Wednesday 22 May 2019

တမာဖူးသုပ်







ဒီနေ့တော့ ဗီယက်နမ် စျေးကအပြန် ဝယ်လာတဲ့ တမာဖူးလေးတွေကို ချဉ်ငံစပ်ခါး အရသာလေးတွေ ရလာအောင် တမာဖူးလေးတွေကို သုပ်ပါတယ် မာမာကတော့ အခါးကြိုက်တဲ့ သူမို့လို့ frozen လုပ်ထားတဲ့ တမာဖူးလေးတွေကို အကြာကြီး ထပ်မပြုပ်တော့ဘဲ သုံးမိနစ်လောက်ဘဲ ပြုပ်ပေးကာ ချဉ်ငံစပ်ခါးလေး ပြင်ဆင်ပြီးသုပ်ထားပါတယ်။

ပါ၀င်ပစ္စည်းများ

တမာဖူး - 227 g
ခရမ်းချဉ်သီး - အနေတော် သုံးလုံး
ငရုတ်သီးစိမ်း - စားနိူင်သလောက်
ပဲအကျက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်
ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်
ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
ကြက်သွန်ဖြူ  ဆီချက် - ထမင်းစားဇွန်း နှစ်ဇွန်း
ကြက်သွန်နီ - အနေတော် နှစ်လုံး
ကြက်သွန်ဖြူ - အမွှာကြီးကြီး လေးမွှာ (အသုပ်ထဲထည့်ရန်)
ကြက်သွန်ဖြူ  ဆီချက်အဖတ် - ထမင်းစားဇွန်း တစ်ဇွန်း
ငရုတ်သီး အလှော်မှုန့် - စားနိူင်သလောက်
မန်ကျည်းသီးမှည့်အနှစ် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
သံပုရာရည် - လက်ဖက်ရည်ဇွန်း တဇွန်းသာသာ
အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
ဆီ - ဆီချက်ချက်ရန် မိမိလိုသလောက်ကို သုံးပေးပါ

ဆီချက်ချက်ရန်
ကြက်သွန်ဖြူ  အမွှာ နှစ်ဆယ်ခန့်ကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
ဆီကိုအပူပေးပြီး နနွင်းမှုန့်ထည့်ပေးပါ 
ဆီပူလာတာနဲ့ ကြက်သွန်ဖြူကို ထည့်ကြော်ပါ
ကြက်သွန်ဖြူ များ အဝါရောင် သန်းလာတာနဲ့ ဆယ်ပြီးဆီစစ်ထားပါ
ဆီအေးသွားမှ ကြက်သွန်ကြော်များနှင့် ရောပေးပါ
ပြင်ဆင်ပုံ
တမာဖူးများကို ရေစင်အောင်ဆေးပြီး ရေနွေးဆူဆူနှင့် သုံးမိနစ်ခန့် ပြုပ်ပေးပါ။
ပြုပ်ပြီးပါက ရေအေးနဲ့ဆေးပြီး ရေများကုန်သွားအောင် လက်နှင့်ဆုတ်ပြီး ညှစ်ပေးကာ အနေတော်လေးတွေ လှီးပေးထားပါ။
ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ။
ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ပြီး ခပ်နုတ်နုတ် လှီးထားပါ။
ငရုတ်သီးစိမ်းကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ။
ခရမ်းချဉ်သီးကို အလုံးလိုက်ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ။
ကြက်သွန်ဖြူ ဆီချက်နှင့် ဆီချက်အဖတ်နှင့် ပါဝင်ပစ္စည်းများကို ပြင်ထားပါ။
ဇလုံကျယ်ကျယ်ထဲမှာ တမာဖူး ကြက်သွန်နီ ကြက်သွန်ဖြူ ပုဇွန်ခြောက်မှုန့် ပဲမှုန့် ငရုတ်သီးမှုန့် ငရုတ်သီးစိမ်း အရသာမှုန့် ကြက်သွန်ဖြူဆီချက် ဆီချက်အဖတ် မန်ကျည်းသီးမှည့်အနှစ် ငံပြာရည်နှင့် သံပုရာရည်တို့ထည့်ပြီး ခပ်ဖွဖွ နယ်ပေးပါ။
နယ်ဖတ်ပြီးပါက အရသာမြည်းပြီး မိမိနှစ်သက်တဲ့ အရသာ ရလာအောင် လိုသလိုပြင်ပေးကာ သံပုရာသီးနံ့မွှေးမွှေးနဲ့ တမာဖူးသုပ် ချဉ်ငံစပ်ခါး အသုပ်လေးကို နှစ်သက်သလို စားသုံးနိူင်ရန် ပြင်ပေးနိူင်ပါပြီ။

No comments:

Post a Comment