Monday 6 May 2019

ငရုတ်ရွက်သုပ်





ဒီနေ့တော့ အိမ်မှာစိုက်ထားတဲ့ ငရုတ်ပင်တွေက ငရုတ်ရွက်တွေခူးပြီးတော့ ချဉ်ငံစပ် အသုပ်လေး သုပ်စားဖြစ်ပါတယ် ငရုတ်ရွက်ကလက်ဖက်ရွက်ထက် စားလို့ကောင်းလွန်းတဲ့အတွက်  ငရုတ်ရွက်လေးတွေ အဆင်သင့်ရှိနေရင် သုပ်စားနိူင်အောင် မာမာသုပ်တဲ့နည်းလေး မျှဝေပေးလိုက်ပါတယ်ရှင်။

နူးညံ့ပြီး စားလို့လဲ အရမ်းကောင်းပါတယ် မာမာကတော့ ထမင်းနဲ့မစားဘဲ ရေနွေးကြမ်းလေးနဲ့ အမြည်းလုပ်လိုက်ပါတယ် အိမ်မှာငရုတ်ပင်လေးလဲရှိနေမယ် အရွက်တွေလဲ လှိုင်နေမယ်ဆိုရင်တော့ အရွက်အနုရော ခပ်ထွေထွေ အရွက်လေးတွေပါခူးပြီး နှစ်ရည်လောက်ပြုပ်ပြီး သုပ်စားကြည့်စေချင်ပါတယ်။

ပါ၀င်ပစ္စည်းများ

အရွက်များ ခြွေထားသော ငရုတ်ရွက် - အနေတော် ဇကာတစ်လုံး
နှမ်းလှော် - ထမင်းစားဇွန်း တစ်ဇွန်း
ပဲအကျက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်
ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်
ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
ကြက်သွန်နီဆီချက် - ထမင်းစားဇွန်း နှစ်ဇွန်း
ကြက်သွန်နီ - အနေတော် တစ်ခြမ်း
ငရုတ်သီး အလှော်မှုန့် - စားနိူင်သလောက်
သံပုရာရည် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်

ပြင်ဆင်ပုံ
ငရုတ်ရွက်ကို ရေစင်အောင်ဆေးပြီး နှစ်မိနစ်ပြုပ်ကာ ရေသွန်ပေးပါ
နောက်တစ်ကြိမ် ရေမြုပ်အောင် ထပ်ထည့်ပေးပြီး နောက်ထပ်နှစ်မိနစ် ထပ်ပြုပ်ပေးပါ
ပြုပ်ပြီးပါက ရေအေးနဲ့ဆေးပြီး ရေများကို လက်နှင့်ဆုတ်ပြီး ညှစ်ပေးပါ
ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
ဇလုံကျယ်ကျယ်ထဲမှာ ငရုတ်ရွက်ပြုပ် ကြက်သွန်နီ နှမ်းလှော် ပုဇွန်ခြောက်မှုန့် ပဲမှုန့် ငရုတ်သီးမှုန့် အရသာမှုန့် ကြက်သွန်ဖြူဆီချက် ငါးငံပြာရည်နှင့် သံပုရာရည်တို့ထည့်ပြီး ခပ်ဖွဖွနယ်ပေးပါ
နယ်ဖတ်ပြီးပါက အရသာမြည်းပြီး လိုသလို ပြင်ပေးကာ သံပုရာသီးနံ့မွှေးမွှေးလေးနဲ့ ငရုတ်ရွက်သုပ်လေးကို နှစ်သက်သလို စားသုံးနိူင်ပါပြီ။

No comments:

Post a Comment