Saturday 19 September 2015

လက်ဖက် အကြော်စုံသုပ်


လက်ဖက်လို့ဆိုလိုက်တာနဲ့ မစားဖူးသူတွေလဲ တစ်ခါလောက်စားမိရင် နောက်ထပ်စားချင်စိတ်ပေါ်စေတဲ့ အစာလေးပါ မာမာ့သားနဲ့သမီးလေးဆို လက်ဖက်သုပ်သာပါရင် ဟင်းမလိုလောက်အောင်ကို ကြိုက်ကြပါတယ်။

လက်ဖက်သုပ်လို့ဆိုလိုက်ရင် မာမာတို့မြန်မာလူမျိုးတွေ ကျွမ်းကျွမ်းကျင်ကျင်ကို သုပ်တတ်ကြပါတယ် အချိုသုပ် အချဉ်သုပ် အစိမ့်သုပ် ချဉ်ငံစပ်သုပ် မျိုးစုံသုပ်တတ်ကြသလို ကိုယ့်ပါးစပ်ကို ခံတွင်းတွေ့စေမဲ့  အသီးအနှံလေးတွေနဲ့ တွဲဖက်ပြီး သုပ်တတ်ကြပါတယ်။

ဒီနေ့တော့ လက်ဖက်သုပ်ကို နှစ်သက်သလို သုပ်စားကြတဲ့ အထဲက ခရမ်းချဉ်သီး ဂေါ်ဖီလေးနဲ့သုပ်ပြီး သုပ်ပြီးသား လက်ဖက်လေးကို သင်္ဘောရွက်လေးနဲ့ ထုတ်ပြီးစားရတဲ့ အရသာရှိတဲ့ လက်ဖက်သုပ်နည်းလေးကို ပြောပြပါမယ်။

ပါဝင်ပစ္စည်းများ

  1. အချိုနှပ်ထားသော လက်ဖက်အသား - ထမင်းစားဇွန်း နှစ်ဇွန်းမောက်မောက်
  2. လက်ဖက်အကြော်စုံ - ထမင်းစားဇွန်း ဆယ်ဇွန်း
  3. ခရမ်းချဉ်သီး - အနေတော် နှစ်လုံး
  4. ဂေါ်ဖီရွက် - အနေတော် တစ်စိတ် 
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. ပဲဆီစိမ်း - ထမင်းစားဇွန်း သုံးဇွန်း
  8. ကြက်သွန်ဖြူ - နှစ်သက်သလောက်
  9. ငရုတ်သီးစိမ်း - နှစ်သက်သလောက်
  10. ပုဇွန်ခြောက် - နှစ်သက်သလောက်
  11. သင်္ဘောရွက် - အရွက်ကြီးကြီး နှစ်ရွက်

ပြင်ဆင်ပုံ
  • ဇလုံကျယ်ကျယ် တစ်ခုထဲမှာ လက်ဖက်အသားကို အရင်ဆုံး ထည့်ထားပါ
  • ဂေါ်ဖီကို ပါးပါးလှီးပြီး ရေဆေးကာ ရေစစ်ထားပါ
  • ခရမ်းချဉ်သီးကို အလုံးလိုက် ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • သင်္ဘောရွက်ကို အရွက်လိုက် ရေဆေးပြီး ရေစစ်ထားပါ
  • ကြက်သွန်ဖြူ ကို အခွံခွာပြီး ရေဆေးထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးထားပါ
  • လက်ဖက်ဇလုံထဲမှာ လက်ဖက်အကြော်စုံကို ထည့်ပေးပါ
  • ဂေါ်ဖီ ခရမ်းချဉ်သီး ဆီ ဆား အရသာမှုန့်တို့ကို ထည့်ပြီး ခပ်ဖွဖွရောပြီး နယ်ပေးပါ
  • အရသာ နယ်ဖတ်ပြီးတာနဲ့ စားပွဲပြင်ပြီး ပုဇွန်ခြောက် ငရုတ်သီးစိမ်း ကြက်သွန်ဖြူ  သင်္ဘောရွက်တို့ကိုပါ တစ်ပါတည်း ပြင်ထားပေးပါ
  • သင်္ဘောရွက်ကို တစ်ခါစားစာ အနေတော်ယူပြီး သင်္ဘောရွက်ထဲ လက်ဖက်သုပ် တစ်လုပ်စာထည့်ကာ ငရုတ်သီးစိမ်း ကြက်သွန်ဖြူ  ပုဇွန်ခြောက်တို့နဲ့ ရေနွေးကြမ်းလေး သောက်ကာ နှစ်သက်သလို စားသုံးနိုင်ပါပြီ။

2 comments:

  1. အရမ်းဆန်းတာဘဲနော် .... သင်္ဘောရွက်နဲ့ ထုပ်ပြီးစားရင် ဘယ်လို အရသာရှိလဲ မသိဘူး ....
    ကျေးဇူးတင်ပါတယ်နော် .. စားကြည့်ဦးမယ် .... ^___^

    ReplyDelete
  2. လက်ဖက်သုပ်နဲ့ သင်္ဘောရွက် သင်္ဘောရွက်က လေကိုကျေစေနိုင်ပါတယ် လက်ဖက်ကိုလဲ ပိုပြီး စားလို့ကောင်းစေတယ် ညီမလေး စားကြည့်နော်

    ReplyDelete