိုးကိုလှုပ်ပေးပြီး အထက်အောက် သမအောင် မွှေပေးပါ
  • ၁၀မိနစ်ခန့် လုံးချက် ချက်ပေးပြီးပါက ရေထည့်ပြီး အဖုံးအုပ်ကာ ဘူးသီးနူးအောင် တည်ပေးပါ
  • ဘူးသီးနူးတာနဲ့ ငရုတ်ကောင်းမှုန့်ထည့်ပေးကာ မီးပိတ်ပြီး အရသာမြည်း၍ လိုသလို ပြင်ပေးကာ စားသုံးရန် ပြင်ဆင်နိူင်ပါပြီ
  • ငါးပိထောင်း ချဉ်ငံစပ်လေးနှင့် လိုက်ဖက်လွန်းသော ဘူးသီးကြော်ချက် အရည်သောက်ဆမ်းဟင်းကို နှစ်သက်သလို သုံးဆောင် နိူင်ပါပြီ။

Thursday 15 August 2024

ငါးခြောက်အစပ်ကြော်











မာမာ ဒီနေ့တော့ ငါးခြောက်ကို ခပ်စပ်စပ်လေး ကြော်ပါတယ် မာမာဝယ်လာတဲ့ ငါးခြောက်က ဆားအရမ်းပေါ့တဲ့အတွက် ရေစိမ်ပြီးတဲ့ အခါမှာ ငါးငံပြာရည်နဲ့ အရသာမှုန့်လေးရယ် ပြန်နယ်ပြီး ကြော်ပါမှ အဆင်ပြေပါတယ်။
ထမင်းပူပူလေးနဲ့ အရမ်းကို လိုက်ဖက်သလို ထမင်းကြမ်းလေးနဲ့လဲ လိုက်ဖက်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ ငါးခြောက် ကြော်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ငါးခြောက် - 400 g
  2. ကြက်သွန်နီ - ခပ်ကြီးကြီး တစ်ဥ 
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၁၀မွှာ
  4. ချင်း - လက်တဆစ် သာသာ
  5. ငရုတ်သီး လုံးခြမ်းကွဲ - ထမင်းစားဇွန်း ၂ဇွန်းခွဲ
  6. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  7. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  8. ဆီ - လက်ဖက်ရည် အကြမ်းပန်းကန် တစ်လုံးသာသာ
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀စ်က်

ပြင်ဆင်ပုံ
  • ငါးခြောက်ကို အကောင်လိုက်ရေ နာရီ၀က်လောက် စိမ်ထားပြီး လက်နှစ်ဆစ်အရွယ်လေးများ တုံးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက်ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ မညက်တညက် ထောင်းထားပါ
  • ချင်းကို အခွံခွာပြီး ညက်နေအောင် ထောင်းထားပါ
  • ဆီကို အပူပေးပြီး နနွင်းမှုန့်ထည့်ပါ
  • ငါးခြောက်ကို အရင်ဆုံး ကြွတ်သွားအောင် ကြော်ပြီး ဆယ်ထားပါ
  • ငါးခြောက်ကြော်ထားသော ဆီထဲမှာဘဲ ကြက်သွန်နီကိုအရင် နွမ်းအောင်ကြော်ပေးပါ
  • ကြက်သွန်နီ နွမ်းမှ ကြက်သွန်ဖြူနှင့် ချင်းကို ထည့်ကြော်ပါ
  • ကြက်သွန်များ အရမ်းမကြွတ်ခင် ငရုတ်သီးမှုန့် အချိုမှုန့်နှင့် ငံပြာရည်တို့ကို ထည့်မွှေပါ
  • ကြက်သွန်များ ကြွတ်လာပြီဆိုတာနဲ့ ကြော်ပြီးဆီစစ်ထားသော ငါးခြောက်ကြော်ကို ရောမွှေပေးပါ
  • ငါးခြောက်ကြော် အေးသွားပါက ကြွတ်ပြီး မွှေးနေသော ငါးခြောက်ကြော် စပ်စပ်လေး ရပါပြီ။

Tuesday 13 August 2024

ရွှေဖရုံသီး အစာသွပ်ပေါင်း

 









ဗီယက်နမ်စျေးက ဝယ်လာတဲ့ ရွှေဖရုံသီး သေးသေးလေးတွေကို ဒီနေ့တော့ ကြက်သားစင်းကောနဲ့ အရသာနယ်ကာ အစာသွပ်ပြီး ပေါင်းဖြစ်တာနဲ့ မာမာပြင်ဆင်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ

ရွှေဖရုံသီး - ခပ်သေးသေး နှစ်လုံး (တစ်လုံးကို 600 g ခန့် )
ကြက်သား - 150 g
ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
ကြက်သွန်နီ - အနေတော် တလုံး
ချင်းတက် - လက်တဆစ်ခန့်
ကြက်သွန်မိတ် - အပင်ကြီးကြီး ၃ပင်
မုံလာဥနီ - အနေတော် တစ်ဥ
ကြက်ဥ -၂လုံး
ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
နှမ်းဆီမွှေး - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
ပြင်ဆင်ပုံ
ရွှေဖရုံသီးကို အလုံးလိုက် ရေဆေးပြီး ပုံပါအတိုင်း ထိပ်ဖက်မှ လှီးဖြတ်ပေးပါ
ပြီးတာနဲ့ အသီးအထဲမှ အစေ့နှင့် အူတိုင်များကို ဇွန်းနှင့်ကော်ထုတ်ပေးပါ
ပြီးတာနဲ့ အထဲဘက်ကို ရေဆေးပေးပါ
ကြက်သားကို နုတ်နုတ်စင်းထားပါ
ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုနုတ် စင်းထားပေးပါ
ချင်းကိုအခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
အားလုံးအဆင်သင့့် ဖြစ်တာနဲ့ ပန်းကန်တစ်ခုထဲမှာ ပါ၀င်ပစ္စည်းများကို ထည့်ပေးပြီး အရသာ သမအောင် နယ်ပေးပါ
အရသာ သမသွားတာနဲ့ ရွှေဖရုံသီးထဲကို ဇွန်းနှင့်ခပ်ပြီး ထည့်ပေးပါ
ပြီးတာနဲ့ ရွှေဖရုံသီးကို အညှာဖက် အပိုင်းလေးတင်ပြီး အုပ်ပေးပါ
အသီးရဲ့ အောက်ဖက်မှာ ကြွေပန်းကန်လုံး တခုခံပြီး တင်ပေးပါ
ပေါင်းအိုးရဲ့ အောက်ခံအိုးထဲမှာ ပေါင်းမည့်ပန်းကန်လုံး တစ်ဝက်လောက် မြုပ်အောင်ထည့်ပြီး ပေါင်းမည့်ပန်းကန်လုံးကို ထည့်ပေးပါ
ရွှေဖရုံသီး ပန်းကန်လုံးကို ထည့်ပေးပြီတားနဲ့ အိုးအဖုံးအုပ်ကာ ပေါင်းပေးပါ
Pressure cooker နဲ့ ပေါင်းတာဖြစ်တဲ့အတွက် pressure cooker လုတ်ကိုနှိပ်ပြီး မိနစ်နှစ်ဆယ် ပေါင်းပေးပါ
ပေါင်းချိန်ပြည့်တာနဲ့ ပေါင်းအိုးမှ လေကိုကုန်အောင် ထုတ်ပေးပြီးမှ ပေါင်းအိုးအဖုံးကို ဖွင့်ပေးပါ
ပေါင်းအိုးထဲမှ ပေါင်းခံပန်းကန်လုံးကို အပူမလောင်အောင် လက်အိတ်နှင့် အပြင်ကို ထုတ်ပေးပါ
အပြင်ရောက်တာနဲ့ အရသာ အင်မတန် ရှိလွန်းတဲ့ ရွှဖရုံသီးပေါင်းလေး ရပါပြီ
ရွှေဖရုံသီး အစာသွတ်ပေါင်းကို မိမိနှစ်သက်သလို လှီးပေးကာ ပူပူလူလူလေး စားသုံးရန် ပြင်ပေးနိူင်ပါပြီ။ 

Monday 12 August 2024

ဆန်လှော် ငါးခူငဆုတ်

 


ဒီနေ့တော့ ငါးခူလေးတွေ ဝယ်လာပြီး ဆန်လှော်ထောင်းနဲ့ရောကာ  စားလို့ကောင်းအောင် ငရုတ်ဆုံထဲထည့်ပြီး အချက် ၂၀၀၀လောက် စိတ်ရှည်လက်ရှည်နဲ့ ထောင်းထားပါတယ်။

ဗလင်ဒါထဲ ထည့်ပြီးကြိတ်မယ် ဆိုရင်တော့ တစ်မိနစ်ကြိတ် တစ်ခါနားပြီး ၁၀ခါလောက် ကြိတ်ပေးရင် ရပါတယ် ဒါကြောင့်မို့လို့ စားလို့ကောင်းလွန်းတဲ့ ငါးဆုတ်လေး ရမှာဖြစ်တဲ့အတွက် မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ငါးခူ - 500 g
  2. ချင်း - လက်တဆစ်ခန့်
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး လေးမွှာ
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. ဆန်လှော်မှုန့် - ထမင်းစားဇွန်း သုံးဇွန်း
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် (ငါးဖယ်ခြစ်ထဲထည့်ရန်)
  8. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ (ဆီအိုးထဲထည့်ရန် )
  9. ဆီ - လိုသလောက် သုံးပေးပါ
  10. မန်ကျည်းသီးမှည့် - အနည်းငယ် ( ငါးဆေးရန်)
  11. ဆား - ထမင်းစားဇွန်း တစ်ဇွန်း (ငါးဆေးရန်)

ပြင်ဆင်ပုံ
  • ငါးခူကို မလိုတာတွေ ဖယ်ပေးပြီး ဆားနှင့်မကျည်းသီးမှည့်တို့ထည့်ကာ သေသေချာချာ နယ်ပေးကာ ရေစင်အောင် ဆေးပေးပါ
  • ပြီးတာနဲ့ စဉ့်နီတုန်းပေါ်တင်က ညက်နေအောင် စင်းပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
  • ချင်းကိုအခွံခွာပြီး ရေဆေးထားပါ
  • ငရုတ်ဆုံကြီးကြီးထဲမှာ စင်းထားသောငါးခူ ကြက်သွန်ဖြူ ချင်း ဆား ဟင်းချိုမှုန့် နနွင်းမှုန့်တို့ထည့်ပေးပြီး စိတ်ရှည်လက်ရှည် ထောင်းပေးပါ
  • ငရုတ်ဆုံထဲမှာ ထည့်မထောင်းပါက အားလုံကိုရောပြီး ဗလင်ဒါထဲမှာ တစ်မိနစ်ကြိတ်လိုက် တစ်ခါနားလိုက် ၁၀ခါလောက်ထည့်ပြီး ကြိတ်ပေးပါ

ငါးဆုတ်ကြော်ရန်
  • ကြိတ်ပြီးသား ( သို့ ) ထောင်းပြီးသား ငါးခူစင်းကောကို အရင်ဆုံး လက်ကိုဆီစွတ်ပြီး ကိုယ်နှစ်သက်တဲ့ ပုံစံလေးများ ရအောင် ငါးအသားများ ကုန်တဲ့အထိ တစ်လုံးခြင်း ဆုတ်ထားပေးပါ
  • ဒယ်အိုးတစ်လုံးကို အပူပေးပြီး အိုးပူလာမွ ဆီနှင့် နနွင်းမှုန့်ကိုထည့်ပြီး မီးကိုအနည်းငယ် လျှော့ပေးပါ
  • ငါးဆုတ်လုံး မကိုင်ခင် လက်ကိုဆီစွတ်ပြီး ဆုတ်ထားသော ငါးဆုတ်ကို ငါးချက်လောက် ထပ်ပြီးဆုတ်ပြီးမှ ဆီအိုးထဲကို တစ်လုံးချင်းထည့်ပြီး ကြော်ပေးပါ
  • ကြော်​နေစဉ် အကျက်ညီစေရန် ငါးဆုတ်လုံးကို အထက်အောက် လှန်လှန်ပေးပါ
  • ငါးဆုတ်လုံး တစ်ခုလုံး ရွှေဝါရောင်သန်းပါက ဆယ်ပြီး ဆီစစ်ပေးပါ
  • ဆီစစ်သွားတာနဲ့  စားလို့ကောင်းပြီး မွှေးကြိုင်နေတဲ့ ငါးခူ ငဆုတ်လေးတွေ ရပါပြီ။

Saturday 10 August 2024

ငပိရည်ဖျော်

 




မာမာဒီနေ့တော့ အရင်တစ်ပါတ်က ငါးဒေါင်ဇင်းနဲ့ ငါးဇရစ်ငါးလေးတွေကို ငပိလုပ်ထားတဲ့ ငါးလေးငပိကို ကျိုဖြစ်ပါတယ် ငါးလေးငပိက ကျိုလိုက်ရင် ခပ်စိမ်းစိမ်း အရောင်လေး ရသလို ပိုပြီးလဲ မွှေးပါတယ်။

ဒါကြောင့်မို့လို့ ဒီနေ့တော့ စပ်ပေ့ဆိုတဲ့ ငရုတ်သီး အစိမ်းရောင်လေး တွေကိုသုံးပြီး ငါးပိရည်ကို စပ်စပ်မွှေးမွှေးလေး ဖျော်ထားပါတယ်။

 ငါးပိရည် တစ်ခါကျိုတိုင်း အိမ်ထဲမှာ ကျန်နေတတ်တဲ့ အနံ့တွေက လေလုံတဲ့ အိမ်တွေမှာ တော်တော်နဲ့ မပျောက်တတ်တဲ့အတွက် မာမာကတော့ တစ်ခါကျိုရင် ခပ်များများလေးကျိုပြီး လေလုံဗူးလေးတွေထဲ ထည့်ထားကာ ရေခဲသေတ္တာ ခဲတဲ့အကန့်ထဲမှာ ထည့်ထားပြီး သိမ်းထားတတ်ပါတယ်။

ဒါကြောင့်မို့လို့ ဒီတစ်ခါလဲ ငါးပိရည် မွှေးမွှေးလေးနဲ့ ငါးပိရည်ဖျော် မွှေးမွှေးစပ်စပ်လေးရဲ့ ဖျော်စပ်ပုံ ဖျော်စပ်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
ငါးပိရည်ကျိုရန်
  1. ငါးပိရည်ကျိုရန် ငါးငပိ - နှစ်ဆယ်သား (ငါးလေးငါးပိကို သုံးထားပါတယ်)
  2. ဆား - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်မရှိတစ်ရှိ
  4. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၄ဗူးခွဲသာသာတို့ကို ဇောက်နက်သော အိုးတစ်လုံးထဲ ငါးပိနှင့် အတူတူထည့်ပေးပြီး ဆယ်မိနစ်လောက် ပွက်ပွက်ဆူအောင် တည်ပေးပါ
  5. ငါးပိရည် ရပါက အရိုးများစစ်ကာ ငါးပိရည်ကို ပန်းကန်လုံး တစ်လုံးထဲသို့  ပြောင်းထည့်ထားပါ။

ဖျော်စရာထောင်းရန် ပါ၀င်ပစ္စည်းများ
  1. ပုဇွန်ထုတ် - အကောင်ကြီးကြီး ကိုးကောင်
  2. ငရုတ်သီးစိမ်း - မိမိနှစ်သက်သလောက်
  3. ကြက်သွန်ဖြူ  - အမွှာကြီးကြီး ၁၁မွှာ
  4. ကြက်သွန်နီ - အနေတော် သုံးလုံး
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
ပြင်ဆင်ပုံ
  • ကြက်သွန်ဖြူကို အမွှာလေးတွေထွင်ပြီး ရေဆေးကာ အသားထူသော ဒယ်အိုးထဲမှာ အပေါ်ယံ အခွံများ ကျွမ်းယောင်သန်းလာထိ  ထည့်လှော်ပေးပါ
  • ကြက်သွန်နီကိုလဲ အသားထူသော ဒယ်အိုးထဲမှာ အပေါ်ယံအခွံများ ကျွမ်းယောင်သန်းလာထိ  ထည့်လှော်ပေးပါ
  • ပြီးတာနဲ့ ကြက်သွန်နီနှင့် ကြက်သွန်ဖြူတို့ကို ရေဆေးပြီး အခွံများ ခွာပေးထားပါ
  • ပုဇွန်ထုတ်များကိုလဲ ရေဆေးကာ ဒယ်အိုးထဲမှာ ရေမြုပ်ရုံလေး ထည့်ပေးပြီး ပြုပ်ပေးပါ
  • ပြုပ်ထားသော ရေခမ်းတာနဲ့ အခွံများ ခွာထားပါ
  • ငရုတ်သီးစိမ်းကိုလဲ ရေဆေးကာ အသားထူသော ဒယ်အိုးထဲမှာ အပေါ်ယံ ကျွမ်းယောင်သန်းလာထိ  ထည့်လှော်ပေးပါ
  • ပြီးတာနဲ့ ငရုတ်ဆုံ ခပ်ကြီးကြီးထဲမှာ ကြက်သွန်ဖြူ ကြက်သွန်နီ ပုဇွန်ထုတ်နှင့် ငရုတ်သီးစိမ်းတို့ကို မညက်တစ်ညက် ထောင်းပေးထားပါ
  • ပြီးတာနဲ့ ကျိုပြီးအရိုးစစ်ထားသော ငါးပိရည် ပန်းကန်ထဲသို့ အရသာမှုန့် လက်ဖက်ရည်ဇွန်း နှစ်ဇွန်းနှင့် ထောင်းထာသော ပုဇွန်ထုတ် ငါးပိရည်ဖျော်ကို ထည့်ဖျော်ပေးပါ
  • ငါးပိရည်အဖျော် ရတာနဲ့ တစ်ခါစားစာ ချန်ထားပြီး ပိုနေသော ငါးပိရည်ဖျော်များကို လေလုံဗူးများနှင့်ထည့်ကာ ရေခဲသေတ္တာ ခဲတဲ့အကန့်ထဲမှာ ထည့်ပြီးသိမ်းထားပါ
  • ငါးပိရည် အဖျော်မွှေးမွှေး စပ်စပ်လေးနဲ့ အရသာရှိလှတဲ့ ငါးပိရည်ဖျော် စိမ်းစိမ်းလေးကို တို့စရာအစုံနှင့် မြိန်ယှက်စွာ စားသုံးနိုင်ပါပြီ။