Wednesday 21 June 2023

မတ်ပဲကြော်


 






အသားဟင်းတွေ မစားချင်လေတော့ အသီးအရွက်တို့ ပဲမျိုးစုံတို့ဘက် လှည့်ဖြစ်လေတိုင်း ပဲဆိုရင် တမျိုးမဟုတ်တမျိုး လုပ်စားဖြစ်ပါတယ်။

အကြော်ကြော်တဲ့ အခါမှာ ဆီများများလေး သုံးဖို့တော့ လိုပါတယ် ဆီများများပါမှ မတ်ပဲကြော် ကြော်တဲ့အခါ မွပြီး ရွနေမှာ ဖြစ်ပါတယ်။

ဒါကြောင့်မို့လို့  ဒီတခါ မတ်ပဲကြော် မွမွလေး ကြော်ဖြစ်သွားလို့ မာမာကြော် ကြော်ဖြစ်သွားတဲ့ ကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. မတ်ပဲ - 1 cup
  2. ငရုတ်သီးစိမ်း - နှစ်သက်သလောက်
  3. ချင်း - ထမင်းစားဇွန်း တဇွန်းစာ
  4. နံနံပင် - ထမင်းစားဇွန်း ၂ဇွန်းစာ
  5. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  6. ခနောကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  7. ဆီ - လိုသလောက်သုံးပေးပါ
  8. ရေ -ထမင်းစားဇွန်း ၄ဇွန်း

ပြင်ဆင်ပုံ
  •  မတ်ပဲကို ရေမြုပ်အောင်ထည့်ပြီး အနည်းဆုံး ၅နာရီခန့် ရေစိမ်ပေးထားပါ
  • ပဲရေစိမ်ထားတာ အချိန်ပြည့်လောက်ပါက ပါ၀င်ပစ္စည်းများကို ပြင်ပေးပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • နံနံပင်ကို ရေဆေးပြီး ခပ်ရိတ်ရိတ် လှီးထားပါ
  • ချင်းကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
  • ရေစိမ်ထားသောပဲကို ကြိတ်စက်ထဲထည့်ပြီး အရင်ဆုံး တမိနစ်လောက် ကြိတ်လိုက်ပါ
  • တမိနစ်လောက် ကြိတ်ပြီးတာနဲ့ စက်ကိုခနနားပြီး ကြိတ်စက်ထဲမှ ပဲများကို ဇွန်းဖြင့် အထက်အောက် မွှေပေးကာ ဘေးမှာကပ်နေတဲ့ ပဲတွေကို ခြစ်ချပေးပါ
  • ပြီးတာနဲ့ ရေ ထမင်းစားဇွန်းတဇွန်း ထည့်ကာ နောက်ထပ် တမိနစ် ဆက်ပြီးကြိတ်ပေးပါ
  • ပဲကြိတ်ချိန် တမိနစ်ပြည့်တာနဲ့ စက်ကိုခနရပ်ပြီး ကြိတ်စက်ထဲက ပဲများကို အထက်အောက် လှန်ကာ ဘေးမှာ ကပ်နေတာတွေ ခြစ်ချပေးပါ
  • နောက်ထပ် ရေထမင်းစားဇွန်း တဇွန်းထည့်ပြီး နောက်ထပ်တမိနစ် ထပ်ကြိတ်ပေးပါ
  • စုစုပေါင်း ရေ ထမင်းစားဇွန်း လေးဇွန်းလောက် ကုန်အောင် ကြိတ်ပေးပြီး ပဲများချောမွတ်စွာ ကျေညက်သွားစေရန် နောက်ထပ် ၃မိနစ်လောက် ထပ်ကြိတ်ပေးပါ
  • ပဲကြိတ်ပြီးပြီဆိုတာနဲ့ ဇလုံတခုထဲ ပြောင်းထည့်ကာ ဆား ကြက်သားမှုန့် နံနံပင် ချင်းနှင့် ငရုတ်သီးစိမ်းတို့ထည့်ကာ ပဲကိုလေ ကောင်းကောင်းခိုလို့ ကောင်းစေမည့် မွှေတံဖြင့် လက်သန်ရာဘက်သို့ အနည်းဆုံး ၂မိနစ်ဆက်တိုက် မွှေပေးပါ
  • ပဲကြော်ရန်အတွက် လေခိုမှု လုံလောက် မလောက်ဆိုတာကို သိစေရန် ရေထည့်ထားသော ဇလုံထဲသို့ ကြိတ်ပြီးသားပဲကို အနည်းငယ်ယူပြီး ထည့်ကြည့်ပါက ပဲလုံးကလေး ရေပေါ်ပေါ်လာလျှင်မတ်ပဲကြော် ကြော်ရန်အသင့် ဖြစ်ပါပြီ။
မတ်ပဲကြော်ရန်
  1. ဒယ်အိုးထဲမှာ ဆီကိုထည့်ပေးပြီး အပူပေးပါ
  2. ဆီအရမ်း ပူလာတာနဲ့ မီးကို အနေတော် လျှော့ပေးလိုက်ပါ
  3. ပြီးတာနဲ့ လက်ကိုရေစွတ်ရန် ရေဇလုံသန့်သန့် တခုကို ပြင်ထားပါ
  4. လက်ကို ရေစွတ်ပြီး ရေများ စိုစွတ်စွာ ပါမလာစေရန် လက်ကိုဆီအိုးနှင့် လွတ်သော နေရာမှာ ခါပေးပြီးမှ အရသာ စပ်ထားသောပဲကို အကြော်တခုစာ ယူလိုက်ပါ
  5. အရသာ စပ်ထားသော ပဲသား တခုစာကို လက်ဝါးပေါ်တင်ပြီး အနည်းငယ်ဖြန့်ကာ လက်ညှိုးနှင့် အလယ်တည့်တည့်ကို ဖောက်ပေးပြီးမှ ဆီပူအိုးထဲကို အသာလေး လျောချပေးပါ
  6. အထက်ပါ နည်းအတိုင်း အရသာ နယ်ထားသော ပဲများကို အိုးဆန့်သလောက် ထည့်ကြော်ပေးပါ
  7. ပဲကြော်နေစဉ်  တဖက်ကျက်ပါက တဖက်ကို လှန်ပေးကာ ၂ဖက်လုံး ရွှေဝါရောင်သန်းလာပါက ဆယ်ပြီး ဆီစစ်ပေးပါ
  8. ဆီစစ်သွားပါက မိမိနှစ်သက်သလို စားသုံးနိူင်သော မတ်ပဲကြော် မွမွလေး ရပါပြီ။

No comments:

Post a Comment