Tuesday 22 September 2015

ပြောက်းဖူး လက်ဖက်သုပ်


နေ့လည်နေ့ခင်း ဘာလေးစားရင် ကောင်းမလဲ စဉ်းစားလိုက်တိုင်း စိတ်ထဲမှာ အများဆုံး ပေါ်လာတာက လက်ဖက်သုပ်လေးပါဘဲ ဒီနေ့တော့ လက်ဖက်ကို ပြောင်းဖူးစေ့လေးတွေရောပြီး သုပ်ထားပါတယ် အရသာ တစ်မျိုးပြောင်းပြီး သုပ်စားတာပေါ့နော်။

လက်ဖက်အသားကိုတော့ ချဉ်ငံစပ်လေး နှပ်ထားနဲ့ အင်မတန်မှ လိုက်ဖက်ပါတယ် ချဉ်ငံစပ်လေးကို ပြောင်းဖူး အချိုလေးရောပြီး သုပ်ထားတာမို့ ချိုချဉ်ငံစပ် အရသာ တစ်မျိုးလေးမို့လို့ သုပ်စားကြည့်စေချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ချဉ်ငံစပ်နှပ်ထားသော လက်ဖက်အသား - ထမင်းစားဇွန်း သုံးဇွန်းမောက်မောက်
  2. လက်ဖက်အကြော်စုံ - ထမင်းစားဇွန်း ဆယ်ဇွန်း
  3. ခရမ်းချဉ်သီး - အနေတော် တစ်လုံး
  4. ဂေါ်ဖီ - အနေတော် တစ်စိတ်
  5. ပြောင်းဖူးပြုပ် -  ထမင်းစားဇွန်း ငါးဇွန်း
  6. ပုဇွန်ခြောက် - အကောင်ကြီးကြီး အကောင်နှစ်ဆယ်ခန့်
  7. ကြက်သွန်ဖြူ - နှစ်သက်သလောက်
  8. ငရုတ်သီးစိမ်း - နှစ်သက်သလောက်
  9. ပဲဆီစိမ်း - ထမင်းစားဇွန်း သုံးဇွန်း
  10. ဆား - လက်ဖက်ရည်ဇွန်း တ၀စ်က်
  11. သင်္ဘောရွက်အနု - နှစ်သက်သလောက်

 ပြင်ဆင်ပုံ
  • ဂေါ်ဖီကို ခပ်ပါးပါးလှီးပြီး ရေဆေးထားပါ
  • ခရမ်းချဉ်သီးကို အလုံးလိုက် ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • ပြောင်းဖူးကို ပြုပ်ပြီး အစေ့ခြွေထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
  • သင်္ဘောရွက်နှင့် ငရုတ်သီးစိမ်းကို ရေဆေးထားပါ 
  • ဇလုံကျယ်ကျယ် တစ်လုံးထဲမှာ လက်ဖက်အသားနှင့်အတူ လက်ဖက်အကြော်စုံ ပြောင်းဖူး ဂေါ်ဖီခရမ်းချဉ်သီး ဆား နှင့်ဆီတို့ထည့်ကာ ခပ်ဖွဖွ နယ်ပေးပါ
  • အရသာ နယ်ပြီးတာနဲ့ပြင်မည့် ပန်းကန်ထဲ သင်္ဘောရွက်ခင်းကာ လက်ဖက်သုပ်ပြီးသားကို ခပ်ဖွဖွ ထည့်ပေးပါ
  • လက်ဖက်သုပ်ပေါ်မှ ပုဇွန်ခြောက်ကို ဖြူးပေးကာ ငရုတ်သီးစိမ်း ကြက်သွန်ဖြူတို့ကို ပန်းကန်ထဲထည့်ပေးပါ
  • ပန်းကန်ထဲမှာ ခင်းထားသော သင်္ဘောရွက်ကို တစ်လုပ်စာလေးတွေဖဲ့ပြီး ပြောင်းဖူးလက်ဖက်သုပ် ထည့်ကာ ကြက်သွန်ဖြူ  ငရုတ်သီးစိမ်းတို့နှင့် တွဲဖက်ကာ စားသုံးနိုင်ပါပြီ။


5 comments:

  1. လက်ဖက်သုပ်ကတော့ ကြိုက်ပြီးသားမို့ တဝကြီးကိုဘဲ အားပေးသွားပါတယ်နော် .... ^___^

    ReplyDelete
  2. ကျေးဇူးပါ ညီမလေးရေ

    ReplyDelete
  3. This comment has been removed by the author.

    ReplyDelete
  4. စားချင်စဖွယ်လေးတွေအမြဲတင်ပေးတဲ့တီတီရေ....တချို့ဟာလေးတွေ ကူးယူဖော်ပြခွင့်ပြုပါနော်....Credit နဲ့အတူပါ

    ReplyDelete
    Replies
    1. ယူပါနော် သမီးရေ

      Delete