Tuesday 4 July 2023

မျှစ်ချဉ်ငံစပ် အရည်သောက်ဆမ်းဟင်း





မာမာ ဒီနေ့တော့ မျှစ်ပြုပ်ပြီးသားလေးတွေကို ထမင်းစားလို့ မြိန်စေမဲ့ အရည်သောက်ဆမ်းလေး ချက်ပါမယ် လွယ်ကူတဲ့ ချက်နည်းလေးပေမဲ့ ထမင်းစားလို့ မြိန်စေတဲ့ ဟင်းတစ်မျိုးဖြစ်လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. မျှစ်ပြုပ်ပြီးသား - 1 kg
  2. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  3. ကြက်သွန်နီ - အနေတော် တစ်လုံး
  4. ချင်း - ခပ်ပါးပါး ၃ပြားလောက်
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  6. ငါးငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
  7. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  8. ခရမ်းချဉ်သီး - လေးလုံး
  9. ငရုတ်သီးစိမ်း - မိမိနှစ်သက်သလောက်
  10. ငရုတ်သီး အရောင်တင်မှုန့် - လက်ထက်ရည်ဇွန်း တစ်ဇွန်း
  11. မျှင်ငါးပိ - အနည်းငယ်

ပြင်ဆင်ပုံ
  • မျှစ်ပြုပ်ပြီးသားကို ရေငါးထပ်လောက် ဆေးပေးကာ မိမိနှစ်သက်သလို လှီးထားပါ 
  • ကြက်သွန်ဖြူ ကြက်သွန်နီ ချင်း ငရုတ်သီးမှုန့်တို့ကို ညက်နေအောင် ရောထောင်းပေးထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး ထက်ခြမ်းခွဲထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးထားပါ
  • အရည် သောက်ဆမ်းဟင်း အနေအထား ချက်မှာ ဖြစ်တဲ့အတွက် အရင်ဆုံး အိုးထဲမှာ ရေကို ယောက်ချိုဇွန်း လေးဇွန်းလောက် ထည့်ပေးပါ
  • ထိုရေထဲမှာ ပုဇွန်ငါးပိ ကြက်သွန်ထောင်း ခရမ်းချဉ်သီး ငရုတ်သီးစိမ်းတို့ ထည့်ကာ ရေပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေပွက်ပွက် ဆူလာတာနဲ့ မျှစ်ကိုထည့်ကာ အိုးအဖုံးအုပ်ပြီး တည်ပေးပါ
  • ရေပွက်ပွက် ဆူလာတာနဲ့  အကြာကြီး တည်စရာ မလိုဘဲ ရှစ်မိနစ်လောက် တည်ပေးပြီးတာနဲ့ အရသာမြည်းပြီး မိမိစိတ်ကြိုက် လိုသလို ပြင်ပေးပါ
  • အရည်သောက်ဆမ်းဟင်း ဖြစ်တဲ့အတွက် ဟင်းရည်အနေအထားကိုလဲ မိမိစိတ်ကြိုက် အနေအထားလောက် ရလာအောင်လဲ ပြင်ပေးနိူင်ပါတယ်
  • ပြီးတာနဲ့ နံနံပင် အုပ်ပေးပြီး မီးပိတ်ကာ မျှစ် အရည်သောက်ဆမ်းဟင်းကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

No comments:

Post a Comment