Friday 10 May 2019

ဂဏန်း သင်္ဘောသီးထောင်း










ဒီနေ့လဲ အရင်နေ့ကထက် အအေးပိုလာပြန်ပါတယ် ဒီတော့လဲ ထုံးစံအတိုင်း  စားချင်တာတွေက ချဉ်ငံစပ်လေးတွေပါဘဲ ဒါကြောင့်မို့လို့ ဒီနေ့တော့ သင်္ဘောသီးနဲ့ ဂဏန်းကို ချိုချဉ်ငံစပ်လေး ထောင်းဖြစ်ပြန်ပါတယ်။

ရာသီဥတုနဲ့ လိုက်ဖက်ပြီး အင်မတန်မှ စားလို့ကောင်းလွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး ထောင်တဲ့နည်းလေး နောက်တစ်မျိုးကို ထပ်မံပြီး မျှဝေပေးလိုက် ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. သင်္ဘောသီးစိမ်း - အနေတော် တခြမ်း
  2. ဂဏန်း - အနေတော် ၅ကောင်
  3. ငရုတ်သီး အခြောက်တောင့် - ၅တောင့်
  4. ထန်းလျှက်ခဲ - ကွမ်းသီးဆံ အလုံးလောက် တစ်ခဲ
  5. အရသာမှုန့် - လက်ဖက်ဇွန်း တစ်ဝက်သာသာ
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. ကြက်သွန်ဖြူ-  အမွှာကြီးကြီး ၃မွှာ
  8. ငါးငံပြာရည်အနောက် -ထမင်းစားဇွန်း တစ်ဇွန်း
  9. ငါးငံပြာရည်အကြည် - ထမင်းစားဇွန်း တစ်ဇွန်း 
  10. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ (ဂဏန်းပြုပ်ရန်)
  11. ချယ်ရီခရမ်းချဉ်သီး - ၁၀လုံးခန့်(သို့ ) ခရမ်းချဉ်သီး အလုံးကြီးကြီး တစ်လုံး
  12. သံပုရာသီး - တစ်လုံး (အချဉ်ကြိုက်ပါက ပိုထည့်ပါ )
ပြင်ဆင်ပုံ
  • သင်္ဘောသီးကို  အခွံခွာပြီး အမြှောင်းရှည်ရှည်လေးတွေ ရအောင်ခြစ်ထားပါ
  • ခြစ်ပြီးသော သင်္ဘောသီးများကို သင်္ဘောသီး အစိမ်းနံ့မနံအောင် ရေများများနဲ့ ဆေးပြီးရေစစ်ထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး တ၀က်ဝက် ခြမ်းထားပါ
  • ခရမ်းချဉ်သီး အလုံးကြီးကို သုံးပါက ခပ်ထူထူလေး လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
  • သံပုရာသီးကို ရေဆေးပြီး ထက်ခြမ်း ခြမ်းပေးထားပါ
  • ဂဏန်းကို မလိုတာတွေဖယ်ပြီး ရေဆေးထားပါ
  • ရေဆေးပြီးတာနဲ့ အိုးတစ်လုံးထဲမှာ ဂဏန်း ရေအနည်းငယ်နှင့် ထည့်ပြီး ဆားအနည်းငယ်နှင့်နယ်ကာ ရေခမ်းအောင် ပြုပ်ပေးပါ
  • ပြုပ်ထားသော ဂဏန်း ရေခမ်းတာနဲ့ အအေးခံပေးထားပါ 
ထောင်းရန်ပြင်ဆင်ပုံ
  • ငရုတ်ဆုံ ခပ်ကြီးကြီးထဲမှာ ထန်းလျှက်ခဲ ကြက်သွန်ဖြူ ငရုတ်သီးအခြောက်တောင့်နှင့် ဆားတို့ကိုထည့်ပြီး မညက်တညက် ထည့်ထောင်းပါ
  • ပြီးတာနဲ့ သင်္ဘောသီးနှင့် ခရမ်းချဉ်သီးတို့ကို ထည့်ထောင်းပေးပါ
  • အနည်းငယ် သမသွားတာနဲ့ ငံပြာရည်နှစ်မျိုးလုံးနှင့် အရသာမှုန့်တို့ကို ထည့်ထောင်းပေးပါ
  • ထောင်းနေစဉ် အရသာ သမသွားအောင် ဇွန်းအရိုးရှည်ရှည်နှင့် မွှေမွှေပေးပါ
  • မိမိအသုံးပြုပြီး ထောင်းသော ကျည်ပွေ့ပေါ် မူတည်ပြီး သင်္ဘောသီးကို ကြည့်ထောင်းပါ
  • ကျောက်ကျည်ပွေ့ဆိုပါက ၅ချက်မှ ၁၀ချက်လောက် ခပ်ဖွဖွလေး ထောင်းပေးပါ 
  • သစ်သားကျည်ပွေ့ဆိုပါက အချက် ၁၅ချက် လောက် ခပ်ဖွဖွလေး ထောင်းပေးမှ အရသာ၀င်ပါတယ်
  • သင်္ဘောသီး ထောင်းတယ်ဆိုပေမဲ့ အရမ်းညက်နေအောင် ထောင်းစရာမလိုဘဲ ခပ်ဖွဖွထောင်းလိုက် ဇွန်းနဲ့မွှေလိုက် လုပ်ပေးရပါတယ်
  • အေရသာ သမလောက်ပြီဆိုတာနဲ့ ဂဏန်းနှင့် သံပုရာရည်တို့ကို ထည့်ပြီး ခပ်ဖွဖွလေး ၄ချက်လောက် ထောင်းပေးပါ
  • ထာင်းနေစဉ် အရသာ မြည်းပေးပြီး မိမိနှစ်သက်တဲ့ အရာ ရတဲ့အထိ ပြင်ပေးပါ
  • ပြိးတာနဲ့ ဂဏန်း သင်္ဘောသီးထောင်း  ချိုချဉ်ငံစပ်လေးကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

No comments:

Post a Comment