Sunday, 18 March 2018

အမဲသား အမွကြော်








ဒီနေ့တော့ အဝေးမှာ ကျောင်းသွားတက်နေတဲ့ သမီးလေးအတွက် ကြာကြာထားလို့ရပြီး စားလို့ကောင်းစေတဲ့ အမဲသားအမွ အချိုကြော်လေး ကြော်ဖြစ်လို့ ကြော်နည်းလေး မျှဝေလိုက်တယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. အမဲသား – 1000 g
  2. အရသာမှုန့် - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  3. ချင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. ဆီ - တစ်လီတာ
  7. ရေ - လိုသလောက် သုံးပေးပါ

ပြင်ဆင်ပုံ
  • အမဲသားကို ရေဆေးပြီး ပုံပါအတိုင်း အတုံးလေးတွေ တုံးပေးထားပါ
  • ချင်းမှုန့်နှင့်အတူ ဆား နနွင်းမှုန့် အရသာမှုန့်တို့ကို ပြင်ထားပါ
  • ဇောက်နက်သော အိုးတစ်လုံးထဲမှာ ချင်းမှုန့် အမဲသား ဆား နနွင်းမှုန့် အရသာမှုန့်တို့နှင့် အရသာဝင်အောင် နယ်ထားပြီး အနည်းဆုံး တစ်နာရီလောက် နှပ်ထားပါ
  • ပြီးတာနဲ့ အမဲသား အိုးထဲမှာ အမဲသား မြုပ်တဲ့အထိ ရေထည့်၍ အဖုံးဖုံးကာ မီးအနေတော်နဲ့ တည်ထားပေးပါ
  • အသားအိုး တည်ထားစဉ် အရသာ ၀င်စေရန်နှင့် အသားအကျက် ညီစေရန် ၂ခါသုံးခါလောက် လှန်ပေးပါ
  • ရေတစ်ဝက်လောက် ခမ်းသွားတာနဲ့ မီးကို အနည်းငယ် ထပ်လျှော့ပေးပြီး ရေခမ်းတဲ့အထိ တည်ပေးထားပါ
  • ရေခမ်းကာ နီးပါက ဟင်းအိုးတူးပြီး ကပ်စေနိုင်တဲ့အတွက် သတိထားပြီး ကြည့်ပေးပါ
  • ရေအကုန်လုံး ခမ်းသွားတာနဲ့ အသားများကို အအေးခံ ပေးထားပါ
  • အသားများ အေးသွားတာနဲ့ တစ်တုံးချင်းယူကာ အသားကို မွှပေးပါ
  • ပြီးတာနဲ့ ပြုပ်ထားသော အိုးထဲမှာဘဲ အသားနှင့်ဆီထည့်ကာ မီးအနေတော်နှင့် ကြော်ပေးပါ
  • မီးအရမ်း မပြင်းအောင် မီးအပူရှိန်ကို သတိထားပြီး ကြော်ပေးပါ
  • အမဲသားများ ကြွတ်ပြီးရွလာတာနဲ့ ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်ပြီဆိုတာနဲ့  မွှေးပြီးချိုနေသော အမဲသား အမွကြော်ကို နှစ်သက်သလို စားနိုင်အောင် ပြင်ဆင်နိုင်ပါပြီ။

Friday, 16 March 2018

ဘဲသား ကော်ရည်ခေါက်ဆွဲ




ဒီနေ့တော့ ဘဲသားဝယ်ထားတာ အဆင်သင့်လေး ဖြစ်နေတာမို့လို့ ဘဲသားကော်ရည် လုပ်စားဖြစ်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ထားတဲ့ ဘဲသားကော်ရည် လုပ်နည်းလေး မျှဝေလိုက်ပါတယ်။
ပါ၀င်ပစ္စည်းများ
  1. ဘဲသား - 300 g
  2. မှိုမဲ - ၁၀ပွင့်
  3. ဂျပန်မှိုခြောက် - ၇ပွင့်
  4. ကော်မှုန့် - corn flour 1 cup
  5. ရေ - 1 cup
  6. ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. သကြား - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  8. ဆား - ချင့်ချိန်ထည့်ပါ
  9. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
  10. ပဲငံပြာရည်အပြစ် - ဟင်းခတ်ဇွန်းကြီး တစ်ဇွန်းခွဲ
  11. ကြက်သွန်ဖြူဆီချက် အဖတ် - ထမင်းစားဇွန်း ၄ဇွန်း
  12. တရုတ်မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  13. ကြက်ဥ - ၂လုံး
  14. ကန်စွန်းရွက် - မိမိစားနိူင်သလောက်
  15. မျှင်ငါးပိ - ထမင်းစားဇွန်း ၄ဇွန်း
  16. ငရုတ်သီးစိမ်း - စားနိုင်သလောက်
  17. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၇မွှာခန့်
  18. သံပုရာသီး -၂လုံး
  19. ပုဇွန်ခြောက် - အကောင်ကြီးကြီး အကောင်၂၀ခန့်
  20. အသင့်စားနိူင်သော ပြုပ်ပြီးသားခေါက်ဆွဲ - တစ်ကီလိုခွဲ
မျှင်ငါးပိထောင်းရန်
  • အရင်ဆုံး မျှင်ငါးပိကို မွှေးသွားအောင် ကင်ပေးပါ
  • ငရုတ်သီးစိမ်းကို အညှာခြွေပြီး ရေဆေးကာ မွှေးနေအောင် လှော်ပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
  • အရင်ဦးဆုံး ငရုတ်ဆုံထဲမှာ ပုဇွန်ခြောက်ကို ညက်အောင်ထောင်းပေးပါ
  • ပြီးတာနဲ့ ငရုတ်သီးစိမ်းနှင့် ကြက်သွန်ဖြူကို ညက်အောင်ထောင်းပေးပါ
  • နောက်ဆုံးကျမှ ကင်ထားသော ပုဇွန်ငါးပိကို ထည့်ထောင်းပါ
  • အားလုံးသမပြီဆိုတာနဲ့ ပန်းကန်တခုထဲ ပြောင်းထည့်ကာ သံပုရည်ညှစ်ကာ ပြင်ထားပါ
ပြင်ဆင်ပုံ
  • အသားများသော ဘဲသားကို ရေဆေးထားပါ 
  • မှိုမည်းကို ရေ၃နာရီလောက် စိမ်ထားပြီး ခပ်ပါးပါး လှီးထားပါ
  • ဂျပန်မှိုခြောက်ကို ရေသုံးနာရီလောက် စိမ်ထားပြီး ခပ်ပါးပါး လှီးထားပါ
  • ပန်းကန်တလုံးထဲမှာ ကြက်ဥကိုဖောက်ထည့်ပြီး ပွလာတဲ့အထိ ခလောက်ထားပါ
  • Corn flour(ကော်မှုန့်)ကို ရေ 1 cup နှင့် ဖျော်ထားပါ
  • Chinese five spices powder (တရုတ်မဆလာ) ကြက်သားမှုန့် သကြား ဆား ပဲငံပြာရည် အပြစ်ကြက်သွန်ဖြူ ဆီချက်နှင့် ငရုတ်ကောင်းမှုန့်တို့ကို ပြင်ထားပါ
  • အိုးတလုံးထဲမှာ ရေ 3000 ml နှင့် ဘဲသားကိုထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • အသားနူးတာနဲ့ အိုးထဲမှဆယ်ကာ အအေးခံပြီး ခပ်သေးသေး အတုံးလေးတွေ တုံးထားပါ
  • ဘဲသားပြုပ်အိုး ရေပွက်ပွက် ဆူလာတာနဲ့ လှီးထားသော ဘဲသားကိုထည့်ပြီး ပြုတ်ပေးပါ
  • ပြီးတာနဲ့ ပါးပါးလှီးထားသော မှိုမည်းနှင့် ဂျပန်မှိုတို့ကို ဟင်းရည်အိုး ဆူဆူထဲ ထည့်ပါ
  • ပွက်ပွက်ဆူနေသော ဟင်းရည်အိုးထဲကို ကြက်သားမှုန့်   five spices powder (တရုတ်မဆလာ) နှင့် ဆား ကိုထည့်ပါ
  • ဟင်းရည်အိုး ပွက်ပွက်ဆူနေချိန်မှာ ခလောက်ထားသော ကြက်ဥကို ဇကာခံပြီး လောင်းထည့်ပေးပါ
  • ကြက်ဥလောင်းထည့်စဉ် အမျှင်အဖတ်လေးများရအောင် ဇကာထဲလောင်းထည့်နေချိန်မှာ ဇကာကို ဝေ့ဝှိုက်ပေးနေပါ
  • ပြီးတာနဲ့ ကြက်ဥအမျှင်လေးများ ရလာအောင် သစ်သားယောင်းမဖြင့် တဖက်သတ်ထဲ ဝှေ့သိုက်ကာ မွှေပေးပါ
  • ဟင်းရည်အိုး ပြန်ဆူလာလျှင် မီးကိုအနေတော် လျှော့ပေးပြီးမှ ဖျော်ထားသော ကော်မှုန့်အရည်ကို ပြန်မွှေပြီး လောင်းထည့်ပေးပါ
  • ကော်မှုန့်များပြစ်ပြီး ခဲမသွားစေရန် ၃ မိနစ်ခန့် အဆက်မပြတ် မွှေပေးပါ
  • ပြီးတာနဲ့ ပဲငံပြာရည်အပြစ် သကြား ငရုတ်ကောင်းမှုန့် နှင့် ကြက်သွန်ဖြူဆီချက် ကိုထည့်ပြီး ဟင်းရည်အိုးကိုမွှေပေးကာ အရသာမြည်းပြီး လိုသလို ပြင်ပေးကာ အိုးအဖုံးဖုံးပြီး မီးပိတ်ပေးပါ
  • ကန်စွန်းရွက်ကို ရေစင်အောင်ဆေးပြီး ရေနွေးဆူဆူမှာ ရေနွေးဖျောပေးထားပါ
  • မီးပိတ်ပြီးတာနဲ့ ပန်းကန်လုံးထဲမှာ မိမိစားနိူင်သလောက် ခေါက်ဆွဲဖတ် ကန်ဇွန်းရွက်နှင့် ဘဲသားကော်ရည်ကိုထည့့်ပြီး ကော်ရည်ခေါက်ဆွဲ ပူပူလေးကို မျှင်ငါးပိထောင်း ချဉ်ငံစပ်လေးနှင့် တွဲဖက်ကာ သုံးဆောင်နိုင်ပါပြီ။

Wednesday, 14 March 2018

ငါးခြောက်အမွ အစပ်ကြော်









ဒီနေ့တော့ အဝေးမှာ ကျောင်းတက်ဖို့   ရောက်နေတဲ့ သမီးငယ်လေးအတွက် ကြာကြာအထားခံပြီး စားလို့ကောင်းစေတဲ့ ငါးခြောက်အစပ်လေး ကြော်ဖြစ်လို့ ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါ၀င်ပစ္စည်းများ
  1. ငါးခြောက် – 1000 g
  2. အရသာမှုန့် - လက်ဖက်ရည်ဇွန်း ၂ဇွန်း
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တဝက်သာသာ
  4. ငံပြာရည် - ထမင်းစားဇွန်းဇွန်း နှစ်ဇွန်း
  5. ဆီ - ဟင်းခတ်ဇွန်းကြီး ၈ဇွန်းခန့်
  6. ရေ - လိုသလောက်
ပြင်ဆင်ပုံ
  • ငါးခြောက်ကို ရေဆေးပြီး အမြှောင်းလေးတွေ လှီးပေးထားပါ
  • နနွင်းမှုန့် ငရုတ်သီး လုံးခြမ်းကွဲ အရသာမှုန့်နှင့် ငံပြာရည်တို့ကို ပြင်ထားပါ
  • ဇောက်နက်သော အိုးတလုံးထဲမှာ ငါးခြောက်နှင့် ရေထည့်၍ အဖုံးဖုံးကာ မီးအနေတော်နဲ့ တည်ထားပေးပါ
  • ငါးခြောက်ပြုပ်ထားသောအိုး တည်ထားစဉ် ရေဆူလာတဲ့အခါ ရေများဝေကျတတ်တဲ့တွက် အဖုံးကို ခပ်စောင်းစောင်းလေး ဟထားပေးပါ
  • ငါးခြောက်များ နူးလွယ်ပြီး အကျက်ညီစေရန်၂ခါသုံးခါလောက် လှန်ပေးပါ
  • ရေတ၀က်လောက် ခမ်းသွားတာနဲ့ မီးကို အနည်းငယ် ထပ်လျှော့ပေးပြီး နူးတဲ့အထိ တည်ပေးထားပါ
  • ရေမခမ်းခင် ငါးခြောက်များ နူး မနူးစမ်းပေးပါ
  • မနူးသေးပါက နူးတဲ့အထိ ရေထပ်ထည့်ကာ ပြုပ်ပေးပါ
  • ငါးခြောက်များ နူးလာပါက ပြုပ်ထားသော ရေများသွန်ပြီး ရေဆေးပေးပြီး ရေစစ်ထားပါ
  • ရေစစ်သွားတာနဲ့ အသားများကို အအေးခံပေးထားပါ
  • အသားများ အေးသွားတာနဲ့ အရိုးအသား သတ်သတ်စီ ထွင်ပေးပါ
  • မလိုသော အရိုးများကို လွှင့်ပြစ်ပြီး အသားများကို ဘလင်ဒါထဲ ထည့်ကြိတ်ပေးပါ 
  • ဘလင်ဒါ မရှိပါက ငရုတ်ဆုံထဲမှာ ထည့်ထောင်းပေးပြီး အသားများကို မွှထားပါ
  • ပြီးတာနဲ့ ဒယ်အိုးထဲမှာ ဆီနှင့် နနွင်းမှုန့်ထည့်ကာ မီးအနေတော်နှင့် အပူပေးပါ
  • မီးအရမ်း မပြင်းအောင် သတိထားပြီး ဆီပူလာတာနဲ့ ကြိတ်ထားသော ငါးခြောက်မှုန့်ကို ထည့်ကြော်ပေးပါ
  • ငါးခြောက်မှုန့်များ ကြွတ်ပြီးရွလာတာနဲ့ ငံပြာရည် ငရုတ်သီးလုံးခြမ်းကွဲနှင့် အရသာမှုန့်တို့ကို ထည့်ပြီးမွှေပေးကာ မီးပိတ်ပေးပြီး လက်ကျန်အပူရှိန်ဖြင့် မီးဖိုပေါ်မှာ ဆက်ကြော်ပေးပါ
  • ငရုတ်သီးနံ့ မွှေးလာတာနဲ့ ကြွတ်ရွပြီး မွှေးနေတဲ့ ငါးခြောက်ကြော်ကို ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်ပြီဆိုတာနဲ့  မွှေးပြီးချိုနေသော ငါးခြောက်အစပ်အမွကြော်ကို နှစ်သက်သလို စားနိူင်အောင် ပြင်ဆင်နိူင်ပါပြီ။

Sunday, 11 March 2018

ငရုတ်သီးစိမ်းဆားထောင်း







အိမ်မှာစိုက်ထားတဲ့ ငရုတ်သီးစိမ်းပင်တွေ သီးလွန်းတော့ စားလို့လဲ မကုန်ဖြစ်နေပြီး ခဲပြီးသိမ်းထားတာတွေလဲ အများကြီး ဖြစ်နေတော့ အစပ်အရမ်းစားတဲ့ မာမာ့အတွက် ဒီနေတော့့ သတ်သတ်လွတ် ဆားထောင်းလေး ထောင်းလိုက်ပါတယ်။

အစပ်လေးပါမှ ထမင်းစားလို့ မိန်တတ်တဲ့ သူတွေအတွက် မာမာပြင်ဆင်ပြီး ထောင်းထားတဲ့ သတ်သတ်လွတ် ငရုတ်သီးစိမ်း ဆားထောင်း ထောင်းနည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ငရုတ်သီးစိမ်း - တစ်ဆယ်သား
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  3. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  4. အချိုမှုန့်မစားပါက ကြက်သားမှုန့် အစားထိုးပြီး ထောင်းနိုင်ပါတယ်။

ပြင်ဆင်ပုံ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး အညှာခြွေထားပါ
  • ရေဆေးထားသော ငရုတ်သီးစိမ်းကို မွှေးသွားအောင် ဒယ်အိုဲးမှာ  ထည့်လှော်ထားပါ
  • လှော်ထားသော ငရုတ်သီးစိမ်းကို ဆားနှင့် အချိုမှုန့်တို့ထည့်ကာ ငရုတ်ဆုံထဲမှာ မညက်တညက် ထောင်းပေးပါ
  • ပြီးတာနဲ့ ပန်းကန်ထဲ ပြောင်းထည့်ပေးပြီးပါက ငရုတ်သီးစိမ်း ဆားထောင်းစပ်စပ်လေးကို မိမိနှစ်သက်ရာ ဟင်းပွဲများနှင့်တွဲဖက်ကာ စားပွဲပြင်ပေးနိုင်ပါပြီ။

Friday, 9 March 2018

ဆယ်လ်မွန်ငါး အိုးကပ်


ဆယ်​လမွန်​ငါး အသား အတိုစ​လေး​​​​တွေ ၀ယ်​လာပြီး​တော့ ကင်​စားရင်​ ကောင်းမလား အိုးကပ်​ချက်​ရင်​ ​ကောင်း​မလား စဉ်းစား​နေရင်း အိုးကပ်​​လေး ချက်​ဖြစ်ပါ​​တယ် ဆယ်လမွန်ငါး အိုးကပ်ကို​  နံနံပင်အုပ်​ထားတဲ့အတွက်​ စားလို့ကောင်းလွန်းလို့ ချက်နည်းလေး မျှဝေလိုက်ပါတယ်​​။

ပါဝင်ပစ္စည်းများ
  1. ဆယ်လ်မွန်ငါး - 500 g
  2. သံပုရာသီး - တစ်ခြမ်း
  3. ကြက်သွန်နီ - အလုံးကြီးကြီး တစ်လုံး
  4. ကြက်သွန်ဖြူ အမွှာကြီးကြီး သုံးမွှာ
  5. ချင်း ခပ်ပါးပါး - နှစ်ပြား
  6. ခရမ်းချဉ်သီး - အလုံးကြီးကြီး လေးလုံး
  7. ငရုတ်သီး​ အခြောက်​​တောင့်​ - ငါးတောင့်ခန့်
  8. နံနံပင် - အနေတော် သုံးပင်
  9. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  11. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  12. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  13. ဆီ - ထမင်းစားဇွန်း ခွန်နှစ်ဇွန်း
ပြင်ဆင်ပုံ
  • ဆယ်လ်မွန်ငါး ခုတ်​သားကို ရေ​ဆေးပြီး သံပုရာရည် နနွင်းမှုန့် ငံပြာရည် အရသာမှုန့် ဆားအနည်းငယ်​တို့နှင့် နယ်​ပေးပါ
  • ချင်း ကြက်သွန်ဖြူနှင့် ကြက်သွန်နီကို အခွံခွာပြီး ရေဆေးပေးပါ
  • ငရုတ်သီးတောင့်ကို ရေဆေးပြီး နာရီဝက်လောက် ရေစိမ်ထားပါ
  • ပြီးတာနဲ့ချင်း ကြက်သွန်ဖြူ နှင့်ကြက်သွန်နီနှင့်​ ရေစိမ်ထားသော ငရုတ်​​သီး အခြောက်​​တောင့့်တို့ ကို ညက်နေအောင် ရာထောင်းပေးပါ
  • ခရမ်းချဉ်သီးကို အလုံးလိုက် ရေဆေးပြီး  ခပ်ပါးပါး လှီးပေးပါ
  • နံနံပင်ကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးပေးထားပါ
  • ဇောက်နက်သော ဒယ်အိုးကို အပူပေးပါ
  • ဆီပူလာတာနဲ့ ထောင်းထားသော ငရုတ်သီးအရောကို ဆီပူပူမှာ ထည့်ပြီးကြော်ပေးပါ
  • ငရုတ်သီးနံ့သင်းလာတာနဲ့ ခရမ်းချဉ်သီးကို ထည့်မွှေပေးပါ
  • ခရမ်းချဉ်သီးများ ကျေပြီးအိလာတာနဲ့ အရသာ နယ်ထားသော ငါးကို ထည့်ပေးပါ
  • ခရမ်းချဉ်သီးနှင့် ငါးတို့ကို လုံးမိအောင် အထက်အောင် သုံးခါလောက် မွှေပေးပြီး အဖုံးပိတ်ကာ တည်ပေးပါ
  • ဆီသတ်ထားချိန် အိုးမကပ်စေရန်နှင့် ငါးအသားများ ကျေမသွားစေရန်အတွက် အိုးကိုလှုပ်လှုပ်ပေးပါ
  • ငါးအသား မာပြီးကျစ်လာမှ ရေမြုပ်အောင်ထည့်ကာ အဖုံးအုပ်ပြီး တည်ပေးပါ
  • ရေမခမ်းခင် အရသာမြည်းပြီး လိုသလို ပြင်ပေးကာ နံနံပင်ကို အုပ်ပေးပါ
  • ငါးဟင်းကို ဆီပြန်ပြီး အိုးကပ်အောင် တည်ပေးကာ မီးပိတ်ပေးပြီး စားသုံးရန် ပြင်ပေးနိုင်ပါပြီ ။

Tuesday, 6 March 2018

ကြက်ဥ ပုဇွန်ခြောက်နှပ်



ဒီချက်နည်းလေးက တစ်ခါတင်ပြီးသားပါ မာမာ့ သားနဲ့သမီး အရမ်းကြိုက်ကြတဲ့ ကြက်ဥနှပ် ဖေးဖရိတ်ဟင်းလေးမို့လို့ လွယ်ကူမြန်ဆန်စွာ ချက်စားနိူင်အောင်အတွက် သတိတရနဲ့ ထပ်တင်ဖြစ်ခြင်းသာ ဖြစ်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကြက်ဥ - ခွန်နှစ်လုံး (  ကျက်အောင်ပြုပ်ပြီး အခွံခွာထားပါ )
  2. ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း လေးဇွန်းစာ
  3. ကြက်သွန်နီ - အလုံးကြီးကြီး နှစ်လုံး (ပါးပါးလှီးပြီး ရေဆေးထားပါ )
  4. ချင်း - လက်တစ်ဆစ်သာသာ (ခပ်ပါးပါး ခပ်ရိတ်ရိတ်လှီးထားပါ)
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  6. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်းခွဲသာသာ
  7. ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း တစ်ဇွန်း
  8. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
  9. ဆီ - ထမင်းစားဇွန်း ကိုးဇွန်း
ပြင်ဆင်ပုံ
  • ဒယ်အိုးထဲမှာ ဆီနှင့်နနွင်းမှုန့်ထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ လှီးထားသော ချင်းနှင့် ကြက်သွန်နီကို နွမ်းသွားအောင် ကြော်လိုက်ပါ
  • ကြက်သွန်နွမ်းတာနဲ့ ကြက်ဥ အချိုမှုန့် ငံပြာရည် ပဲငံပြာရည်တို့ကို ထည့်မွှေပါ
  • တစ်မိနစ်လောက် မွှေပြီးတာနဲ့ ပုဇွန်ခြောက်မှုန့်ထည့်ပြီးမွှေပေးပါ
  • အားလုံး ၂မိနစ်လောက် ချက်ပေးပြီးပါက ကြက်ဥပုဇွန်ခြောက်နှပ် ချိုချိုမွှေးမွှေးလေးကို စားသုံးရန် ပြင်ဆင်နိူင်ပါပြီ။

Monday, 5 March 2018

ဝက်သား ကော်ပြန့်လိပ်







ထမင်းမစားချင်တဲ့ ရက်တွေမှာ အခုလို ကော်ပြန့်လိပ်လေးတွေ လုပ်စားရတာ စားလို့အရမ်းကောင်းပါတယ် လုပ်နည်းလေးကလဲ လွယ်ကူမြန်ဆန်တာမို့လို့ စားချင်စိတ်ပေါ်လာရင် လုပ်စားနိုင်အောင် မာမာပြင်ဆင်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ​၀င်ပစ္စည်းများ
  1. အသားများသော ဝက်သား - 200 g
  2. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံးတစ်ပုံ
  3. နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  4. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. ဆီ - ထမင်းစားဇွန်း ၂ဇွန်း
  6. အခွံခွာပြီး ရေဆေးကာ ပုံပါအတိုင်း ခြစ်ထားသော မုံလာဥနီ  - တစ်ဥ
  7. ရေဆေးကာ ပုံပါအတိုင်း လှီးထားသော ဂေါ်ဖီအကြွတ် - တစ်ခြမ်း
  8. ရေဆေးထားသော ဆလတ်ရွက် - တစ်ပင်
  9. အသင့်သုံးနိုင်သော မုန့်ဟင်းခါးဖတ် - တရုတ်ဟင်းပြင်ပန်းကန် တစ်လုံးစာ
  10. Rice paper - ၁၂ရွက်
ပြင်ဆင်ပုံ
  • ဝက်သားကို ရေဆေးပြီး လက်တစ်လုံးသာသာ အမြှောင်းလေးတွေ လှီးပေးပါ
  • လှီးပြီးတာနဲ့ ဆား နနွင်း အရသာမှုန့်တို့နယ်ကာ နာရီဝက်လောက် နှပ်ထားပါ
  • ပြီးတာနဲ့ အောက်ခြေမကပ်သော ဒယ်အိုးခပ်ပြားပြားထဲမှာ ဆီအနည်းငယ်ထည့်ပြီး ၁၅မိနစ်လောက် အိုးပူတိုက်ပေးပါ
  • အိုးပူတိုက်နေစဉ် အကျက်ညီစေရန် မကြာမကြာ လှည့်ပေးပါ
  • ကျက်ပြီဆိုတာနဲ့ အအေးခံထားပါ
  • ဝက်သား အေးတာနဲ့ ဆန်ပြားရွက်ကို ရိုးရိုးရေအေးနှင့် ပန်းကန်ပြား တစ်ချပ်ထဲထဲ့ပြီး စက္ကန့်၂၀လောက်ဘဲ ပျော့လာတဲ့ထိ စိမ်လိုက်ပါ
  • ရေစိမ်ပြီးတာနဲ့ ပန်းကန်ပြား တစ်ချပ်ပေါ် ဖြန့်တင်ပြီး ခင်းပေးပါ
  • ဆန်ပြားရွက်ပေါ်မှာ မိမိနှစ်သက်သလို အရွက်များနှင့် မုန့်ဟင်းခါးဖတ်များကို ခင်းထည့်ပေးကာ ဝက်သားချောင်းကို ထည့်ပေးပါ
  • ကော်ပြန့်လိပ်လို့ လွယ်ကူစေရန် အစာများကို အနေတော်ဘဲ ထည့်ပေးပါ  
  • ပုံထားသော အစာများဧ။် အောက်ဖက်မှ အစာကိုအုပ်ပြီး စလိပ်ပေးပါ
  • ဘေးနှစ်ဖက်ကို အစာအပေါ်ကို တစ်စဆီ ခေါက်ပေးပါ
  • နောက်ထပ်အောက်ဖက်မှ အလိပ်ပုံစံ ရတဲ့အထိ ဆက်တိုက်လိပ်ပေးသွားပြီးရင် ရပါပြီ
  • ကော်ပြန့်စိမ်း အပြင်သား ထူထူလေးရအောင် လိပ်ပြီးသား အလိပ်များကို နောက်ထပ်ဆန်ပြားဖတ် တစ်ရွက်ဆီကို ရေစိမ်ပြီး ထပ်လိပ်ပေးပါက လှီးတဲ့အခါ လှီးလို့ကောင်းသလို စားလို့လဲ ပိုပြီးကောင်းပါတယ်
  • အားလုံး လိပ်ပြီးပြီဆိုတာနဲ့ ဝက်သား ကော်ပြန့်လိပ်ကို မိမိနှစ်သက်သော အချဉ်ရည်နှင့် တွဲဖက်ကာ သုံးဆောင်နိုင်ပါပြီ။