Wednesday 4 April 2018

ဘဲသားပေါင်း










ဘဲပေါင်းဆီချက်လေး လုပ်စားမယ်ဆိုပြီး ဘဲပေါင်လေး ၂ချောင်းကို ပေါင်းဖြစ်ပါတယ် ဘဲပေါင်းပေါင်းရတာ လွယ်ကူပေမဲ့ ပေါင်းချိန်ကြာတဲ့အတွက် အချိန်လေး နည်းနည်းပေးရတာ တခုပါဘဲ စားတဲ့အချိန်မှာတော့ ကောင်းလွန်းတဲ့အတွက် ပင်ပန်းရကျိုးတော့ နပ်မယ်ထင်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ဘဲပေါင် - ၂ခု
  2. ဟင်းခတ်မှုန့် - အနည်းငယ်
  3. ချင်း ခပ်ပါးပါး - ၃ပြားခန့်
  4. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ

ပြင်ဆင်ပုံ
  • ဘဲအသားတုံးများကို ရေစင်အောင်ဆေးပြီး ဟင်းခတ်မှုန့် အနည်းငယ် ဆားတို့နှင့် နယ်ထားပါ 
  • ချင်းကို အခွံခွာကာ ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးပေးထားပါ
  • အပူခံနိုင်သော ကြွေပန်းကန်လုံး တခုထဲမှာ အရသာနယ်ထားသော ဘဲသားနှင့် ချင်းတို့ကို ထည့်ပေးပါ 
  • ဘဲသားပန်းကန် ၀င်ဆန့်နိုင်မည့် ဇောက်နက်သော အိုးထဲမှာ ရေထည့်ပြီး အောက်ခံသံဇကာ အခင်းကို ထည့်ပေးပါ
  • ထိုသံဇကာပေါ်မှာ ဘဲသားပန်းကန်ကို တင်ပေးပါ
  • ပေါင်းမည့်အိုး အောက်ခြေမှရေများ ပွက်ပွက်ဆူလာစဉ် ဘဲသားပန်းကန်ထဲ မ၀င်စေရန် ဘဲပေါင်းမည့် ပန်ကန်လုံးအောက်မှ သံဇကာခုံလေး မြုပ်ရုံရေထည့်ပေးပါ
  • ပြီးလျှင် အိုးကို အဖုံးဖုံးပြီး ဘဲသားနူးအိလာတဲ့အထိ ပေါင်းပေးပါ
  • ဘဲသားပေါင်းနေစဉ် တဖက်ပြီး တဖက် လှန်လှန်ပေးပြီး အိုးထဲမှာ ရေမခမ်းအောင် သတိပြုပြီး ထပ်ထပ်ဖြည့်ပေးပါ
  • မီးအားပြင်းပြင်းနဲ့ ပေါင်းပါက ၂နာရီလောက် ပေါင်းပေးပါ
  • ဘဲသားပေါင်းနေစဉ် အောက်ဖက်မှ ပေါင်းရည်မကြာမကြာ ခမ်းတတ်တဲ့အတွက် သတိထားပြီး ထပ်ထပ် ဖြည့်ပေးပါ
  • ဘဲသားစပေါင်းစဉ် ပန်းကန်လုံးထဲမှာ ရေမထည့်ထားသော်လဲ ဘဲပေါင်းစဉ် ထွက်လာတဲ့ အရည်များ ပန်းကန်လုံးထဲမှာ ပြည့်လာပါလိမ့်မယ်
  • ထို ဘဲပေါင်းပန်းကန်ထဲမှ ဘဲပေါင်းရည်များကို ဟင်းချိုရည် ပြင်ဆင်ရာမှာ ပြန်သုံးပေးပါ။

No comments:

Post a Comment