အခုတစ်လော ရာသီဥတုက အရမ်းအေးနေတော့ ဘာစားစား အရသာ မရှိသလိုဖြစ်ပြီး ခံတွင်းမလိုက်လေတော့ ချဥင်္ချဉ်ငံငံစပ်စပ် အသုပ်လေးကို ဟင်းခါးပူပူလေးချက်လို့ အသုပ်စုံလေးတွေဘဲ စားချင်နေမိတယ်။
ဒါကြောင့်မို့လို့ ဒီတစ်ခါတော့ မုန့်ဖတ်ကို ခပ်စပ်စပ်လေးသုပ်ပြီး စားဖို့ပြင်ဆင်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်။
ပါ၀င်ပစ္စည်းများ
- မုန့်ဟင်းခါးဖတ် - 500 g
- ကြက်သွန်နီ - အနေတော် တစ်လုံး
- ပဲအကျက်မှုန့် - လိုသလောက်
- ငရုတ်သီး အလှော်မှုန့် - လိုသလောက်
- ပုဇွန်ခြောက်မှုန့် - လိုသလောက်
- အရသာမှုန့် - လိုသလောက်
- ကြက်သွန်ဖြူ ဆီချက် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
- မန်ကျည်းသီးအမှည့် - ထမင်းစားဇွန်း နှစ်ဇွန်းစာ
- ငါးငံပြာရည် - လိုသလောက်
- နံနံပင် - လိုသလောက်
- ကြက်သွန်ဖြူ - လိုသလောက်
- ဂေါ်ဖီ - အရွက်ကြီးကြီး သုံးရွက် (ဟင်းခါးချက်ရန်)
- ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း (ဟင်းခါးချက်ရန်)
ကြက်သွန်ဖြူဆီချက်ချက်ရန်
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
- ဒယ်အိုးတစ်လုံးထဲမှာ ဆီနှင့်နနွင်းမှုန့်ကိုထည့်ပြီး အပူပေးပါ
- ဆီပူလာတာနဲ့ မီးကိုအနေတော် လျှော့ပလိုက်ပြီးမှ ကြက်သွန်ဖြူကို ထည့်မွှေပါ
- ကြက်သွန်ဖြူများ အဝါရောင်သန်းလာပြီး ကြွတ်လာတာနဲ့ ပန်းကန်တစ်ခုထဲ ပြောင်းထည့်ထားပါ
- ဆီချက်ကိုလဲ အအေးခံထားပြီးမှ ကြက်သွန်ဖြူကြော်မျာနှင့် ရောပေးပါ
အသုပ်ပွဲပြင်ရန် လိုအပ်သော ပစ္စည်းများ
- ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
- နံနံပင်ကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
- မန်ကျည်းသီးမှည့်ကို ရေဆေးပြီး ရေနွေးပူပူမှာ စိမ်ထားပါ
- ဆီချက်
- ငါးငံပြာရည်
- ပုဇွန်ခြောက်မှုန့်
- ပဲအကျက်မှုန့်
- ငရုတ်သီး အလှော်မှုန့်
- ကြက်သားမှုန့်
ဟင်းခါးချက်ရန်
- ရေ တရုတ်ဟင်းရည်သောက် ပန်းကန် ၂လုံးစာထဲ ပုဇွန်ခြောက် ၇ကောင်လောက်ကို ထောင်းပြီးထည့်ပါ
- ဆား လက်ဖက်ရည်ဇွန်း တ၀က် ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တဇွန်းထည့်ပြီး ရေဆူအောင်တည်ပါ
- ရေဆူလာပါက ငရုတ်ကောင်း ၅စေ့လောက်နှင့် ကြက်သွန်ဖြူ ၂မွှာလောက်ကို မညက်တစ်ညက်ထောင်းပြီး ဟင်းရည်အိုးထဲ ထည့်ကာ ဂေါ်ဖီ ခပ်ပါးပါး လှီးထည့်ပြီး ရေဆူအောင်တည်ပြီး အရသာမြည်ကာ မီးနွေးနွေနဲ့ တည်ထားပါ
အသုပ်တစ်ပွဲစာပြင်ရန်
- ဇလုံတလုံးထဲမှာ မုန့်ဖတ်နှင့် ကြက်သွန်နီတို့ကို ထည့်ပေးပါ
- ဆီချက် ထမင်းစားဇွန်း ၂ဇွန်း ငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်း ပဲအကျက်မှုန့် ထမင်းစားဇွန်း တစ်ဇွန်း ငရုတ်သီး အလှော်မှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တစ်၀က်မရှိတရှိ မကျည်းရည် ထမင်းစားဇွန်း တစ်ဇွန်းတို့ထည့်ကာ ခပ်ဖွဖွနယ်ပေးပြီး အရသာကို မြည်းပေးပါ
- အရသာ ပြင်ပေးပြီးတာနဲ့ ချဉ်ငံစပ် အသုပ်ပွဲကို ပြင်ပေးပါ
- ချဉ်ငံစပ် အသုပ်ပွဲ ပြင်ဆင်ပြီးပါက ငရုတ်သီးစိမ်း ကြက်သွန်ဖြူ ဂေါ်ဖီဟင်းခါးတို့နဲ့ သုံးဆောင်နိုင်ပါပြီ။
No comments:
Post a Comment