Sunday 13 September 2015

ချဉ်ငံစပ် လက်ဖက်ထောင်း


လက်ဖက်နှပ်နည်းလေးတွေ အဆင့်ဆင့် ရေးပြီးပြီမို့ အခုတော့ ပွဲပြင်လက်ဖက်နှပ်နည်းလေး ရေးပေးချင်ပါတယ် လက်ဖက်ကို နှစ်သက်သလို သုပ်စား ချက်စားကြတာမို့လို့ အခုလို ပွဲပြင်လက်ဖက်နှပ်နည်းလေးကလည်း ဧည့်သည်လာတဲ့အခါ အသုံးပိုပြီး ၀င်သလို အရသာ ပိုပြီးကောင်းတဲ့ လက်ဖက်သုပ်ပြင်ဖို့အတွက် ဧည့်သည် လျှာလည်စေမဲ့ နည်းလေးပါ။

လက်ဖက်နှပ်ပုံ နှပ်နည်းလေးကတော့ အတူတူပါဘဲ အများနှစ်သက်တဲ့ ရွှေပုဇွန်ခြောက် အကောင်လိုက်ထည့်ပြီး နှပ်လိုက်တဲ့အတွက် မျက်နှာပန်းပိုပြီး လှစေသလို အရသာလဲ ပိုစေတဲ့ ချဉ်ငံစပ် လက်ဖက်နှပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပွဲပြင်လက်ဖက်နှပ်ရန် ပါဝင်ပစ္စည်းများ

  1. လက်ဖက်အသား (လက်ဖက်အညွန့် )  - ထမင်းစားဇွန်း ဇွန်းနှစ်ဆယ်စာ
  2. ပုဇွန်ခြောက်မှုန့် -  ထမင်းစားဇွန်း ဆယ်ဇွန်း
  3. ကြက်သွန်ဖြူ  - အမွှာကြီးကြီး ဆယ်မွှာ
  4. ငရုတ်သီးစိမ်း - အတောင့်နှစ်ဆယ် 
  5. ပုဇွန်ခြောက် - အကောင် ၂၀ခန့်
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  7. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. မြေပဲဆီစစ်စစ် - လက်ဖက်အသားမြုပ်တဲ့အထိ သုံးပေးပါ
  9. လက်ဖက်အရွက်က အရွက်ကြမ်း ဖြစ်ပါက လက်ဖက်အသားကို ရေနှစ်ထပ်လောက်ဆေးပြီး ရေစင်အောင် ညှစ်ပေးပြီးမှ ငရုတ်ဆုံထဲမှာ ညက်နေအောင် ထည့်ထောင်းပေးပါ။

ပြုလုပ်ပုံ
  • လက်ဖက်အညွန့်ကို ရေနှင့် ခပ်ဖွာဖွာလှုပ်ပြီး ဆေးကာ လက်နှစ်ဖက်နှင့် ရေစင်အောင် ညှစ်ပေးပါ
  • ရေစစ်သွားပါက ဇလုံကျယ်ကျယ် တစ်လုံးထဲ ထည့်ပြီး ဖွထားပါ
  • ကြက်သွန်ဖြူ ခွန်နှစ်မွှာကို အခွံခွာကာ ရေဆေးပြီး မညက်တစ်ညက် ထောင်းပေးပါ
  • ကျန်ကြက်သွန်ဖြူ သုံးမွှာကို အခွံခွာပြီး ရေဆေးကာ အကွင်းလိုက် လှီးထားပါ
  • ငရုတ်သီးစိမ်း ၁၃တောင့်ကို ရေဆေးပြီး ညက်နေအောင် ထောင်းထားပါ
  • ကျန်သော ငရုတ်သီးစိမ်းကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • ဆား ပုဇွန်ခြောက်မှုန့် ငရုတ်သီးစိမ်းထောင်း အချိုမှုန့် ကြက်သွန်ဖြူထောင်းတို့ ထည့်ပေးပြီး ခပ်ဖွဖွ အားလုံးသမအောင် နယ်ပေးပါ
  • အရသာ နယ်ပြီးတာနဲ့ မြည်းကြည့်ပြီး လိုသလို ပြင်ပေးကာ ပုဇွန်ခြောက် အကောင်လိုက် ခပ်ပါးပါး လှီးထားသော ငရုတ်သီးစိမ်း အကွင်းလိုက်လှီးထားသော ကြက်သွန်ဖြူနှင့် ဆီတို့ထည့်ပြီး သမအောင် နယ်ပေးပါ
  • အားလုံး အရသာ သမသွားပါက လေလုံသော ဖန်ပုလင်းထဲတွင် ဆီမြုပ်အောင်ထည့်ပြီး ရေခဲသေတ္တာထဲမှာ ထားစားပါက နှစ်ပေါက်အောင် စားသုံးနိုင်တဲ့ ပွဲပြင်လက်ဖက် ချဉ်ငံစပ်နှပ်လေး ရပါပြီ။

2 comments:

  1. အစ်မရဲ့ လက်ဖက်နှပ်နည်းလေးတွေက ကောင်းလိုက်တာနော် ....
    ပုစွန်ခြောက်အကောင်လိုက် ထည့်နှပ်တာ မသိလို့ မှတ်သွားပါတယ် .... ^___^

    ReplyDelete
    Replies
    1. ပုစွန်ခြောက် အကောင်လိုက်လေး ထည့်နှပ်တော့ အရသာ ပိုပြီးကောင်းတာပေါ့နော် :-D

      Delete