Thursday 19 April 2018

ဗူးသီးကြော်ချက်









ဒီနေ့တော့ ဈေးကအပြန် ဝယ်လာတဲ့ ဗူးသီးကို ဗူးသီးကြော်ချက်လေးချက်ကာ ငါးခြောက်ထောင်းလေးနဲ့ ထမင်းစားချင် ပေါ်လာခဲ့ပြန်ပါတယ် ချက်ရတာလဲ လွယ်ကူပြီး ငရုတ်ကောင်းနံ့ မွှေးမွှေးလေးနဲ့ သောက်လို့ကောင်းလွန်းတဲ့အတွက် ကြော်ချက်ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ဗူးသီး - ခပ်ကြီးကြီး တစ်စိတ်
  2. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  4. ပုဇွန်ခြောက် - ၁၀ကောင်ခန့်
  5. ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း မောက်မောက် တစ်ဇွန်း
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  8. ဆီ - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ

ပြင်ဆင်ပုံ
  1. ဗူးသီးစိတ်ကို အခွံခွာကာ အစိတ်လိုက် ရေဆေးပေးပါ
  2. ရေဆေးပြီးမှ အနေတော် အစိတ်လေးတွေ စိတ်ပေးကာ ခပ်ထူထူလေးတွေ လှီးပေးပါ
  3. ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ထူထူလေးတွေ လှီးပေးပါ
  4. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  5. ပုဇွန်ခြောက်ကို ရေဆေးထားပါ
  6. ဇောက်နက်သော အိုးကိုအပူပေးပြီး ဆီနှင့်နနွင်းမှုန့်ကို ထည့်ပေးပါ
  7. ဆီအငွေ့တက်လာတာနဲ့ကြက်သွန်နီနှင့် ကြက်သွန်ဖြူကို နွမ်းတယ်ဆိုရုံလေး ကြော်ပေးပါ
  8. ကြက်သွန်များ နွမ်းလာတာနဲ့ လှီးထားသော ဗူးသီးကို ထည့်ကြော်ပါ
  9. ဗူးသီးကို နွမ်းအောင်ကြော်ပြီးတာနဲ့ ရေ တရုတ်ဟင်းရည်သောက် ပန်းကန်လုံး တစ်လုံးခွဲ ပုဇွန်ခြောက်နှင့် ကြက်သားမှုန့်တို့ကိုထည့်ကာ ရေပွက်ပွက်ဆူအောင် တည်ပေးပါ
  10. ရေဆူပြီး ဗူးသီးနူးအိလာတာနဲ့ ငရုတ်ကောင်းမှုန့်နှင့် ဆားထည့်မွှေကာ အရသာမြည်းပြီး လိုသလိုပြင်ကာ သုံးဆောင်နိုင်ပါပြီ။

1 comment: