ဒီနေ့တော့ မှိုလေးတွေ ဝယ်လာကာ အစပ်ကြော်လေး ကြော်ဖြစ်ပါတယ် မြန်မာပြည်မှာ ဆိုရင်တော့ မာမာ့တို့ အမေက ဖက်သွပ်မှိုနှင့် တောင်ပို့မှိုလေးတွေ လှိုင်လှိုင်ပေါ်ချိန်ဆို ကြော်လေ့ရှိကြပါတယ်။
မာမာကတော့ oyster မှိုလေးတွေနဲ့ဘဲ ကြော်ထားပါတယ် သတ်သတ်လွတ် ဟင်းတမယ် ရသလို စားပြီးရင်း စားချင်နေအောင် စွဲဆောင်မှု ကောင်းလွန်းတဲ့ ဟင်းတမယ်ဆိုလဲ မမှားပါဘူး ဒါကြောင့်မို့လို့ မာမာကြော်တဲ့နည်းလေး မျှဝေလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- Oyster mushrooms - 300 g
- ငရုတ်သီး လုံးခြမ်းခွဲ ထမင်းစားဇွန်း တစ်ဇွန်းခွဲ
- အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
- ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ကြက်သွန်နီ - ခပ်ကြီးကြီး တစ်လုံး
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ၇မွှာ
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်မရှိတစ်ရှိ
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ဆီ - ဟင်းခတ်ဇွန်းကြီး ၂ဇွန်း
ပြင်ဆင်ပုံ
- မှိုကို ရေဆေးပြီး အမွှာလေးတွေရအောင် ထွင်ထားကာ ရေစစ်ထားပါ
- ကြက်သွန်ဖြူကို အခွံခွာကာ ရေဆေးပြီး ဓားပြားရိုက်ထားပါ
- ကြက်သွန်နီကို အခွံခွာကာ အလုံးလိုက် ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
- ပါဝင်ပစ္စည်းများကို ပြင်ထားပါ
- ဒယ်အိုးထဲမှာ ဆီထည့်ပြီး အိုးကိုအပူပေးပါ
- ဆီပူလာတာနဲ့ နနွင်းမှုန့်ကို ထည့်ပေးပါ
- ပြီးတာနဲ့ ရေစစ်ထားသောမှိုကို လက်ဝါးနှစ်ဖက်ကြားထည့်ကာ အားသန်သန်နှင့် ရေညှစ်ပေးပြီးမှ ဆီအိုးထဲကို ထည့်ပေးပါ
- မှိုကြော်နေစဉ် မကြာမကြာ မွှေပေးကာ မှိုမခြောက်တခြောက် အနေအထားရပါက ဆယ်ထားပါ
- မှိုကြော်သော ဆီထဲမှာဘဲ ကြက်သွန်နီနှင့် ကြက်သွန်ဖြူကို အနည်းငယ် ပျော့သွားအောင် ကြော်ပေးပါ
- ပြီးတာနဲ့ မီးအနေတော် လျှော့ပေးပြီး ငရုတ်သီးလုံးခြမ်းခွဲနှင့် ငရုတ်သီး အရောင်တင်မှုန့်တို့ကို ထည့်မွှေပေးပါ
- ကြော်နေစဉ် ကြက်သွန်များနှင့် ငရုတ်သီးများ တူးမသွားစေရန် မကြာမကြာ မွှေပေးပါ
- ငရုတ်သီးကြော် အနေတော် ဖြစ်ပြီဆိုတာနဲ့ ကြော်ပြီးဆယ်ထားသော မှိုကြော် ဆားနှင့် အရသာမှုန့်ကိုထည့်ပြီး မွှေပေးပါ
- ပြီးတာနဲ့ မီးပိတ်ပေးပြီး လက်ကျန်မီးအပူရှိန်နှင့် အဆက်မပြတ် မွှေပေးပါ
- မှိုလေးတွေခြောက်ပြီး မွှေးလာပြီဆိုရင်တော့ ပန်းကန်ထဲ ပြောင်းထည့်ပေးပြီး ဆွေမျိုးမေ့အောင် ကောင်းလွန်းတဲ့ မှိုအစပ်ကြော်ကို သုံးဆောင်နိုင်ပါပြီ။
No comments:
Post a Comment