မန်ကျည်းသီးစိမ်းလေးတွေ လက်ဆောင်ရတော့ ချဉ်ငံစပ်လေး ချက်မိပြန်ပါတယ် မန်ကျည်းသီးစိမ်း ငါးပိချက်က ပုဇွန်ခေါင်းချိုးလေးတွေလေးတွေနဲ့ချက်ရင် ပိုပြီးစားလို့ကောင်းပါတယ် မာမာကတော့ ပုဇွန်ခေါင်းချိုး မရှိတဲ့အတွက် ပုဇွန်ထုတ်ကို ထောင်းပြီးချက်ထားပါတယ်။
ပါ၀င်ပစ္စည်းများ
- မန်ကျည်းသီးစိမ်း - အနေတော် ၅၀တောင့်လောက်
- ပုဇွန်ထုတ် - အနေတော် ၁၇ကောင်ခန့်
- ကြက်သွန်နီ - အလုံးကြီးကြီး ၂လုံး
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ၅မွှာ
- ငရုတ်သီး လုံးကြမ်းခွဲ - ထမင်းစားဇွန်း ၄ဇွန်း
- ငရုတ်သီးစိမ်း - စားနိူင်သလောက်
- ငါးငံပြာရည် - ထမင်းစားဇွန်း ၅ဇွန်း
- အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ဆီ - ဟင်းခတ်ဇွန်းကြီး တစ်ဇွန်း
ပြင်ဆင်ပုံ
- မန်ကျည်းသီးစိမ်းကို အခွံမှာ ကပ်နေသော အညိုရောင် အပေါ်ယံများ ကျွတ်သွားအောင် ဇကာမှာ ပွတ်တိုက်ပေးကာ ရေဆေးပြီး မညက်တညက် ထောင်းပေးထားပါ
- ပုဇွန်ကို အခွံခွာကာ ကြောဖက်မှ အမည်းကြောင်းကို ဖယ်ထားကာ ညက်နေအောင် ထောင်းထားပေးပါ
- ပုဇွန်ခေါင်းကို သန့်စင်ပြီး သတ်သတ်ဖယ်ထားပါ
- ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက်ရေဆေးကာ ခပ်ပါးပါး လှီးပေးထားပါ
- ငရုတ်သီးစိမ်းကို ရေဆေးထားပါ
- ကြက်သွန်ဖြူကို အခွံခွာကို ခပ်သေးသေး လှီးပေးထားပါ
- ငရုတ်သီးမှုန့်နနွင်းမှုန့် ဆီ ငံပြာရည် အချိုမှုန့်တို့ကို ပြင်ထားပါ
ငါးပိချက်ချက်ရန် ပြင်ဆင်ပုံ
- ဒယ်အိုးကို အပူပေးပြီး ဆီနှင့်နနွင်းမှုန့်ထည့်ပါ
- ဆီပူလာတာနဲ့ ကြက်သွန်နီနှင့် ကြက်သွန်ဖြူကို နွမ်းအောင်ထည့်ကြော်ပါ
- ကြက်သွန်နီနှင့် ကြက်သွန်ဖြူ နွမ်းလာတာနဲ့ ငရုတ်သီးမှုန့်ကို ထည့်ကြော်ပါ
- ငရုတ်သီးနံ့သင်းလာတာနဲ့ ပုဇွန်ခေါင်းများနှင့် ထောင်းထားသော ပုဇွန်တို့ကို ထည့်မွှေပါ
- ပုဇွန်များ ထည့်ပြီးတာနဲ့ ပုဇွန်များကို ဖိချေပြီး ကျေအောင်မွှေပေးပါ
- ပုဇွန်အသားများ ကျေလာပြီး မာလာတာနဲ့ဆား ငံပြာရည်နှင့်အချိုမှုန့်ကိုထည့်မွှေပါ
- ပြီးတာနဲ့ ထောင်းထားသော မန်ကျည်းသီးစိမ်းကို ထည့်မွှေပေးပြီး ၅မိနစ်လောက် ကြော်ပေးပြီး အရသာမြည်းပေးပါ
- အရသာမြည်းပြီးတာနဲ့ လိုသလို ပြင်ပေးကာ ချဉ်ငံစပ်မွှေး မန်ကျည်းသီးစိမ်း ငါးပိချက်လေးကို စားရန်ပြင်ပေးနိူင်ပါပြီ။
No comments:
Post a Comment