Friday, 4 December 2015

ကြက်သွန်ကြော်


ဒီနေ့တော့ မုန့်ဟင်းခါးနဲ့ စားရအောင် ကြက်သွန်နီကြော်  မွှေးမွှေးကျွတ်ကျွတ်လေး ကြော်ဖြစ်လို့မာမာပြင်ဆင်ပြီး ကြော်ဖြစ်တဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ကြက်သွန်နီ  - ခပ်ကြီးကြီး တစ်လုံး
  2. တန်ပူရာမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တစ်ဝက်
  3. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တစ်ဝက်
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် 
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  7. ဆီ - လက်ဖက်ရည်အကြမ်းပန်းကန် နှစ်လုံး

ပြင်ဆင်ပုံ
  • တန်ပူရာမှုန့် နနွင်းမှုန့် ဆား အချိုမှုန့်တို့ကိုရေနဲ့ရောပြီး သမအောင်မွှေကာ ခပ်ပျစ်ပျစ်ဖျော်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက်ရေဆေးပြီး ပါးပါးလှီးပြီး လက်နဲ့ဖိချေပြီး မွှာထားပါ
  • အရသာနယ်ထားသော မုန့်နှစ်ထဲမှာ ကြက်သွန်နီကိုထည့်ပြီး နယ်ထားပါ
  • ပန်းကန်ပြားပြန့်ပြန့်လေးပေါ်သို့ မုန့်နှစ်လူးထားသော ကြက်သွနီမုန့်နှစ်လူး အနေတော်ထည့်ပြီး ဖြန့်ပြီးပြင်ပေးထားပါ
  • ဆီကို မီးအပူပေးပြီး ဆီပူပြီးကျက်လာပါက မီးကိုအနေတော်ရှော့ပေးကာ ကြက်သွန်နီကို အသာတွန်းချပြီး ကြော်ပေးပါ
  • မီးအရမ်းမများစေရန် သတိပြုပြီးကြော်ပေးပါ 
  • တစ်ဖက်ရွှေဝါရောင် သန်းလာပါက တစ်ဖက်ကို လှန်ပေးပါ
  • နှစ်ဖက်လုံး ရွှေဝါရောင် သန်းလာပါက ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်သွားပါက ကြက်သွန်ကြော်မွှေးမွှေး ကြွတ်ကြွတ်လေး ရပါပြီ။

Wednesday, 2 December 2015

မတ်ပဲကြော်









အသားဟင်းတွေ မစားချင်လေတော့ အသီးအရွက်တို့ ပဲမျိုးစုံတို့ဘက် လှည့်ဖြစ်လေတိုင်း ပဲဆိုရင် တမျိုးမဟုတ်တမျိုး လုပ်စားဖြစ်ပါတယ်။

အကြော်ကြော်တဲ့ အခါမှာ ဆီများများလေး သုံးဖို့တော့ လိုပါတယ် ဆီများများပါမှ မတ်ပဲကြော် ကြော်တဲ့အခါ မွပြီး ရွနေမှာ ဖြစ်ပါတယ်။

ဒါကြောင့်မို့လို့  ဒီတခါ မတ်ပဲကြော် မွမွလေး ကြော်ဖြစ်သွားလို့ မာမာကြော် ကြော်ဖြစ်သွားတဲ့ ကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. မတ်ပဲ - 1 cup
  2. ငရုတ်သီးစိမ်း - နှစ်သက်သလောက်
  3. ချင်း - ထမင်းစားဇွန်း တဇွန်းစာ
  4. နံနံပင် - ထမင်းစားဇွန်း ၂ဇွန်းစာ
  5. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  6. ခနောကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  7. ဆီ - လိုသလောက်သုံးပေးပါ
  8. ရေ -ထမင်းစားဇွန်း ၄ဇွန်း

ပြင်ဆင်ပုံ
  • မတ်ပဲကို ရေမြုပ်အောင်ထည့်ပြီး အနည်းဆုံး ၅နာရီခန့် ရေစိမ်ပေးထားပါ
  • ပဲရေစိမ်ထားတာ အချိန်ပြည့်လောက်ပါက ပါဝင်ပစ္စည်းများကို ပြင်ပေးပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • နံနံပင်ကို ရေဆေးပြီး ခပ်ရိတ်ရိတ် လှီးထားပါ
  • ချင်းကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
  • ရေစိမ်ထားသောပဲကို ကြိတ်စက်ထဲထည့်ပြီး အရင်ဆုံး တမိနစ်လောက် ကြိတ်လိုက်ပါ
  • တမိနစ်လောက် ကြိတ်ပြီးတာနဲ့ စက်ကိုခနနားပြီး ကြိတ်စက်ထဲမှ ပဲများကို ဇွန်းဖြင့် အထက်အောက် မွှေပေးကာ ဘေးမှာကပ်နေတဲ့ ပဲတွေကို ခြစ်ချပေးပါ
  • ပြီးတာနဲ့ ရေ ထမင်းစားဇွန်းတဇွန်း ထည့်ကာ နောက်ထပ် တမိနစ် ဆက်ပြီးကြိတ်ပေးပါ
  • ပဲာကိတ်ချိန် တမိနစ်ပြည့်တာနဲ့ စက်ကိုခနရပ်ပြီး ကြိတ်စက်ထဲက ပဲများကို အထက်အောက် လှန်ကာ ဘေးမှာ ကပ်နေတာတွေ ခြစ်ချပေးပါ
  • နောက်ထပ် ရေထမင်းစားဇွန်း တဇွန်းထည့်ပြီး နောက်ထပ်တမိနစ် ထပ်ကြိတ်ပေးပါ
  • စုစုပေါင်း ရေ ထမင်းစားဇွန်း လေးဇွန်းလောက် ကုန်အောင် ကြိတ်ပေးပြီး ပဲများချောမွတ်စွာ ကျေညက်သွားစေရန် နောက်ထပ် ၃မိနစ်လောက် ထပ်ကြိတ်ပေးပါ
  • ပဲကြိတ်ပြီးပြီဆိုတာနဲ့ ဇလုံတခုထဲ ပြောင်းထည့်ကာ ဆား ကြက်သားမှုန့် နံနံပင် ချင်းနှင့် ငရုတ်သီးစိမ်းတို့ထည့်ကာ ပဲကိုလေ ကောင်းကောင်းခိုလို့ ကောင်းစေမည့် မွှေတံဖြင့် လက်သန်ရာဘက်သို့ အနည်းဆုံး ၂မိနစ်ဆက်တိုက် မွှေပေးပါ
  • ပဲကြော်ရန်အတွက် လေခိုမှု လုံလောက် မလောက်ဆိုတာကို သိစေရန် ရေထည့်ထားသော ဇလုံထဲသို့ ကြိတ်ပြီးသားပဲကို အနည်းငယ်ယူပြီး ထည့်ကြည့်ပါက ပဲလုံးကလေး ရေပေါ်ပေါ်လာလျှင်မတ်ပဲကြော် ကြော်ရန်အသင့် ဖြစ်ပါပြီ။
မတ်ပဲကြော်ရန်
  • ဒယ်အိုးထဲမှာ ဆီကိုထည့်ပေးပြီး အပူပေးပါ
  • ဆီအရမ်း ပူလာတာနဲ့ မီးကို အနေတော် လျှော့ပေးလိုက်ပါ
  • ပြီးတာနဲ့ လက်ကိုရေစွတ်ရန် ရေဇလုံသန့်သန့် တခုကို ပြင်ထားပါ
  • လက်ကို ရေစွတ်ပြီး ရေများ စိုစွတ်စွာ ပါမလာစေရန် လက်ကိုဆီအိုးနှင့် လွတ်သော နေရာမှာ ခါပေးပြီးမှ အရသာ စပ်ထားသောပဲကို အကြော်တခုစာ ယူလိုက်ပါ
  • အရသာ စပ်ထားသော ပဲသား တခုစာကို လက်ဝါးပေါ်တင်ပြီး အနည်းငယ်ဖြန့်ကာ လက်ညှိုးနှင့် အလယ်တည့်တည့်ကို ဖောက်ပေးပြီးမှ ဆီပူအိုးထဲကို အသာလေး လျောချပေးပါ
  • အထက်ပါ နည်းအတိုင်း အရသာ နယ်ထားသော ပဲများကို အိုးဆန့်သလောက် ထည့်ကြော်ပေးပါ
  • ပဲကြော်နေစဉ်  တဖက်ကျက်ပါက တဖက်ကို လှန်ပေးကာ ၂ဖက်လုံး ရွှေဝါရောင်သန်းလာပါက ဆယ်ပြီး ဆီစစ်ပေးပါ
  • ဆီစစ်သွားပါက မိမိနှစ်သက်သလို စားသုံးနိုင်သော မတ်ပဲကြော် မွမွလေး ရပါပြီ။

Tuesday, 1 December 2015

ဆူးပုတ် ကန်စွန်းရွက်ကြော်




ကန်စွန်းရွက်နဲ့ ဆူးပုတ်ရွက်ကြော် စိမ်းစိမ်းလေး ကြော်စားဖြစ်တာမို့လို့ ကြော်ပြီးရင် အရောင်မဲ မနေဘဲ စိမ်းစိမ်းလေး ဖြစ်နေအောင် ဆီထဲမှာ ဆားကို အရင်ဆုံးထည့်ပြီး ကြော်တဲ့ ကြော်နည်းလေး မျှဝေပေး လိုက်ပါတယ်။ 

ပါဝင်ပစ္စည်းများ

  1. ကန်စွန်းရွက် - လက်တစ်ဆုတ်စာ တစ်စည်း
  2. ဆူးပုတ်ရွက် - အနေတော် တစ်စည်း
  3. ငရုတ်သီးစိမ်း - နှစ်သက်သလောက်
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  5. ဆီ - ထမင်းစားဇွန်း လေးဇွန်း
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  8. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
ပြင်ဆင်ပုံ
  • ကန်ဇွန်းရွက် အနေတော် ဇကာတစ်လုံးစာကို ပိုင်းဖြတ်ပြီး ရေဆေးကာ ရေစစ်ပေးထားပါ
  • ဆူးပုတ်ရွက်ကို အခက်လိုက် ရေဆေးပြီး အရိုးများထွင်ပြီး ဖယ်ထားပါ
  • ငရုတ်သီးစိမ်း စားနိုင်သလောက်ကို ရေဆေးပြီး ခပ်သေးသေး အတုံးလေးများ လှီးထားပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ဓါးပြားရိုက်ထားပါ
  • ဆီကိုအပူပေးပြီး နနွင်းမှုန့်ကို အရင်ထည့်ပေးပါ ပြီးတာနဲ့ဆားကို အရင်ထည့်ပြီး မွှေလိုက်ပါ
  • ဆား ထည့်ပြီး သုံးလေးချက်လောက် မွှေပြီးတာနဲ့ ကြက်သွန်ဖြူကို နွမ်းရုံထည့်ကြော်ပေးပါ
  • ပြီးတာနဲ့ ကန်စွန်းရွက်နှင့် အချိုမှုန့်ကို တခါထဲထည့်ပြီး ကန်စွန်းရွက်နွမ်းအောင် မွှေပေးပါ  
  • အရွက်နွမ်းတာနဲ့ ဆူးပုတ်ရွက်ထည့်မွှေပြီး မိနစ်ဝက်ခန့်ကြော်ပြီးတာနဲ့ အရသာမြည်းကာ မီးပိတ်ပြီး ဟင်းပြင်ပန်းကန်ထဲသို့ ပြောင်းထည့်ပေးပါ။

Monday, 30 November 2015

သရက်ချဉ်ထည့်နည်း











သရက်သီးစိမ်း ပေါ်ချိန်လေးမှာ သရက်သီးကို အမျိုးမျိုး လုပ်စားဖြစ်တဲ့ အထဲက ဒီနေ့တော့ သရက်ချဉ်လုပ်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. သရက်သီး လှီးပြီးသား - 1000 g
  2. ဆားကြမ်း - 100 g

ပြင်ဆင်ပုံ
  1. သရက်သီးများကို အညှာဖက်မှ အနည်းငယ်လှီးကာ အစေးများ ထွက်စေရန် ရေ ၃နာရီလောက် စိမ်ထားပါ
  2. ရေစိမ်ပြီးပါက သရက်သီးများကို အခွံမခွာဘဲ ခပ်ပါးပါး အချပ်လေးများရအောင် အရင်ဆုံး လှီးပေးပါ
  3. သရက်စေ့များကို ထည့်မသုံးပါ
  4. လှီးလို့ရလာသော အချပ်များကို အစိတ်အမြှောင်းလေးများရအောင် လှီးပေးပါ
  5. အားလုံးလှီးပြီးတာနဲ့ ဇလုံတစ်လုံးထဲထည့်ပြီး ဆားနှင့် ခပ်ဖွဖွနယ်ပေးပါ
  6. ဆားနှင့်နယ်နေစဉ် ထွက်လာသော အရည်များနှင့်အတူ ပလပ်စတိတ်အိတ် သန့်သန့်ထဲထည့်ပြီး ကျစ်နေအောင် လိမ်ပြီးထုတ်ပေးပါ
  7. ပြီးတာနဲ့ သွားထိုးတံ သန့်သန့်ဖြင့် အပေါက်လေးများ လိုက်ဖောက်ပေးကာ ဇလုံတစ်ခုထဲထည့်ပြီး အပေါ်မှ ခပ်လေးလေး အလေးတခုနှင့် ဖိထားပြီး တစ်ရက်ထားပေးပါ
  8. အလေးဖိထားစဉ် ထွက်လာသော အရည်များနှင့် သရက်သီးများကို တစ်ေနကုန် စိမ်ထားပေးပါ
  9. နောက်တစ်ေန့မှာ ထွက်လာသော အရည်များကိုသွန်ပြီး နောက်တစ်ရက် ထပ်ပြီး အလေးနှင့် ထပ်ဖိပေးထားပါ
  10. ထပ်ပြီးထွက်လာသော အရည်များ စစ်သွားစေရန် သရက်သီးထုတ်အောက်မှ ပန်းကန်ပြားတစ်ချပ်ကို မှောက်ပြီးခံကာ သရက်သီးထုတ်ကိုတင်ပြီး အပေါ်မှ အလေးဖြင့် ထပ်ဖိထားပေးပါ
  11. ထပ်ထွက်လာသော အရည်များကို သွန်ပြစ်ပြီး သရက်ချဉ်နှင့် မထိအောင် ထားပေးပါ
  12. ၂ရက်မြောက်နေ့မှာ ထွက်လာသော အရည်များစစ်သွားပြီး သရက်ချဉ်မွှေမွှေးလေး ရပါပြီ။

Sunday, 29 November 2015

ကြက်သား ပျားရည်ကြော်


ကြက်သားနဲ့ပျားရည်ကြော်ရတာ စားလို့ကောင်းသလောက် ကြော်ရတာတော့ နည်းနည်းလေး လက်ဝင်ပါတယ် မီးအချိန်အစ တော်တော်လေး သတိထားရပြီး မီးများတာနဲ့ ပျားရည်အချို အရသာကြောင့် မည်းမည်းကြီး ဖြစ်သွားတတ်ပါတယ်။

မီးနည်းလွန်းရင်လဲ တော်တော်နဲ့အတွင်းသားက မကျက်နိုင်ပြန်ပါဘူး ဒါကြောင့်မို့ မာမာကြော်တဲ့နည်းကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ကြက်ပေါင်ရင်းသား - လေးတုံး
  2. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  3. ပျားရည် - ထမင်းစားဇွန်း နှစ်ဇွန်း
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. ဆီ - လိုသလောက် သုံးပေးပါ

ကြက်သားအရသာနယ်ရန်
  1. ကြက်သားကို ရေဆေးပြီး ရေခြောက်အောင် paper towel နှင့် ခြောက်အောင် သုတ်ပေးပါ
  2. ဇလုံတစ်လုံးထဲမှာ နနွင်းမှုန့် ဆား ပျားရည်တို့နှင့် အရသာဝင်အောင် ဆုပ်ဆုပ်ပြီး နယ်ပေးပါ
  3. ရေခဲသေတ္တာ မခဲတဲ့ အထပ်မှာ တစ်ည သို့မဟုတ် ငါးနာရီလောက် နှပ်ထားပေးပါ
  4. ရေခဲသေတ္တာထဲမှာ မထားချင်လဲ ချက်ခြင်းကြော်နိုင်ပါတယ်။
ပြင်ဆင်ပုံ
  • ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီကို မီးအားပြင်းပြင်းနဲ့ အပူပေးလိုက်ပါ
  • ဆီအငွေ့တက်လာတာနဲ့ မီးကို အလယ်လောက်ထိလျှော့ပြီး အငွေ့ငြိမ်အောင် ထားလိုက်ပါ
  • ဆီအငွေ့ငြိမ်တော့မှ ကြက်သားကို တစ်တုံးခြင်း အိုးဆန့်သလောက် ထည့်ကြော်ပါ
  • အရည်ခွံများ မည်းမသွားစေရန် မကြာမကြာ လှန်လှန်ပေးပြီး တစ်ဖက်ကို သုံးမိနစ်လောက်ဘဲ ကြော်ပေးပါ
  • ပျားရည်ကြောင့် ကြက်သားတုံးများ မည်းမသွားစေရန် အကြာကြီး မကြော်မိဖို့ သတိထားပါ
  • ကြက်သားကြော်ချိန် ခြောက်မိနစ်လောက် ရတာနဲ့ ဆယ်ပြီး ဆီစစ်ပေးပါ
  • အထဲမျ အသားများ ကျက်စေရန်အတွက် မိုက်ခရိုဝေ့ မီးဖိုထဲမှာ တစ်မိနစ်ဆီ နှစ်ခါ သုံးခါလောက် ဟိုဘက်ဒီဘက် လှန်ပေးပြီး ထည့်ပေးပါ
  • ပြီးတာနဲ့ ထမင်းပူပူလေးနှင့် တွဲပြီး စားနိုင်တဲ့ ကြက်သားပျားရည်ကြော် မွှေးမွှေးလေး ရပါပြီ။

ပဲပင်ပေါက်ဖောက်နည်း အဆင့်ဆင့်











၂၀၁၃ခုနှစ်က ပဲပင်ပေါက် ဖောက်နည်း တခါတင်ပေးဖူးပါတယ် ပဲပင်ပေါက် ဖောက်ရတာ အရမ်းကိုလွယ်လွန်းပြီး အိမ်မှာဖောက်တဲ့ ပဲပင်ပေါက်က ပိုပြီးစားရတာ ကောင်းပြီး သန့်သန့်ပြန့်ပြန့် စားရတာမို့ ဖောက်ကြည့်စေချင်ပါတယ်။

အရင်တခါ တင်တုန်းက အပင်ပေါက်လာတာနဲ့ အခွံတွေကို ရေဆေးပြီးချွတ်တဲ့ နည်းလေးတင်ပေးထားတာပါ အခုတခေါက်တော့ အခွံတွေကို ရေမဆေးဘဲ ချွတ်တဲ့နည်းလေးက ပိုပြီးလွယ်လို့ ဒီနည်းကို ပြန်ပြီးတင်ပေးလိုက်ပါတယ်။

ပဲပင်ဖောက်နည်း

  1. ပဲတီစိမ်း ပဲစေ့ ထမင်းပေါင်းအိုး ဆန်ချင်ဗူး တဗူးကို ရေမြုပ်အောင်ထည့်ပြီး ပဲများပွလာအောင် တညသိပ် ရေစိမ်ထားပေးပါ
  2. နောက်နေ့မနက် ပဲစေ့များ ပွလာပါက အပေါက်ခပ်စိပ်စိပ်ပါပြီး ဇောက်နက်သော ဇကာထဲ သွန်ချကာ ဇကာအပေါ်မှ အုပ်ပြီးထားပေးပါ
  3. သတိရရင် ရသလို ရေလောင်းပေးနိုင်စေရန်  ဘေစင်နားတွင်ထားပြီး ရေလောင်းလောင်းပေးပါ
  4. ဒုတိယမြောက်နေ့မှာ အပင်လေးများ စထွက်လာပြီး တတိယနေ့မှာ အပင်တော်တော်လေး ရှည်လာပါလိမ့်မယ်
  5. ရေကို မကြာမကြာ လောင်းပေးပြီး အဖုံးအုပ်ထားပါက အပင်ထွက်နူံး ပိုမြန်ပါတယ်
  6. တတိယမြောက် နေ့လည်လောက်ဆို ဇကာအပေါ်ကို မောက်တက်လာပါက ဗန်းကျယ်ကျယ် တခုထဲကို လက်တဆုတ်စာ စွဲယူပြီး အောက်ခြေအမြစ်များကို ကပ်ကြေးဖြင့် ညှပ်ချပြီး အပင်များကို ထည့်ပေးပါ
  7. အမြှစ်များ မဖယ်ချင်လဲ ဒီအတိုင်း ဗန်းကျယ်ကျယ်ထဲ ထည့်ကာ ပဲပင်များကို ဖွလိုက် ခါလိုက်လုပ်ကာ ယူပေးပါ
  8. အပင်များကို လက်နှစ်ဖက်ဖြင့် ဖွဖွပေးပြီး အခွံများကို ခါချပေးသလို ဖြစ်ပြီး အခွံများ အောက်ဖက်မှာ ကျန်ခဲ့ပါလိမ့်မယ်
  9. အမြှစ်များနှင့် ပဲအခွံများကို လွှင့်ပြစ်ပါ
  10. ပဲပင်ပေါက် ကုန်တဲ့ထိ ထိုနည်းအတိုင်း လုပ်ပေးပြီးပါက ပဲအခွံချွတ်ရတာ ပိုပြီးမြန်ပါတယ်
  11. အိမ်မှာဖောက်တဲ့ ပဲပင်ပေါက်လေးတွေ ရလာတာနဲ့ မိမိနှစ်သက်သလို သုံးဆောင်နိုင်ရန် ပြင်ဆင်ချက်ပြုပ်ပြီး ပြင်ပေးနိုင်ပါပြီ။

Saturday, 28 November 2015

ဆင်ခေါင်းပဲ အာလူးအစပ်ချက်


ဆင်ခေါင်းပဲ ပြုပ်ပြီးသားကို ကြက်သွန်စိမ်းနဲ့ သုပ်စားရတာ ကြိုက်သလို ဆီစိမ်းလေးဆမ်းပြီး စားရတာကိုလဲ နှစ်သက်ပါတယ်။

ဒီတခါတော့ ချဉ်ငံစပ် ဟင်းလေးချက်ပြီး ပလာတာနဲ့တွဲပြီးစားဖို့ ပြင်ထားပါတယ် စားလို့ကောင်းလွန်းတဲ့အတွက် မာမာပြင်ဆင်ထားတဲ့ ပဲအစပ်ချက်နည်းလေးကို မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ပြုပ်ပြီးသား ဆင်ခေါင်းပဲ - တရုတ်ဟင်းပြင်ပန်းကန်အသေး တစ်လုံးစာ
  2. အခွံခွာပြီး ရေဆေးကာ အနေတော်တုံးထားသောအာလူး - အနေတော် ၂လုံး
  3. ပျဉ်းတော်သိမ်းရွက် - အနေတော် ၂ခက်
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  5. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
  6. ခပ်နုတ်နုတ်လှီးထားသော ကြက်သွန်နီ - အနေတော် တစ်လုံး
  7. ခပ်နုတ်နုတ်လှီးထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  8. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  9. ဆီ - ထမင်းစားဇွှန်း လေးဇွန်း
  10. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  11. ရေ လက်ဖက်ရည် အကြမ်းပန်းကန် တလုံးခွဲလောက်နှင့် စိမ်ထားသော မကျည်းသီးမှည့် - ကွမ်းသီးဆံလုံးလောက်

ပြင်ဆင်ပုံ
  • ဆီကိုအပူပေးပါ ဆီပူလာတာနဲ့ နနွင်းမှုန့်ထည့်ပါ
  • ကြက်သွန်နီ ကြက်သွန်ဖြူ ငရုတ်သီးမှုန့်တို့ကို ထည့်မွှေပြီး မွှေးလာအောင်ဆီသတ်ပေးပါ
  • ဆီသတ်နံ့ မွှေးလာတာနဲ့အာလူးကို ထည့်မွှေပြီး ရေမြုပ်အောင်ထည့်ကာ အာလူးနူးအောင် ချက်ပေးပါ
  • အာလူးနူးတာနဲ့ ပြုပ်ပြီးသားပဲ ဆား အရသာမှုန့်တို့ ထည့်ပြီးမွှေပေးပါ
  • ပြီးတာနဲ့ မကျည်းမှည့်ရည် ထည့်ပေးကာ ရေခမ်းတဲ့အထိ ချက်ပေးပါ
  • ရေမခမ်းခင် အရသာမြည်းပြီး လိုသလိုပြင်ကာ ပျဉ်းတော်သိမ်းရွက်အုပ်ပြီး မီးပိတ်ပေးနိုင်ပါပြီ။
တွဲဘက်စားရန် 

  • မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ အနေတော် စိပ်ထားပါ
  • သခွားသီးကို ရေဆေးပြီး အနေတော် လှီးထားပါ။