Tuesday 23 July 2024

သင်္ဘောသီး တောသုပ်

 



မာမာဒီနေ့တော့ မျှင်ငပိထောင်း ထောင်းဖြစ်တာနဲ့ သင်္ဘောသီးသုပ်ကို တောသုပ် ခပ်စပ်စပ်လေး သုပ်ဖြစ်ပါတယ် မာမာတို့ ငယ်ငယ်က ကျောင်းပိတ်ရက်ဆိုရင် မိသားစုလိုက် ခြံထဲကို သွားကြပါတယ်။

ခြံထဲရောက်တာနဲ့ လတ်လတ်ဆတ်ဆတ် အသီးတွေခူးပြီး အမေသုပ်ကျွေးတဲ့ အသုပ်လေးတွေကို စားရပါတယ် ဒါကြောင့်မို့လို့ ဒီနေ့တော့ မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ ချဉ်ငံစပ် သင်္ဘောသီးသုပ် တောသုပ် သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. သင်္ဘောသီးစိမ်း အနေတော် - တစ်လုံး
  2. မျှင်ငပိ - ထမင်းစားဇွန်း သုံးဇွန်း
  3. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  4. ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း သုံးဇွန်း
  5. ငရုတ်သီးစိမ်း - မိမိစားနိူင်သလောက်ထည့်ပါ
  6. ကြက်သွန်ဖြူ - အမွှာကြီးကြီး ဆယ်မွှာ
  7. ငရုတ်သီး အလှော်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  8. သံပုရာသီး - တစ်လုံး
ပြင်ဆင်ပုံ
  • သင်္ဘောသီးကို အခွံခွာပြီး အစေ့များ မပါအောင် အပြင်ဖက်မှစပြီး ခြစ်ထားပါ
  • အထဲမှ အစေ့များ ပေါ်လာပါက ဆက်မခြစ်တော့ဘဲ ပြစ်လိုက်ပါ
  • မျှင်ငပိကို မွှေးလာအောင် မီးကင်ထားပါ
  • သံပုရာသီးကို ရေဆေးပြီး အစိတ်လေးတွေ စိတ်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာကာ ရေဆေးထားပါ
  • ငရုတ်သီးစိမ်းကို အညှာခြွေပြီး ရေဆေးကာ မီးကင်ထားပါ
  • ပုဇွန်ခြောက်မှုန့်ကို အဆင်သင့် ပြင်ထားပါ
  • ပြီးတာနဲ့ မျှင်ငပိမီးကင်ကို ငရုတ်သီး အလှော်မှုန့် ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်းတို့ထည့်ကာ မညက်တညက် အနေအထားရအောင် ထောင်းပေးပါ
သင်္ဘောသီးသုပ်ပုံ
  • ဇလုံကြီးကြီးထဲမှာ ခြစ်ထားသော သင်္ဘောသီး ပုဇွန်ခြောက်မှုန့် အရသာမှုန့် သံပုရာရည်နှင့် ငပိထောင်း တို့တို သင့်သလို ထည့်ပေးပြီး အရသာ မျှတအောင် နယ်ပေးပါ
  • သင်္ဘောသီးသုပ် အရသာနယ်ပြီးတာနဲ့ အရသာ မြည်းပေးပြီး မိမိလိုအပ်တဲ့ အရသာ ရလာအောင် ပြင်ပေးပါ
  • ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းသလို ဒီအတိုင်း စားရင်လဲ အရမ်းကောင်းလွန်းတဲ့ သင်္ဘောသီး တောသုပ် ချဉ်ငံစပ်လေးကို သုံးဆောင်နိူင်ပါပြီ။

No comments:

Post a Comment