Friday 14 July 2023

ငါးခေါင်း အရည်သောက်ဆမ်းဟင်း





မာမာဒီနေ့တော့ ငါးခေါင်းလေးတွေ ဝယ်လာပြီး ငါးခေါင်းသောပ်ဆမ်း ချဉ်ငံစပ်ဟင်းလေး ချက်ဖြစ်ပါတယ် အရည်သောက်ဆမ်းဟင်း ဖြစ်တဲ့အတွက် မာမာက ဆီမထည့်ဘဲ ချက်ထားပါတယ်။

ထမင်းစားလို့ မြိန်စေတဲ့ ဟင်းတစ်မယ် ဖြစ်တဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ငါးခေါင်းသောက်ဆမ်း ဟင်းချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ငါးခေါင်း - တစ်ကောင် (တစ်ကီလိုခန့်)
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  3. ကြက်သွန်နီ - အနေတော် တစ်ဥ
  4. ငရုတ်သီးစိမ်း - မိမိစားနိူင်သလောက် သုံးပေးပါ
  5. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. ပုဇွန်ငါးပိ - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
  7. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  8. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  9. သံပုရာသီး - အနေတော် တစ်လုံး ( ဟင်းအိုးထဲထည့်ရန်)
  10. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  11. နံနံပင် - မိမိနှစ်သက်သလောက် ထည့်ပေးပါ
  12. ရေ - ယောက်ချိုဇွန်း လေးဇွန်း
  13. ဆား - ထမင်းစားဇွန်းတစ်ဇွန်း (ငါးခေါင်းဆေးရန်)
  14. မန်ကျည်းသီးမှည့် - ထမင်းစားဇွန်း နှစ်ဇွန်းစာ (ငါးခေါင်းဆေးရန်)
  15. သံပုရာသီး - တစ်လုံး (ငါးခေါင်းဆေးရန်)
ပြင်ဆင်ပုံ
  • ငါးခေါင်းများကို အကြေးခွံနှင့် မလိုတာတွေ ဖယ်ပေးပြီး မန်ကျည်းသီးမှည့် ဆား သံပုရာရည်တို့ထည့်ကာ အညှီနံ့နဲ့ အချွဲများကုန်အောင် နယ်ဖတ်ပြီး သန့်စင်ကာ ရေဆေးပေးပြီး ရေစစ်ပေးပါ
  • ရေစစ်သွားတာနဲ့ အနေတော် အတုံးလေးတွေတုံးကာ ဆား နနွင်းမှုန့် အရသာမှုန့်တို့နဲ့ နယ်ပေးကာ နာရီဝက်လောက် နှပ်ထားပေးပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး ထက်ဝက်ခြမ်းထားပါ
  • သံပုရာသီးကို ရေဆေးပြီး ထက်ခြမ်းခြမ်းထားပါ
  • နံနံပင်ကို ရေဆေးပြီး အနေတော် ပိုင်းဖြတ်ထားပါ
ဟင်းချက်ရန်
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲမှာ ရေယောက်ချိုဇွန်း လေးဇွန်းစာကို ထည့်ပြီး အပူပေးပါ
  • ရေ ပွက်ပွက် ဆူလာတာနဲ့  ပုဇွန်ငါးပိ ငရုတ်သီးစိမ်း ကြက်သွန်များနှင့် ငရုတ်သီးအရောင်တင်မှုန့်တို့ကို ထည့်ပေးကာ ရေပွက်ပွက်ဆူအောင် တည်ပေးပါ 
  • ရေပွက်ပွက်ဆူလာတာနဲ့ ရေထဲကို အရသာ နယ်ထားသော ငါးများကို ထည့်ပေးပါ
  • ငါးခေါင်းရဲ့ အသားများ မာလာပါက အရသာမြည်းပြီး လိုအပ်သော အရသာများကို  ထည့်ပေးပါ
  • ရေပွက်ပွက် ဆူလာပါက ငါးအရည်သောက်ဆမ်းဟင်း ဖြစ်တဲ့အတွက် ၇နှစ်မိနစ်လောက်ဘဲ ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ပြီးတာနဲ့ ငံပြာရည်နှင့် သံပုရာရည် ထည့်ပေးကာ မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  • အရသာ ပြင်ပြီးတာနဲ့  နံနံပင် အုပ်ပေးပါ
  • အရည်သောက်ဆမ်းဟင်း ဖြစ်တဲ့အတွက် ရေကိုတော့ မိမိနှစ်သက်သလောက် အနေအထားမှာ လိုတိုးပိုလျှော့ လုပ်ပေးနိူင်ပါတယ်
  • ငါးခေါင်း အရည်သောက်ဆမ်း ငါးဟင်း အရသာ ချဉ်ငံစပ်လေး ရလာတာနဲ့ မီးပိတ်ပေးပြီး ထမင်းပူပူလေးနဲ့ သုံးဆောင်နိုင်ရန် ပြင်ပေးနိူင်ပါပြီ။

No comments:

Post a Comment