Friday 19 July 2024

မိုးကုတ်မြှီးရှည်















အန်တီရေ မိုးကုတ်မြှီးရှည် ချက်နည်းလေး မျှဝေပါအုံးဆိုလို့ အရင်တုန်းက တင်ထားတဲ့ နည်းလေးကိုဘဲ ပြန်တင်ပေးလိုက်ပါတယ်။

မာမာ ဒီနေ့တော့ အိမ်သွားလည်ရင်း စားဖြစ်ခဲ့တဲ့ မိုးကုတ်မြှီးရှည်ကို အရသာခံရင်း အိမ်ရောက်တော့ စမ်းတဝါးဝါးနဲ့ ချက်လေသတည်းပေါ့ရှင် စိတ်မှန်းနဲ့ ချက်ထားတာမို့လို့ အမှားအယွင်း အတိမ်းအစောင်းလေးတွေတော့ ရှိမယ်ထင်ပါတယ်။

မိုးကုတ်မြီးရှည် မချက်ခင် လေးရက်လောက်ကြိုပြီး အိမ်လုပ်မုန့်ညှင်းချဉ်လေးလဲ တည်ထားလိုက်ပါသေးတယ် မုန့်ညှင်းချဉ် ချဉ်ပြီဆိုတာနဲ့ မိုးကုတ်မြှီးရှည်ကို ချက်ပါတော့တယ်။

၀က်သားစားသူအတွက် ၀က်သားကို ချက်ထားပြီး ၀က်သားမစားသူအတွက် ကြက်သားနှင့် ချက်ကာ မုန့်ငါးပွဲစာအတွက် ချက်နည်းလေး မျှဝေလိုက်ပါတယ် ချက်နည်းလေးများ လွဲခဲ့ရင်တော့ သည်းခံပေးစေချင်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. မြီးရှည်ဖတ်အစို - 1 kg (သို့မဟုတ်) မြီးရှည်ခြောက် - တစ်ထုပ်
  2. ၀က်သုံးထပ်သား (သို့မဟုတ်) ကြက်သား - 500 g
  3. ၀က်ရိုး သို့မဟုတ် ကြက်ရိုး - 200 g
  4. ရှမ်းပဲငပိ - 150 g
  5. ကြက်သွန်နီ - အလုံးကြီးကြီး နှစ်လုံး
  6. ကြက်သွန်ဖြူ - ခပ်ကြီးကြီး နှစ်ဥခန့်
  7. ချင်း - လက်တစ်ဆစ်ခန့်
  8. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း မောက်မောက်
  9. နံနံပင် - နှစ်သက်သလောက်
  10. ကြက်သွန်မြိတ် - နှစ်သက်သလောက်
  11. မုန့်ညှင်းချဉ် - နှစ်သက်သလောက်
  12. ငရုတ်ကောင်းမှုန့် - နှစ်သက်သလောက်
  13. ဆား - ထမင်းစားဇွန်း နှစ်ဇွန်းခန့်
  14. ကင်းမွန်ငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  15. ငရုတ်သီး လုံးခြမ်းကွဲ - ထမင်းစားဇွန်း သုံးဇွန်း
  16. အချိုမှုန့် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  17. ဆီ - လိုသလောက်
  18. ပဲငံပြာရည်အပျစ် - ထမင်းစားဇွန်း သုံးဇွန်း
  19. ရှာလကာရည် - ထမင်းစားဇွန်း နှစ်ဇွန်း
  20. ငရုတ်ဆီအနှစ် - ထမင်းစားဇွန်း တစ်ဇွန်း
  21. သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  22. ကော်မှုန့် - ထမင်းစားဇွန်း နှစ်ဇွန်း

မုန့်ဖတ်ပြုပ်ရန်
  1. မြီးရှည်လက်ညှစ်ဖတ် အဆင်သင့်ရပါက ရေနွေးပူပူမှာ ရေနွေးဖျောပြီး အဆင်သင့်စားလို့ ရပါတယ်
  2. လတ်လတ်ဆတ်ဆတ် မရပါက မုန့်ဖတ်အခြောက်ကို အသုံးပြုမယ်ဆိုရင် တစ်နာရီခန့် ရေကြိုတင် စိမ်ပေးထားပါ
  3. ရေနွေးကို ပွက်ပွက်ဆူအောင်တည်ပြီး ရေစိမ်ထားသော မုန့်ဖတ်အခြောက်ကို အနေတော်ရအောင် ပြုပ်ပြီး ရေနွေးများ သွန်ထားပေးပြီး ရေစစ်ထားပါ။
ဟင်းဆီသတ်ရန်
  • ၀က်သားနှင့် ကြက်သားကို ကြိုက်နှစ်သက်ရာ အသားကို သုံးမည်ဆိုပါက အသားကို ခပ်နုတ်နုတ် စဉ်းထားပါ
  • ချင်းနှင့် ကြက်သွန်ဖြူကို ညက်နေအောင် ထောင်းပေးပါ
  • ဒယ်အိုးတစ်လုံးမှာ ဆီထည့်ပြီး အပူပေးပါ 
  • ဆီပူလာတာနဲ့ ထောင်းထားသော ချင်းနှင့်ကြက်သွန်ဖြူထောင်းကို ထည့်ပြီးဆီသတ်ပေးပါ
  • ဆီသတ်နံ့လေး မွှေးလာတာနဲ့ ၀က်သား သို့မဟုတ် ကြက်သား ဆား လက်ဖက်ရည်ဇွန်း တစ်၀က်နှင့် အချိုမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံတို့ကို ထည့်မွှေပြီး ကျက်တယ်ဆိုရုံလေးဘဲ ချက်ပေးပါ
  • ဆီသတ်ချိန် အချိန်အရမ်းကြာသွားပါက အသားများ မာသွားတတ်ပါတယ်။
ပဲငါးပိအတွက် ပြင်ဆင်ပုံ
  • ပဲငပိအဖတ်မှာ အဖတ်များ ကြီးနေပါက ကြိတ်စက်ထဲထည့်ကာ ကျေသွားအောင် ချေထားပေးပါ။
ကြက်သွန်ကြော်ရန်
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက်ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာပါက နနွင်းမှုန့်ထည့်ကာ ဆီအငွေ့ တက်လာတာနဲ့ ကြက်သွန်နီကို ထည့်ကြော်ပါ
  • ကြက်သွန်နီများ ရွှေအိုရောင် သန်းလာတာနဲ့ဆယ်ပြီး ဆီစစ်ထားပါ။

ကော်ရည်ကြိုရန်
  • သကြား ငရုတ်ဆီအနှစ် ရှာလကာရည် ပဲငံပြာရည်နှင့် ရေတစ်လီတာခန့်ကို အိုးတလုံးထဲမှာ ပျော်အောင်ဖျော်ပြီး ထည့်ပေးကာ ရေတစ်ပွက်နှစ်ပွက် ဆူအောင် တည်ပေးပါ
  • ကော်မှုန့်ကို ရေအနည်းငယ်နှင့်ဖျော်ထားပါ
  • အရသာ အရည်အိုး ဆူလာတာနဲ့ အရည်ဖျော်ထားသော ကော်ရည်ကို ဖြေးဖြေးချင်း လောင်းထည့်ပြီး အဆက်မပြတ် မွှေပေးပါ
  • ကော်ရည် ခပ်ပျစ်ပျစ် အနေအထားရရင် မီးပိတ်ပြီး ပန်းကန်တခုထဲ ပြောင်းထည့်ပေးထားပါ။
ငရုတ်သီးလုံးခြမ်းကွဲ ကြော်ရန်
  • ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ
  • ဆီပူလာတာနဲ့ မီးကို အကုန်လျှော့လိုက်ပြီးမှ မီးဖိုလက်ကျန် အပူရှိန်နှင့် ငရုတ်သီး လုံးခြမ်းကွဲကို ထည့်ပြီးကြော်ပါ
  • ကြော်ချိန်မကြာစေဘဲ ငရုတ်သီးနံ့ သင်းလာတာနဲ့ ပန်းကန်ထဲ ပြောင်းပြီး ထည့်ထားပေးပါ။
မုန့်ညှင်းချဉ် ပြင်ဆင်ပုံ
  • အချဉ်တည်ပြီးသား မုန့်ညှင်းချဉ်ကို ပန်းကန်ထဲ ထည့်ထားပေးပါ။
ဟင်းခါးချက်ရန်
  • ၀က်ရိုး သို့မဟုတ် ကြက်ရိုးကို ရေမြုပ်ရုံထည့်ပြီး တည်ပေးပါ
  • ဟင်းရည်အိုး တည်ထားစဉ် အပေါ်ယံ တက်လာသော အမြှုပ်များကို ခပ်ပြီးသွန်သွန်ပေးပါ 
  • ကြက်သွန်ဖြူ အမွှာကြီးကြီး ၂မွှာနှင့် ငရုတ်ကောင်းစေ့ ၁၀စေ့လောက်ကို ညက်အောင် ထောင်းပေးထားပါ
  • အရိုးထဲမှ အချိုရည်များ ထွက်လာတာနဲ့ ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်းနှင့် အချိုမှုန့်လက်ဖက်ရည်ဇွန်း တစ်ဇွန်းထည့်ပြီး ရေမြုပ်ရုံထည့်ပြီး တည်ပေးပါ
  • ပြုပ်ရည် ပထမတရည် မခမ်းခင် ရေကို တရုတ်ဟင်းရည်သောက် ပန်ကန်လုံးအလတ် ၃လုံးစာထည့်ပြီး မီးအေးအေးနဲ့ ဆူအောင် တည်ထားပါ
  • ရေဆူလာတာနဲ့ အရသာမြည်းပြီး လိုသလိုပြင်ကာ ငရုတ်ကောင်း ကြက်သွန်ဖြူထောင်းကို ခပ်ပေးပြီး ခပ်နွေးနွေး တည်ထားပေးပါ
မုန့်ပွဲပြင်ဆင်ပုံ
  • မြီးရှည်ဖတ် တစ်ပွဲစာကိုယူပြီး ရေနွေးဆူဆူမှာ ဖျောပေးပါ
  • ရေနွေးဖျောထားသော မြီးရှည်ဖတ်ကို ပန်းကန်တစ်ခုထဲ ထည့်ပေးပြီး ကော်ရည် ဟင်းခတ်ဇွန်း တစ်ဇွန်း လောင်းထည့်ပါ
  • အပေါ်မှ ဆီသတ်ထားသော ၀က်သား သို့မဟုတ် ကြက်သားကို ထမင်းစားဇွန်း တစ်ဇွန်း ပဲငါးပိ အနေတော် ကြက်သွန်နီကြော် ကြက်သွန်မိတ် နံနံပင် ငရုတ်ကောင်းမှုန့် ငရုတ်သီးကြော်တို့ကို ပြင်ပေးကာ ဟင်းခါးရည်ဖြင့် တွဲဖက်ပြီး သုံးဆောင်နိူင်ပါပြီ။

No comments:

Post a Comment