Sunday 2 July 2023

ငါးပေါင်းကြော်







မာမာ ဒီနေ့တော့ ငါးသေးသေးလေးတွေ ဝယ်လာပြီး တန်ပူရာမှုန့်နဲ့ ကြော်ထားပါတယ် စားလို့အရမ်းကောင်းပေမဲ့ ငါးလေးတွေကို တစ်ကောင်းချင်း ခေါင်းဖြုတ်ပြီး မလိုတာတွေ ဖယ်ရတာမို့လို့ လက်ဝင်သလို ရေဆေးတဲ့အခါမှာလဲ ဆယ်ထပ်လောက် ဆေးမှ သန့်ရှင်းတာမို့လို့ စိတ်တော့ ရှည်ရပါတယ်။

တစ်ခါတစ်လေလဲ ငါးလေးတွေကို ဒီအတိုင်း ကြော်စားရတာထက်စာရင် အခုလိုလေး အကြော်မှုန့်နဲ့ ငါးပေါင်းကြော်လေး ကြော်စားရတာက ပိုပြီးကောင်းတယ်လို့ ထင်မိပါတယ်။

တန်ပူရာမှုန့်ကို ကိုယ်လိုချင်တဲ့ အနေအထားရအောင် ရေနဲ့ရောစပ်ပြီး ကြော်ထားတာမို့လို့  ကြွတ်ကြွတ်ရွရွ မွှေးမွှေးလေးနဲ့ စားလို့ကောင်းလွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ ကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ငါးဖြူသေးသေးလေးတွေ - 500 g 
  2. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. တန်ပူရာမှုန့်  - ထမင်းစားဇွန်း ရှစ်ဇွန်းမောက်မောက်
  5. Lemon Pepper - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  6. Lemon Pepper မရှိပါက သံပုရာရည် ထမင်းစားဇွန်းတစ်၀က်နဲ့ငရုတ်ကောင်းမှုန့် အနည်းငယ်ကို ရောနယ်ပေးပါ
  7. ဆီ - လိုသလောက် သုံးပေးပါ
  8. ရေ - တန်ပူရာ မုန့်နှစ်ခပ်ပျစ်ပျစ်ဖြစ်အောင် ရေကိုနည်းနည်းခြင်း ထည့်မွှေပြီး ခပ်ပျစ်ပျစ် အ​နေအထား ရအောင်ဖျော်ရန်

ပြင်ဆင်ပုံ
  • ငါးများကို ခေါင်းဖြုတ်ပြီး အကြေးခွံနှင့် ဗိုက်ထဲမှ မလိုတာတွေ ဖယ်ပေးပါ
  • ပြီးတာနဲ့ ရေခပ်များများ ထည့်ကာ ဆယ်ထပ်လောပ် ဆေးပေးကာ ရေစစ်ပေးပါ
  • ရေစစ်သွားပါက ဆား အချိုမှုန့် lemon pepper တို့နဲ့အရသာ၀င်အောင် ခပ်ဖွဖွလေး ဆုတ်ဆုတ်ပြီး နယ်ပေးကာ ဆယ့်ငါး မိနစ်လောက် နှပ်ထားပေးပါ
  • တန်ပူရာမှုန့်ကို ရေနှင့် ခပ်ပျစ်ပျစ်ဖျော်ပေးပါ
  • ငါးအရသာ နယ်ပြီးနှပ်ပြီးပါက  ရေဖျော်ထားသော တန်ပူရာ မုန့်နှစ်ထဲမှာ ငါးလေးတွေကို နည်းနည်းစီယူကာ နယ်ပေးပါ
  • အောက်ချေမကပ်သော ဒယ်အိုးခပ်ကြီးကြီး တစ်လုံးကို ဆီထည့်ကာ အပူပေးပါ
  • ဆီပူလာပါက တန်ပူရာမုန့်နှစ် လူးထားသောငါးကို တစ်ချပ်စာလေးတွေ အိုးဆန့်သလောက် ထည့်ကြော်ပေးပါ
  • တဖက်ရွှေဝါရောင် သန်းလာရင် နောက်တစ်ဖက်လှန်ပေးပြီး နောက်တဖက်ရွှေဝါရောင် သန်းလာပါက ဆယ်ပြီး ဆီစစ်ပေးပါ
  • ဆီစစ်သွားပါက ကြွတ်မွပြီး မွှေးနေသော ငါးပေါင်းကြော် မွှေးမွှေးလေးကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

No comments:

Post a Comment