Friday 23 June 2023

မတ်ပဲကြော်


 





မတ်ပဲ အခွံမချွတ်ရသေးတာလေးတွေ ဝယ်ထားပြီး စိတ်ထဲမှာ စားချင်တဲ့ အတိုင်းလေးတွေ လုပ်စားဖြစ်ပါတယ် ဒီနေ့တော့ မတ်ပဲကို ရေစိမ်ကာ အကြော်မှုန့်နဲ့ ရောပြီး ပဲကြော်ကြွတ်ကြွတ်လေးတွေ ကြော်ဖြစ်ပါတယ် ဒါကြောင့်မို့လို့ မာမာကြော်ဖြစ်တဲ့ ပဲကြော်ကြော် နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ (အချပ်ကြီး ၁၀ချပ်စာ)
  1. မတ်ပဲ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၂ဗူး
  2. တန်ပူရာမှုန့် - 150 g
  3. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး လေးဗူးကို လက်တလုံးစာ လျှော့ထည့်ပါ
  4. ဆီ - ၂လီတာခန့်

ပြင်ဆင်ပုံ
  • ပဲများကို ရေမြုပ်အောင်ထည့်ပြီး ရေစိမ်ပေးကာ အပေါက်ပါသော ဇကာဖြင့်အုပ်ပြီး တစ်ညလောက် ရေစိမ်ထားပါ
  • မနက်ရောက်လျှင် ရေစိမ်ပြီး ပွနေသော ပဲများကို ရေ၂ထပ်လောက် ဆေးပေးပြီး ရေစစ်ပေးပါ
  • တန်ပူရာမှုန့်ကို ရေနှင့်ပျော်အောင်ဖျော်ပြီး ရေစစ်ထားသောပဲနှင့် ရောမွှေပါ
  • အောက်ခြေ မကပ်သော ဒယ်အိုးကို အသုံးပြုပါ
  • ဒယ်အိုးထဲကို ဆီများများ ထည့်ပေးကာ အပူပေးပါ
  • အိုးထဲမှဆီအငွ့ တက်လာတာနဲ့  မီးကို အလယ်လောက်အထိ လျှော့ပေးပါ
  • ဆီပူလာတာ အနေတော် ဖြစ်ပါက တန်ပူရာမှုန့် အနှစ်စပ်ထားသော ပဲရည်ဖျော်ကို ဟင်းချိုခပ် ယောက်ချိုဇွန်းနှင့် သမအောင်မွှေပြီး ဇွန်းတ၀က်သာသာ ခပ်ကာ အိုးထဲကို ထည့်ပေးပါ
  • ဆီအိုးထဲ ထည့်ရာမှာ ဇွန်းကိုစောင်းပြီး အိုးဘေးအနားဘက်မှစပြီး  အလယ်ကို ရောက်တဲ့အထိ ဖြန့်ပြီးထည့်ပေးကာ အိုးဆန့်သလောက် ထည့်ပေးပါ
  • ပဲစေ့များပြန့်နေမှ အကျက်ညီမှာ ဖြစ်တဲ့အတွက် ပဲစေ့များ ပုံနေပါက အကျက်မညီဘဲ ဖြစ်သွားတတ်ပါတယ်
  • ပဲအနှစ်များ ထည့်ပြီးပါက လှန်ပေးစရာမလိုဘဲ သူ့ဘာသာသူ ကြွတ်ပြီးမွတက်လာမှ အသာလေး ဆယ်ပြီး ဗနာက်တစ်ဖက်ကို လှန်ပေးပါ 
  • ပဲကြော်လေးတွေ ကြွတ်လာပါက ဆယ်ကာ ဆီစစ်ဇကာပေါ်မှာ တင်ပြီး ဆီစစ်ပေးပါ
  • နောက်ထပ် ကျန်သော ပဲများကိုလဲ ပထမ ကြော်သည့်အတိုင်း ထည့်ကြော်ပေးပါ 
  • အားလုံကြော်ပြီး ဆီစစ်သွားပါက မိမိတို့ နှစ်သက်သလို သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment