Friday 30 June 2023

သတ်သတ်လွတ် ကော်ပြန့်ကြော်

 












ဒီနေ့တော့ စားလို့အရမ်းကောင်းပြီး  ကြွတ်ရွမွနေတဲ့ သတ်သတ်လွတ် ကော်ပြန့်လိပ်လေးတွေ  ကြော်စားဖြစ်ပါတယ် ဒါကြောင့်မို့လို့ မာမာကြော်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်များ
  1. ကော်ပြန့်ရွက် - ၁၀ရွက်
  2. ဂေါ်ဖီ - လှီးပြီးသား တရုတ်ဟင်းပြင် ပန်းကန်အလတ် နှစ်လုံးစာ
  3. မုန်လာဥနီ - ခပ်ကြီးကြီး တစ်ဥ
  4. မုံလာဥဖြူ - လှီးပြီးသား တရုတ်ဟင်းပြင် ပန်းကန်အလတ် တစ်လုံးစာ
  5. ကြွက်နားရွက်မှို - ခပ်ကြီးကြီး ၇ခု
  6. ဂျပန်မှိုအခြောက် - ဆယ်ခု
  7. ပဲကြာဇံ - နှစ်ခွေ
  8. ကြက်သွန်မိတ် - ငါးပင်
  9. ကြက်သွန်နီ - ခပ်ကြီးကြီး တစ်လုံး
  10. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  11. ပဲငံပြာရည်အပျစ် - ထမင်းစားဇွန်း နှစ်ဇွန်း
  12. ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း သုံးဇွန်း
  13. မှိုငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  14. သကြား - ထမင်းစားဇွန်း နှစ်ဇွန်း 
  15. ဆား - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း (အငံကြိုက်ပါက အနည်းငယ် ပိုထည့်ပါ)
  16. ဆီ - ထမင်းစားဇွန်း လေးဇွန်း (အသီးအရွက်ကြော်ရန်)
  17. ဆီ - လိုသလောက်သုံးပါ (ကော်ပြန့်ကြော်ရန်)

ပြင်ဆင်ပုံ
  • ပဲကြာဇံကို ရေမြုပ်အောင်ထည့်ပြီး နာရီဝက်လောက် ရေစိမ်ပေးကာ တစ်လက်မခန့် အနေအထားလေးတွေ ပိုင်းထားပေးပါ
  • မှိုနှစ်မျိုးကို ရေမြုပ်အောက်ထည့်ပြီး တစ်နာရီခန့် ရေစိမ်ထားကာ ရေစင်အောင်ဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
  • မုံလာဥနီနှင့် မုံလာဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါးလေးတွေ လှီးထားပါ
  • ဂေါ်ဖီကို ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးထားပါ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓားပြားရိုက်ပြီး ခပ်နုတ်နုတ် စင်းထားပါ
ကော်ပြန့်ကြော်အတွက် အစာများ ကြော်ရန်
  • ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပေးပါ
  • ဆီပူလာတာနဲ့ ကြက်သွန်ဖြူကိုထည့်ပြီး ဆီသတ်ပေးပါ 
  • ကြက်သွန်ဖြူ အနည်းငယ် နွမ်းလာတာနဲ့ မုံလာဥနီ မုံလာဥဖြူ ဂျပန်မှို ကြွက်နားရွက်မှို ပဲကြာဇံ ဂေါ်ဖီ ဆား သကြား ပဲငံပြာရည်အပျစ် ပဲငံပြာရည်အကြည် မှိုငံပြာရည်တို့ထည့်ကာ အနည်းငယ် နွမ်းအောင် ကြော်ပေးကာ အရသာမြည်းပါ
  • မိမိနှစ်သက်တဲ့ အရသာရအောင် ပြင်ပေးပြီးတာနဲ့ ကြက်သွန်မိတ်ကို ထည့်မွှေပေးကာ မီးဖိုပေါ်မှ ဖယ်ပေးကာ အအေးခံထားပါ
  • ပြီးတာနဲ့ အဝတ်စ သန့်သန့်ထဲမှာ ကြော်ထားသော အစာများ ထည့်ပေးကာ ကျစ်နေအောက် ထုတ်ပြီးမှ အရည်များကုန်အောင် ညှစ်ပေးကာ ရေစစ်ပေးပါ
  • အသီးအရွက်ကြော်ထဲမှ ရေများကုန်သွားရင်တော့ ကော်ပြန့်လိပ်ရန် အဆင်သင့် ရပါပြီ
ကော်ပြန့်လိပ်ရန်
  • ကော်ပြန့်ရွက်ကို ပုံပါအတိုင်း ဖြန့်ခင်းပေးပါ
  • ပြီးတာနဲ့ အအေးခံပြီး ရေစစ်ထားသော အသီးအရွက်ကြော်ကို ထမင်းစားဇွန်း နှစ်ဇွန်းခန့်ကို ကော်ပြန့်ရွက်ထောင့်နားမှာ ပုံပေးပါ
  • အစာပုံထားသော အောက်ဖက်မှ စပြီးကော်ပြန့်ရွက်ကို လိပ်ပေးပါ
  • ပြီးတာနဲ့ နောက်တစ်ခေါက် ထပ်လိပ်ပေးပြီး ဘေးနှစ်ဖက်ကို ခေါက်ပေးပါ
  • ဘေးနှစ်ဖက် ခေါက်ပေးပြီးတာနဲ့ အလိပ်ပုံစံလေး ရတဲ့ထိ ထပ်လိပ်ပေးပါ
  • အလိပ်ပုံစံလေးရတာနဲ့ ကျန်နေသော ထောင့်နေရာလေးကို ကော်ရည်အနည်းငယ်ဖြင့် သုတ်ပေးကာ ကပ်ပေးပါ
  • အထက်ပါ ပုံစံအတိုင်း ကြော်ထားတဲ့ အစာများ ကုန်တဲ့အထိ ကော်ပြန့်လိပ်ကို လိပ်ပေးပါ
ကော်ပြန့်ကြော်ရန်
  • လိပ်ထားသော ကော်ပြန့်လိပ်များကို အဆင်သင့် ပြင်ထားပါ
  • ဒယ်အိုးတစ်လုံးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ မီးကို အလယ်လောက်အထိ လျှော့ပေးပါ
  • မီးလျှော့ပြီးတာနဲ့ ကော်ပြန့်လိပ် တစ်ခုခြင်းကို ဆီအိုးထဲကိုထည့်ပြီး ကြော်ပေးပါ
  • ကြော်တဲ့ အခါမှာ မီးမများစေရန် သတိထားပေးပါ
  • တစ်ဖက်က ရွှေအိုရောင် သန်းလာတာနဲ့ နောက်တစ်ဖက်ကို လှန်ပေးပါ
  • နှစ်ဖက်စလုံး ရွှေအိုရောင် သန်းလာတာနဲ့ ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်သွားတာနဲ့  ကော်ပြန့်လိပ်ကော် ကြွတ်ကြွတ်မွှေးမွှေးလေးကို မိမိနှစ်သက်တဲ့ အချဉ်ရည်ဖြင့် တွဲဖက်ကာ စားသုံးနိူင်ပါပြီ။

3 comments:

  1. ကျေးဇူးတင်ပါတယ်နော် မမာ ကျိုးစားကြည့်ပါမယ်

    ReplyDelete
  2. You have already wrote a lot on the Blog Spot. ROI (Return on Investment) and Content Creation on youtube is a lot better. 4K video camera (from amazon) and a portable gas stove, etc. Pallin's Hot Thai Kitchen and Marion's Kitchen (from AU). Example https://www.youtube.com/watch?v=A79dlmoPQXU good luck and please let me know if you started

    ReplyDelete
  3. I hope it is helpful!

    ReplyDelete