ခံတွင်းလိုက်စေမဲ့ ဟင်းစပ်စပ်လေးတွေ စားချင်တိုင်း တခါတလေ ဘာလေးကို ဘယ်လို ချက်စားရပါ့မလဲ တွေးရတာလဲ စိတ်တွေတော့ မောမိသားပေါ့နော်။
ဒီနေ့တော့ အေးရှန်းဆိုင်က ဝယ်ထားတဲ့ ပုဇွန်ဆိတ် အကောင်ခြောက်လေးတွေကို ငံပြာရည်ချက် စပ်စပ်လေး ကြော်ဖြစ်လို့ ကြော်နည်းလေး မျှဝေလိုက်ပါတယ်။
ပါ၀င်ပစ္စည်းများ
- ပုဇွန်ဆိတ် သားပေါက်အကောင်အခြောက် - လက်ဖက်ရည်အကြမ်း ပန်းကန်၂လုံး
- ကြက်သွန်နီ - ခပ်ကြီးကြီး ၃လုံး
- ငရုတ်သီးလုံးခြမ်းကွဲ - ထမင်းစားဇွန်း ၃ဇွန်း
- ဆီ - ဟင်းခတ်ဇွန်းကြီး နှစ်ဇွန်း
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
- ငံပြာရည် - ထမင်းစားဇွန်း ၅ဇွန်း
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
ပြင်ဆင်ပုံ
- ပုဇွန်ခြောက်ကို ရေနာရီ၀က်လောက် စိမ်ထားပါ
- ပြီးမှပုဇွန်ခြောက်ထဲက သဲစသဲနလေးတွေ စင်သွားအောင် ခါခါပြီး ရေဆေးပေးကာ ရေစစ်ထားပါ
- ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက်ရေဆေးကာ ပါးပါးလှီးထားပါ
- အားလုံးအဆင်သင့်ဖြစ်ပါက ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
- ဆီလာပါက နနွင့်းမှုန့်ထည့်ကာ ကြက်သွန်နီကို ထည့်ကြော်ပေးပါ
- ကြက်သွန်နီများ နွမ်းလာပြီး အရောင်မပြောင်းခင်မှာ ငရုတ်သီးမှုန့်ကို ထည့်ပြီး ၂မိနစ်လောက် ကြော်လိုက်ပါ
- ငရုတ်သီးနံ့မွှေးလာပါက မီးကိုအနေတော် လျော့ပေးပြီး ရေစစ်ထားသော ပုဇွန်ခြောက် ဆား ငံပြာရည်နှင့် အရသာမှုန့်တို့ထည့်ပြီး မွှေပေးပါ
- မကြာမကြာ မွှေပေးပြီး ကြော်ပေးကာ အရသာမြည်း၍ လိုသလို ပြင်ပေးပါ
- ငံပြာရည်နံ့ သင်းလာပါက မီးပိတ်ပေးပြီး ပန်းကန်ထဲ ပြောင်းထည့်ပေးပါ
- ပုဇွန်ခြောက် ငံပြာရည်ချက် စပ်စပ်မွှေးမွှေးလေး ရပြီဆိုတာနဲ့ နှစ်သက်ရာ တို့စရာတို့ဖြင့် တွဲဖက်ပြီး စားနိုင်ပါပြီ။
No comments:
Post a Comment