Sunday 20 September 2015

သီးစုံ ပဲကုလားဟင်း



သီးစုံပဲချဉ်ရည်ဟင်းလေးပါ ဒီဟင်းလေးက မာမာ့အမေ ချက်တဲ့နည်းအတိုင်း ချက်ထားတာပါ အလှူထမင်းတွေကို ကိုယ်တိုင်ချက်တတ်တဲ့ မာမာ့အမေက ဟင်းကို မျိုးစုံအောင် ချက်တတ်သလို မုန့်ကိုလဲ မျိုးစုံအောင် လုပ်တတ်ပါတယ်။

အခုလဲ အလှူအတန်းတွေမှာ ခြံထဲက ငှက်ပျောခိုင် အစိမ်းကိုခုတ်ပြီး အမေချက်လေ့ရှိတဲ့ ပဲချဉ်ရည်ဟင်းနည်းလေး အတိုင်း မာမာချက်ထားတာလေး မျှဝေပေးပါမယ် ငှက်ပျောသီးအစိမ်းက ချက်ပြီးတဲ့အခါမှာ စေးထန်းထန်းလေးနဲ့မို့ စားလို့အရမ်းကောင်းသလို လက်ပံခေါင်းပါတဲ့အတွက် ငါးခြောက်ထည့်စရာ မလိုအောင်ကို စားကောင်းတဲ့ ဟင်းတမယ်ပါ အသီးအရွက်တွေကိုတော့ ကိုယ်ကြိုက်တာ ထည့်ပြီး ချက်လို့ရပါတယ် မာမာကတော့ မာမာ့ခြံထွက် ခရမ်းသီး ငရုတ်သီးစိမ်း ပျဉ်းတော်သိမ်းရွက်တို့ ခူးပြီး ချက်ထားပါတယ်။

ပါဝင်ပစ္စည်းများ

  1. ကုလားပဲခြမ်း - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တစ်ခွက်
  2. ငှက်ပျောသီးအစိမ်း - ၂လုံး
  3. ခရမ်းသီး အရှည် -၂လုံး
  4. လက်ပံခေါင်း - ၁၀ခု
  5. အာလူး - ခပ်ကြီးကြီး တစ်လုံး
  6. မုံလာဥနီ - အနေတော် တစ်ဥ
  7. ငရုတ်သီးစိမ်း - အတောင့်ကြီးကြီး ၂တောင့်
  8. မကျည်းသီးမှည့် - ကွမ်းသီးဆံလုံးလောက် 
  9. ပျဉ်းတော်သိမ်းရွက် - အခက်ကြီးကြီး ၂ခက်
  10. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ (သို့မဟုတ်)
  11. ငါးငံပြာရည် - ထမင်းစားဇွန်း ၃ဇွန်း
  12. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  13. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ပဲပြုပ်ထဲနှင့်ဆီသတ်ရာတွင် သုံးရန်)
  14. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  15. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  16. ချင်း - လက်တဆစ်ရဲ့တစ်ဝက်
  17. ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  18. ဆီ - ထမင်းစားဇွန်း ၃ဇွန်း

ပြင်ဆင်ပုံ
  • ကုလားပဲဆန်ကို ရေဆေးပြီး ရေမြုပ်အောင်ထည့် နနွင်းမှုန့် အနည်းငယ်ထည့်ပြီး ပဲအရမ်းနူးမသွားအောင် ပြုပ်ထားပါ
  • ငှက်ပျောသီးကို အခွံမခွာဘဲ လက်၂လုံးလောက် အနေတော်လှီးပြီး ရေနာရီဝက်လောက် စိမ်ထားပါ
  • အာလူးကို အခွံခွာပြီး အနေတော်တုံးကာ ရေနာရီဝက်လောက် စိမ်ထားပါ
  • လက်ပံခေါင်းကို ရေနာရီဝက်လောက် စိမ်ထားပါ
  • မကျီးသီးမှည့်ကို ရေတထပ်ဆေးပြီး ရေစိမ်ထားပါ
  • မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ လက်တဆစ်အရွယ် တုံးထားပါ
  • ခရမ်းသီးကို တစ်ဝက်ဖြတ်ပြီး ရေစိမ်ထားပါ
  • ကြက်သွန်ဖြူ  ကြက်သွန်နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီးမှုန့်တို့နဲ့ရောပြီး ထောင်းထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးတစ်လုံးကို အပူပေးပြီး ဆီထည့်ပါ 
  • ဆီပူလာတာနဲ့ နနွင်းမှုန့်ထည့်ကာ ငရုတ်သီးထောင်းကို ထည့်ပြီးမွှေးလာအောင် ဆီသတ်ပေးပါ 
  • ဆီသတ်နံ့မွှေးလာတာနဲ့ ပျဉ်းတော်သိမ်းရွက်များကိုထည့်ပြီး ဆီသတ်ပါ
  • ပြီးတာနဲ့ ဟင်းချက်ရန် ပြင်ထားသော အသီးများကို ရေစစ်ပြီး ထည့်ဆီသတ်ပါ 
  • အသီးအရွက်များ ထည့်ပြီးတာနဲ့ ဆား (သို့) ငံပြာရည်ကို တစ်ခါထဲ ထည့်မွှေပေးပါ
  • အသီးများနည်းနည်း နွမ်းလာတာနဲ့ ဇောက်နက်သော အိုးတစ်လုံးထဲ ပြောင်းထည့်ပြီး ရေကို တရုတ်ဟင်းရည်သောက် ပန်းကန် ၂လုံးစာထည့်ပြီး အသီးများနူးအောင် တည်ပေးပါ
  • အသီးများ နူးများလာတာနဲ့ ပြုပ်ထားသော ပဲကိုထည့်ပြီး ငရုတ်သီးစိမ်း အတောင့်လိုက်နှင့် ရေစိမ်ထားသော မကျည်းမှည့်ကို လက်နဲ့ဖျော်ပြီး မကျည်းရည်ကို ထည့်ပေးပါ
  • ဟင်းရည်ပွက်ပွက် ဆူပါက အရသာမှုန့်ထည့်ပြီး မွှေပေးပါ
  • ပြီးတာနဲ့ အရသာကို လိုသလို ပြင်ပေးကာ စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

2 comments:

  1. သီးစုံချဉ်ရေကို ဒီတိုင်း ရိုးရိုးဘဲ ချက်ဖူး၊ စားဖူးတာ .. ဌက်ပျောသီးစိမ်းထည့်တာ ကို ခုမှ သိတယ် အစ်မရေ ..
    အစ်မရဲ့ ဟင်းချက်နည်းတွေက အရမ်းမိုက်တယ် .. (ဗန်းစကားနော်) So cool!
    နည်းသစ်တွေ သိရလို့ ကျေးဇူးတင်ပါတယ် .... ^___^

    ReplyDelete
    Replies
    1. ဗန်းစကားလေးနဲ့ပြောလဲ ခပ်မိုက်မိုက်လေးမို့ အရမ်းကို ကျေနပ်မိတယ်နော် :-D

      Delete