ချဉ်ပေါင်ဖူးနဲ့ ချဉ်ပေါင်ဖူးလေးတွေ ဖြစ်တဲ့အတွက် ကြော်ရတာတော့ အချိန်နည်းနည်း ကြာပါတယ် ချဉ်ပေါင်ဖူးနဲ့ ချဉ်ပေါင်ရွက် အခြောက်လေးတွေ ပို့ပေးတဲ့ ညီမလေးကိုလဲ ကျေးဇူးတင်ကြောင်း ဒီနေရာကနေ ထပ်ပြောရင်း မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ချဉ်ပေါင်ကြော်ရန် ပါ၀င်ပစ္စည်းများ
- ချဉ်ပေါင်ရွက်ခြောက် - လက်တစ်ဆုတ်စာသာသာ
- ချဉ်ပေါင်ဖူးခြောက် - လက်တစ်ဆုတ်စာသာသာ
- မျှစ် - မိမိနှစ်သက်သလောက် ထည့်ပေးပါ
- ပုဇွန်ထုတ် - ဆယ့်ငါးကောင်ခန့်
- ကြက်သွန်နီ - အနေတော် တစ်လုံး
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ငါးမွှာ
- ငရုတ်သီး လုံးခြမ်းကွဲ - ထမင်းစားဇွန်း နှစ်ဇွန်း
- ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
- ပုဇွန်ငါးပိ - ထမင်းစားဇွန်း တစ်ဇွန်း
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ဆီ - ထမင်းစားဇွန်း ဆယ်ငါးဇွန်းခန့်
- နနွင်းမှုန့်. - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
ပြင်ဆင်ပုံ
- ချဉ်ပေါင်ရွက်အခြောက်နှင့် ချဉ်ပေါင်သီးအခြောက်တို့ကို ရေနှင့် နှစ်ထပ်လောက် ဆေးပေးပါ
- ပြီးတာနဲ့ ချဉ်ပေါင်ရွက်နှင့် ချဉ်ပေါင်ဖူးတို့ကို ဇလုံထဲမှာထည့်ပြီး ရေခပ်များများ ထည့်ပေးကာ သုံးနာရီလောက် ရေစိမ်ထားပေးပါ
- မျှစ်ကိုနူးအောင် ပြုပ်ပေးပြီး အမျှင်လေးတွေ ရလာအောင် ခြစ်ပေးထားပါ
- ပုဇွန်ထုတ်များကို ရေဆေးပြီး အခွံခွာ ခေါင်းဖြုတ်ပေးပြီး ကျောဖက်မှ အမည်းကြောင်းကို ဖယ်ပေးပါ
- ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
- ကြက်သွန်ဖြူ ကို အခွံခွာပြီး ရေဆေးကာ မထူမပါးလေးတွေ လှီးထားပါ
- လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
- အောက်ခြေမကပ်သော အိုးကိုအပူပေးပြီး ဆီနှင့်နနွင့်မှုန့်ကိုထည့်ပါ
- ဆီပူလာပါက ကြက်သွန်နီနှင့် ငရုတ်သီးမှုန့်ကို ထည့်ပြီး မွှေးလာအောင် ကြော်ပေးပါ
- ငရုတ်သီးနံ့ မွှေးလာတာနဲ့ ပုဇွန်များကို ထည့်ပေးကာ နှစ်မိနစ်သာသာလောက် ထည့်ပြီး ကြော်ပေးပါ
- ပြီးတာနဲ့ ချဉ်ပေါင်ရွက်နဲ့ ချဉ်ပေါင်ဖူးတို့ကို ထည့်ပြီးမွှေပါ
- ချဉ်ပေါင်ဖူးနဲ့ ချဉ်ပေါက်ရွက်တို့က အခြောက်လှန်းထားတာ ဖြစ်တဲ့အတွက် ရေမြုပ်အောင် ထည့်ပေးကာ တည်ပေးပါ
- ပထမ တစ်ရည် ခမ်းသော်လည်း ချဉ်ပေါင်ရွက်များက မနူးသေးတဲ့အတွက် နောက်ထပ်တစ်ရည်မြုပ်အောင် ထပ်ထည့်ပေးပြီး တည်ပေးပါ
- ချဉ်ပေါင်ရွက်များ နူးပြီး ကျေလာတာနဲ့ ပုဇွန်ငါးပိကို ထည့်မွှေပေးပါ
- ပြီးတာနဲ့ မျှစ်ကိုထည့်ပြီး မွှေပေးပါ
- အားလုံး သမသွားတာနဲ့ ငံပြာရည်နှင့် အရသာမှုန့် ကြက်သွန်ဖြူ တို့ကိုထည့်ပြီး တစ်မိနစ်လောက် ကြော်ပေးပါ
- အားလုံး အရသာ သမသွားပြီ ဆိုတာနဲ့ အရသာမြည်းပြီး မိမိစိတ်ကြိုက် အရသာကို လိုသလို ပြင်ပေးပြီးပါက ချဉ်ပေါင်ကြော် မွှေးမွှေးလေးရပါပြီ။
No comments:
Post a Comment