Sunday 13 September 2015

လက်ဖက်အချိုထောင်း



ဒီနေ့တော့ ကျောင်းပိတ် အလုပ်ပိတ်ရက်လေးကလဲ ဖြစ်ပြန် မိသားစုစုံတဲ့ ရက်လေးလဲ ဖြစ်ပြန်လေတော့ လက်ဖက်အသားလေး နှပ်တန်တာနှပ် သုပ်တန်တာသုပ် ဖြစ်ပါတယ် အစားအသောက် ပြင်ဆင်နေရရင် မပျင်းတတ်လေတော့ မာမာတစ်ယောက် မီးဖိုဆောင်ထဲမှာ အလုပ်ရှုပ်ရ ပြန်ပြီပေါ့နော်။

အခုတော့ လက်ဖက်အချို နှပ်နည်းလေး မျှဝေချင်ပါတယ် တစ်ယာက်နဲ့တစ်ယောက် နှပ်ပုံနှပ်နည်းလေးတွေ  ကွာချင်ကွာပါလိမ့်မယ် မာမာကတော့ မာမာ့အမေ အလှူ အတမ်းတွေ ကျွေးတဲ့အခါမှာ နှပ်တဲ့နည်းလေးအတိုင်း နှပ်ထားတာပါ စားတဲ့အခါ အရသာကတော့ နတ်သုဒ္ဒါလိုပါဘဲရှငိ။

လက်ဖက်အချိုနှပ်ရန် ပါဝင်ပစ္စည်းများ

  1. လက်ဖက်အသား (လက်ဖက်အညွန့် )  - ထမင်းစားဇွန်း ဆယ့်ငါးဇွန်း
  2. ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း ငါးဇွန်းမောက်မောက်
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၁ဆယ့်ငါးမွှာ
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  5. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. မြေပဲဆီစစ်စစ် - လိုသလောက် သုံးပေးပါ
  7. လက်ဖက်အညွန့်မဟုတ်ဘဲ လက်ဖက်အကြမ်းကို သုံးပါက လက်ဖက်အသားကို ရေ ၂ထပ်လောက်ဆေးပြီး ရေစင်အောင်ညှစ်ကာ ငရုတ်ဆုံထဲမှာ ညက်နေအောင် ထောင်းပေးပြီးမှ လက်ဖက်ကို နှပ်ပေးပါ

ပြုလုပ်ပုံ
  • လက်ဖက်အညွန့်ကို ရေနှင့် ခပ်ဖွာဖွာလှုပ်ပြီး ဆေးကာ လက်နှစ်ဖက်နှင့် ရေစင်အောင် ညှစ်ပေးပါ
  • ရေစစ်သွားပါက ဇလုံကျယ်ကျယ် တစ်လုံးထဲထည့်ပြီး ဖွထားပါ
  • ကြက်သွန်ဖြူ  ဆယ်မွှာကို အခွံခွာပြီး ရေဆေးကာ မညက်တစ်ညက် ထောင်းထားပါ
  • ကျန်တဲ့ငါးမွှာကို အခွံခွာပြီး ရေဆေးကာ မထူမပါး အနေတော် အကွင်းလိုက်လှီးထားပါ
  • ရေဆေးထားသော လက်ဖက်အသားများ ဆား ပုဇွန်ခြောက်မှုန့် အချိုမှုန့် ကြက်သွန်ဖြူထောင်းတို့ကို ဇလုံတစ်လုံးထဲမှာ ထည့်ပေးပြီး ခပ်ဖွဖွ အားလုံးသမအောင် နယ်ပေးပါ
  • အရသာ နယ်ပြီးတာနဲ့ မြည်းကြည့်ပြီး လိုသလိုပြင်ပေးကာ အကွင်းလိုက် လှီးထားသော ကြက်သွန်ဖြူနှင့် ဆီထည့်ပြီး သမအောင် နယ်ပေးပါ
  • အရသာ အားလုံးသမ သွားပါက လေလုံသော ဖန်ပုလင်းထဲတွင် ထည့်ပေးပါ
  • လက်ဖက်အသားများ ဆီမြုပ်အောင်ထည့်ပြီး အဖုံးလုံအောင် ပိတ်ပေးကာ  ရေခဲသေတ္တာထဲမှာ ထားပြီးစားပါက နှစ်ပေါက်အောင် စားသုံးနိုင်တဲ့ လက်ဖက်အချိုနှပ်လေးရပါပြီ။

2 comments:

  1. လက်ဖတ် ကိုယ့်ဖာသာ နှပ်ဖို. လက်ဖတ်အညွန်.ရွက်ကို နိုင်ငံခြားမှာ ဆို ဘယ်လိုခေါ်ပြီး ဘယ်လိုနေရာမှာ ၀ယ်လို.ရပါသလဲ ပြောပြပါဦး။ ဗူးပုံ၊ အထုတ်ပုံ ရှိရင် ပြပါလား

    ReplyDelete
  2. နေတဲ့နိုင်ငံ အပေါ်မူတည်ပါသေးတယ်
    စင်္ကာပူလိုနေရာမျိုးဆိုရင်တော့ မြန်မာဆိုင်တိုင်းမှာ ရနိုင်ပါတယ် အနောက်နိုင်ငံတွေမှာတော့ ရှိမယ် မထင်ဘူးနော်

    ReplyDelete