Monday 2 April 2018

ငါးနီတူသုပ်


ငါးနီတူသုပ်လို့ ဆိုလိုက်တာနဲ့ တစ်ချို့ကလဲ ရခိုင်သုပ်တို့ ဘာတို့ဆိုပြီး နံမည်တပ်တတ်ကြပါတယ် မာမာအခုနေတဲ့မြို့မှာ ရခိုင် ကရင် ချင်း မွန်လူမျိုးတွေ အများကြီး ရှိနေတဲ့အတွက် သူတို့ရိုးရာ အစားအစာတွေကိုလဲ အများကြီး စားဖူးခဲ့ပါတယ်။

လူမျိုးချင်း တူနေကြတာတောင် ချက်နည်းပြုပ်နည်းတွေ မတူတာကို တွေ့ခဲ့ရပါတယ် မုန့်တီသုပ်ဆိုရင်လဲ တစ်ချို့က ဆီချက်ထည့်သုပ်ကြသလို တချို့က ဆီချက်ကို မထည့်ကြပြန်ပါဘူး မုန့်တီသုပ်မှာဘဲ တစ်ချို့က အာလူးပြုပ်ကို ထည့်သုပ်ကြသလို တစ်ချို့က ထည့်မသုပ်ကြပါဘူး။

ဒီလိုပါဘဲ အခုလဲ ငါးနီတူသုပ်ကို အလှူ တွေမှာ သုပ်ထားတာ စားမိတိုင်း အရသာက တစ်မျိုးစီ ဖြစ်နေတာမို့လို့ နောက်ဆုံးတော့ မိမိ ခံတွင်းနဲ့ လိုက်ဖက်တဲ့ အရသာကို ချက်ပြုပ်စားသောက်တာက အကောင်းဆုံးပါဘဲ။

ဒါကြောင့်မို့လို့ ဒီနေ့တော ရခိုင်ငါးနီတူသုပ်ကို မှီငြမ်းပြီး မာမာသုပ်စားဖြစ်တဲ့ ငါးနီတူသုပ် သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
  1. ငါးနီတူ - ငါးကျပ်သားခန့်
  2. သရက်သီးစိမ်း - အလုံးကြီးကြီး တစ်လုံး
  3. ပုဇွန်ငါးပိ - ထမင်းစားဇွန်း တစ်ဇွန်း
  4. ကြက်သွန်နီ - အနေတော် တစ်လုံး
  5. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  6. ငရုတ်သီးစိမ်း - စားနိုင်သလောက်
  7. ငရုတ်သီးအလှော်မှုန့် - စားနိုင်င်သလောက်
  8. မန်ကျည်းသီးမှည့် - ထမင်းစားဇွန်း တစ်ဇွန်း
  9. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. နံနံပင် - နှစ်သက်သလောက်
ပြင်ဆင်ပုံ
  1. ငါးနီတူခြောက်ကို ခေါင်းဖြုတ်သန့်စင်ပြီး ရေတစ်နာရီလောက် စိမ်ပေးပါ
  2. ငါးနီတူခြောက်များ ရေပွလာတာနဲ့ သဲများစင်သွားအောင် ရေငါးထပ်လောက် ဆေးပေးပါ
  3. ပြီးတာနဲ့ အောက်ခြေထူသော ဒယ်အိုးထဲမှာ ငါးနီတူခြောက်ကို ကြွတ်လာတဲ့အထိ လှော်ပေးပြီး အအေးခံထားပါ
  4. ပုဇွန်ငါးပိကို မိုက်ခရိုဝေ့ထဲမှာ စက္ကန့်၃၀ဆီ နှစ်ခါ ကင်ပေးပါ
  5. မိုက်ခရိုဝေ့ မရှိပါက မီးဖိုပေါ်မှာ ဒယ်အိုးခပ်သေးသေး တစ်လုံးထဲ ပုဇွန်ငါးပိကိုကပ်ကာ ကင်ပေးပါ
  6. အပေါ်ယံ တင်းလာပါက နောက်တစ်ဖက်ကို လှန်ပြီး ဆက်ကင်ပေးပါ
  7. ငရုတ်သီးစိမ်းကို ရေဆေးပြီး မွှေးနေအောင် လှော်ထားပါ
  8. နံနံပင်ကို ရေဆေးပြီး အနေတော် လှီးထားပေးပါ
  9. မန်ကျည်းသီးမှည့်ကို ရေတစ်ထပ်ဆေးပြီး ရေနွေးပူပူနှင့် စိမ်ထားပေးပါ
  10. ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးပေးထားပါ
  11. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးပေးထားပါ
  12. အားလုံး အဆင်သင့် ဖြစ်တာနဲ့ ငရုတ်ဆုံထဲမှာ အရင်ဆုံး ငါးနီတူလှော်ကို ထောင်းတယ်ဆိုရုံလေး ထောင်းပေးပါ 
  13. ပြီးတာနဲ့ ကြက်သွန်ုဖြူနှင့် ငရုတ်သီးစိမ်းလှော်ကိုထည့်ပြီး မညက်တစ်ညက် ထောင်းပေးပါ
  14. ထိုအဆင့်များ ပြီးတာနဲ့ ဇလုံတစ်ခုထဲ ပြောင်းထည့်ြ့ပီး ပါဝင်ပစ္စည်းများနှင့် မကျည်းသီးမှည့်ရေကို သင့်သလို ထည့်ပေးပြီး သမအောင် နယ်ပေးပါ
  15. သမအောင် နယ်ပြီးတာနဲ့ အရသာကို မြည်းပေးကာ မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  16. လိုအပ်သလို ပြင်ပြီးတာနဲ့ ငါးနီတူ အလှော်သုပ် ချဉ်ငံစပ်လေးကို စားသုံးနိုင်ပါပြီ။

No comments:

Post a Comment