Wednesday 19 July 2023

ငါးကြီးချဉ်လုပ်နည်း






မာမာ ကျန်ခဲ့တဲ့ တစ်ပါတ်က ကတစ်ငါး တစ်ကောင် ဝယ်လာပြီး ငါးကြီးချဉ် လုပ်ပါတယ် ဒါကြောင့်မို့လို့ ဒီနေ့တော့ ထမင်းစားလို့ မြိန်စေတဲ့ ငါးကြီးချဉ် လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
  1. က ကတစ်ငါး - တစ်ကောင်
  2. ဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး (ခပ်မာမာလေး ချက်ထားပါ)
  3. ဆား - ထမင်းစားဇွန်း နှစ်ဇွန်းခွဲခန့်
  4. ဇလုံ - တစ်လုံး

ပြင်ဆင်ပုံ
  • ငါးကို မလိုတာတွေ အကုန်ဖယ်ပြီး အနေတော် အတုံးလေးတွေ တုံးပေးပါ
  • ရေဆေးပြီး ရေစစ်သွားအောင် ငါးများ အပေါ်မှ အလေးတစ်ခုခုနှင့် ဖိပေးကာ ရေစစ်ထားပါ
  • ဆန်ကိုရေဆေးပြီး ခပ်မာမာလေး ရအောင်ချက်ကာ အအေးခံထားပါ
  • ဆားကြမ်းကို ပြင်ထားပါ
  • ငါးများ ရေစစ်သွားပြီ ဆိုတာနဲ့ ဇလုံတစ်လုံးထဲမှာ ပါဝင်သော အရာအားလုံးကို ထည့်ပေးပါ
  • ပြီးတာနဲ့ ငါးများကို ဆားအရသာ ဝင်စေရန် ဆုတ်ဆုတ်ပြီး နယ်ပေးပါ
  • အနည်းဆုံး ငါးမိနစ်ခန့်ကြာအောင် ဆုတ်ဆုတ်ပြီး နယ်ပေးပါ
  • ပြီးတာနဲ့  သန့်ပြန့်နေသာ ဇလုံ သို့မဟုတ် ဖန်ပုလင်းထဲမှာ ဖိသိပ်ထည့်ပေးပါ
  • ပုလင်းထဲမှာ ထည့်ပါက ပုလင်းကို အဖုံးလုံအောင်ပိတ်ပြီး အခန်းအပူချိန်များသော မီးဖိုခန်းမှာ အနည်းဆုံး ၃ရက်လောက် ထားပေးပါ
  • ဇလုံထဲမှာ ထည့်ထားပါက ဇလုံကို ပလပ်စတစ်အိတ်နှင် လေလုံအောင် ပိတ်ပေးပါ
  • ပထမ တစ်ရက်မြောက်နေ့မှာ အရောင်အနည်းငယ် စပြောင်းလာပါပြီး အရည်အနည်းငယ် ထွက်လာပါလိမ့်မည်
  • ဒုတိယနေ့မှာလဲ အထက်ပါအတိုင်း အရောင်လေး အနည်းငယ် ထပ်ပြောင်းလာပါလိမ့်မည်
  • ထွက်လာသော အရည်များကို ပုလင်း သို့မဟုတ် ဇလုံကိုစောင်းပြီး သွန်သွန်ပေးပါ
  • တတိယ နေ့မှာတော့ ငါးကြီးချဉ်နံ့ အနည်းငယ် ရလာပါလိမ့်မည်စ
  • တုထ္ထနေ့မှာတော့ ငါးကြီးချဉ်ထဲမှ ထွက်လာသော အရည်များကို ထပ်ပြီးသွန်ပြစ်ပေးပါ
  • ငါးရက်မြောက် နေ့မှာတော့ မိမိ ကြိုက်နှစ်သက်သလို သုံးဆောင်နိူင်ရန် ငါးကြီးချဉ် ရပါပြီ
  • ရာသီဥတု အပူအအေးပေါ် မူတည်ပြီး ငါးကြီးချဉ် ချဉ်သည့်ချိန်လဲ အနည်းငယ် ကွာခြားတတ်ပါတယ်
  • အသုံးပြုသော ငါးတုံးရဲ့ အကြီးအသေးပေါ်မှာ မူတည်ပြီးတော့လဲ ချဉ်သည့်ချိန် ကွာခြားတတ်ပါတယ်
  • ငါးတုံး သေးငယ်ပါက ချဉ်သည့်ချိန် မြန်တတ်ကာ ငါးတုံးကြီးပါက ချဉ်သည့်ချိန် အနည်းငယ် ကြာနိူင်ပါတယ်
  • ငါးကြီးချဉ် ချဉ်သွားပြီ ဆိုပါက ချက်ချင်းကြီး ချက်မစားဖြစ်သေးပါက ငါးကြီးချဉ်မှ ထွက်နေသော အရည်များ စစ်ပြစ်လိုက်ပြီး ဇလုံကို အဖုံး ဖုံးကာ ရေခဲသေတ္တာ မခဲသော အကန့်ထဲမှာ လေးရက်မှ ငါးရက်ခန့်အထိ သိမ်းထားနိူင်ပါတယ်
  • ချက်ချင်း ချက်စားမည် ဆိုပါက ထမင်းများကိုဖယ်ပြီး ကြက်သွန်ဖြူ ကြက်သွန်နီ ငရုတ်သီး လုံးခြမ်းကွဲတို့ကို ညက်နေအောင်ထောင်းကာ ဆီသတ်ပေးပြီး  ချက်ပေးနိူင်ပါတယ်။

1 comment:

  1. I just found out ကကတစ်ငါး is Australian Barramundi (Lates calcarifer), which is becoming very popular in US. Thanks for the recipe. I am going try to make this weekend!

    ReplyDelete