Wednesday 31 July 2024

ပိန်း‌ဥ အရည်သောက်ဆမ်း






အရင်တစ်ပါတ်က ဗီယက်နမ်ဈေးကိုသွားရင်း ပိန်းဥ လတ်လတ်ဆတ်ဆတ်လေးတွေ ရလာတော့ အရည်သောက်ဆမ်း ဟင်းတစ်မယ်အဖြစ် ချက်ဖြစ်ပါတယ်။

ကိုယ်စားလို့ အရသာရှိရှိ စားရလေတိုင်း မိတ်ဆွေတို့ကို သတိရမိတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။


ပါ၀င်ပစ္စည်းများ

  1. ပိန်းဥ - 500g
  2. ဆီ - ထမင်းစားဇွန်း ၂ဇွန်း
  3. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  5. ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. ဆား - ထမင်းစားဇွန်း (ပိန်းဥဆေးရန်)
  9. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. ပုဇွန်ခြောက်  - ၁၅ကောင်ခန့်
  11. ရေ - တရုတ်ဟင်းရည်သောက် ပန်းကန်လုံးအလတ် တစ်လုံးစာ

ပြင်ဆင်ပုံ

  • ပိန်းဥများကို အခွံခွာပြီး ဆားနှင့်နယ်၍ ပိန်းဥအလုံးကြီးပါက အနေတော်တုံးပြီး ရေဆေးထားပေးပါ
  • ပိန်းဥအခွံခွာရင် လက်တွေယားတတ်တဲ့အတွက် လက်အိတ်လေး စွတ်ပြီးမှ အခွံကိုခွာပေးပါ
  • ပုဇွန်ကိုခြောက်ကို ရေဆေးပြီး ရေစိမ်ထားပါ
  • ကြက်သွန်ဖြူ ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  • ဇောက်နက်သော အိုးတစ်လုံးမှာ အခွံခွာထားသော ပိန်းဥ ကြက်သွန်ဖြူ ကြက်သွန်နီ ဆား ပုဇွန်ခြောက် နနွင်းမှုန့် ငရုတ်သီးမှုန့် အချိုမှုန့်နှင့် ဆီထည့်ပြီး အရသာ၀င်အောင် နယ်ပေးပါ
  • ပြီးတာနဲ့ ရေအနည်းငယ်ထည့်ပြီး ၃မိနစ်ခန့် လုံးချက်လေး ချက်ပေးပါ 
  • ပိန်းဥများ လုံးမိတာနဲ့ ရေကို အနေတော်ထည့်ကာ  ဟင်းအိုးဆူအောင် တည်ပေးပါ
  • ပိန်းဥများ နူးလာပါက ဟင်းရည်အပျစ် အကျဲကို မိမိ လိုသလိုပြင်၍  ထည့်ပေးပါ
  • ပိန်းဥဟင်း ကျက်တာနဲ့ အရသာမြည်းပြီး လိုသလို မိမိိစိတ်ကြိုက် ပြင်ပေးကာ ပိန်းဥအရည်သောက်ဆမ်းဟင်းကို ပုဇွန်ချဉ်သုပ် ငါးချဉ်သုပ်တို့နှင့် တွဲဖက်ပြီး သုံးဆောင်ရန် ပြင်ပေးနိူင်ပါပြီ။

Tuesday 30 July 2024

မုန့်ဟင်းခါး ငါးဆီသတ်

 

















မာမာ ဒီတစ်ခါတော့ ဘာဆာငါးပြားလေးတွေ ဝယ်လာတာ များသွားတော့ မုန့်ဟင်းခါး ချက်စားချင်စိတ် ပေါ်လာခဲ့ရင် အဆင်သင့် ချက်စားလို့ ရလေအောင် မုန့်ဟင်းခါးချက်ဖို့ ပြင်ထားပါတယ်။

ဘာဆာငါးနဲ့ ငါးပြုပ်တာဖြစ်လို့ အရိုးထွင်ရတာတော့ သက်သာပါတယ် တစ်ခြားငါးတွေနဲ့ ဆီသတ်ရတာထက် အရိုးမထွင်ရတဲ့အတွက် အချိန်ကုန်တာ နဲနဲသက်သာပါတယ် ဒါကြောင့်မို့လို့  မာမာပြင်ဆင်ထားတဲ့ ငါးဆီသတ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ငါးပြုပ်ရန် ပါ၀င်ပစ္စည်းများ
  1. ဘာဆာငါး - တစ်ကီလို
  2. ငါးငံပြာရည် - ထမင်းစားဇွန်း ၈ဇွန်း
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  4. နနွင်း - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  5. ငရုတ်သီးအခြောက်တောင့် - ၇တောင့်စ
  6. ပါးလင် - ၃ပင်
ငါးပြုပ်ရန် ပြင်ဆင်ပုံ
  1. ဘာဆာငါးကိုရေစင်အောင် ဆေးပေးပြီး ဇောက်နက်သော အိုးထဲမှာ ထဲ့ထားပေးပါ
  2. စပါးလင်ကို ရေစင်အောင်ဆေးပြီး ခပ်ကြမ်းကြမ်း ထုပေးကာ ထုံးပေးထားပါ
  3. ငါးထဲ့ထားသော အိုးထဲမှာ ငါးနှင့်အတူ ငရုတ်သီးတောင့် ဆား နနွင်းမှုန့် စပါးလင် ငါးငံပြာရည်နှင့် ရေကို ငါးမြုပ်အောင်ထည့်ပြီး ပြုပ်ပေးပါ
  4. ငါးများနူးလာပါက မီးပိတ်ပြီး အအေးခံပေးပါ
  5. ငါးကို အအေးခံထားကာ အေးလာပါက ပြုပ်ထားသောငါးကို အသားမွှ  ထားပေးပါ
  6. ငရုတ်သီးတောင့် ငါးပြုပ်ရည်နှင့် စပါးလင်တို့ကို ပြန်သုံးရန်အတွက် ဖယ်ထားပါ။
ငါးဆီသတ်ရန် ပြင်ဆင်ပုံ ပါ၀င်ပစ္စည်းများ (ငရုတ်သီးထောင်းရန်အတွက်)
  • ငရုတ်သီး အရောင်တင်မှုန့် - ထမင်းစားဇွန်း နှစ်ဇွန်း
  • ချင်း - 100 g
  • ကြက်သွန်နီ - 400 g
  • ကြက်သွန်ဖြူ - 150 g
  • စပါးလင် အပင်င်္ကြီးကြီး - ၁၅ပင်
ငရုတ်သီးထောင်းဖို့ပြင်ဆင်ရန်
  • စပါးလင် ၁၅ပင်ခန့်ကို ရေစင်အောင်ဆေးပြီး ခပ်ပါးပါး လှီးပေးကာ မညက်တစ်ညက် ထောင်းထားပါ
  • ချင်းကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်ဖြူများကို အခွံခွာကာ ရေဆေးထားပါ
  • ကြက်သွန်နီ 200 g ကို အခွံပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ (ဆီသတ်ဖို့ သတ်သတ်ဖယ်ထားပါ)
  • ကြက်သွန်နီ 200 g ကိုအခွံခွာထားပြီး ရေဆေးကာ ခပ်ထူထူ လှီးထားပါ
  • ငရုတ်သီး အရောင်တင်မှုန့်ကို ပြင်ထားပါ
  • အားလုံး အဆင်သင့် ဖြစ်ပြီဆိုတာနဲ့ ဘလင်ဒါထဲထည့်ပြီး တစ်မိနစ်ကြိတ် တခါနားကာ ၁၀ခါလောက် ကြိတ်ပေးပါ
  • ဘလင်ဒါ မရှိပါက ငရုတ်ဆုံထဲထဲ့ပြီး ညက်နေအောင် ထောင်းပေးထားပါ။

ငါးဆီသတ်နည်း
  • ဒယ်အိုးထဲမှာ ဆီနှစ်ဆယ်သား နနွင်းမှုန့်လက်ဖက်ရည်ဇွန်း တ၀က်ကိုထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ကြိတ်ထားသော ငရုတ်သီးအစာများကို မွှေးလာအောင် ဆီသတ်ပေးပါ
  • ငရုတ်သီး ဆီသတ်နံ့  မွှေးလာတဲ့အထိ ဆီသတ်ပေးပါ 
  • ဆီသတ်နေစဉ် အိုးမကပ်စေရန် မကြာမကြာ မွှေမွှေပေးပါ
  • ဆီသတ်ချိန် ၅မိနစ်လောက် မွှေပြီးတာနဲ့ငါးပြုပ်ပြီးသား အသားများ ငါးပြုပ်ရည် အနည်းငယ် ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်း ငါးငံပြာရည် ထမင်းစားဇွန်း ၅ဇွန်း အချိုမှုန့်  လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲတို့ကို ထဲ့မွှေပေးပါ
  • ငါးအသားများ မွလာတာနဲ့ မီးပိတ်ပြီး အိုးကိုမီးဖိုပေါ်မှ ဖယ်ထားကာ အအေးခံပေးထားပါ
ငါးပြုပ်အရည်ငင်ရန်
  • ငါးပြုပ်ရည်ထဲမှ စပါးလင်နှင့် ငရုတ်သီးတောင့်များကို ဗလင်ဒါထဲထဲ့ပြီး ညက်နေအောင် ရောပြီကြိတ်ပေးပါ 
  • ဗလင်ဒါ မရှိပါက ငရုတ်ဆုံထဲမှာ ထဲ့ထောင်းပေးပါ
  • အားလုံးညက်အောင် ကြိတ်ပြီးပါက ငါးပြုပ်ရည် လက်ကျန်နှင့် ရေအနည်းငယ်ရောကာ ထောင်းတာတာတွေကိုထည့်ပြီး အရည်ငင်ပေးပါ
  • အရည်ငင်တဲ့ အခါမှာ စပါးလင်နှင့် ငရုတ်သီးဖတ်များ မပါရအောင် ဇကာစိတ်စိတ်လေး ခံပေးကာ အရည်စစ်ပေးပါ
  • အရည်ငင်ပြီးတာနဲ့ အရည်စစ်ပြီးသား စပါးလင်ဖတ်များနှင့် ငါးအရိုးများကို လွှင့်ပြစ်လိုက်ပါ
  • ပြီးတာနဲ့ အရည်စစ်ပြီးသား ငါးပြုပ်ရည်များကို နောက်တစ်ခါ ဇကာစိတ်စိတ်လေးနှင့် အိုးတစ်လုံးခံကာ အရည်စစ်ပေးပါ
  • အရည်စစ်ပြီးသော အရည်များကို ပွက်ပွက်ဆူအောင် ကျိုပေးပြီး အအေးခံထားပေးပါ
  • ကျိုထားသော ငါးပြုပ်ရည်များ အေးသွားပါက လေလုံသော ဗူးလေးများနှင့် ထည့်ပြီး ရေခဲသေတာ ခဲတဲ့အကန့်ထဲမှာထဲ့ပြီး သိမ်းထားပါ
  • မုန့်ဟင်းရည် ချက်မည်ဆိုပါက မချက်ခင် နှစ်နာရီလောက် ကျိုထုတ်ထားပြီး အရည်ဖျော်ပြီးမှ မိမိလိုသလောက် ထုတ်ယူကာ ချက်ယူနိူင်ပါတယ်။
ငါးဆီသတ်နှင့် ငါးပြုပ်ရည်သိမ်းရန်
  • ငါးပြုပ် အရည်ငင်ထားကာ ပြုပ်ပြီးအအေးခံထားသော ငါးပြုပ်ရည်ကို လေလုံအိတ်ထဲထည့်ကာ သေသေချာချာ လုံအောင် ပိတ်ထားပါ
  • ငါးဆီသတ်ပြိး အအေးခံထားတာ အေးသွားပါက လေလုံသော အိတ်လေးများနှင့် ထည့်ပြီး လေလုံအောင် ထုတ်ပေးပါ
  • အားလုံး ထုတ်ပေးပြီးတာနဲ့ ရေခဲသေတ္တာ ခဲတဲ့အကန့်ထဲမှာ ခဲထားကာ မုန့်ဟင်းခါး ချက်ခါနီးမှ မိမိလိုသလောက်ကို ထုတ်ပြီး ယူသုံးနိူင်ပါပြီ။

Saturday 27 July 2024

ပုဇွန်ကြော်

 


ဒီနေ့တော့ ပုဇွန်အချိုကြော်လေး ကြော်ပါတယ် ရေငံပုဇွန်တို့ရဲ့ထုံးစံအတိုင်း ပုဇွန်အနံ့က ရေချိုပုဇွန်တို့ထက် အနံ့နဲနဲ ပိုပြင်းပါတယ် အဲဒီအနံ့ကို ပျောက်အောင်လို့ ပုဇွန်ထုတ်ကို သံပုရာရည်နဲ့ အရင်ဆုံး နယ်ပြီးဆေးရသလို ကြော်တဲ့အခါမှာလဲ  ငါးငံပြာရည်နဲ့ ကြက်သွန်ဖြူကူမှ ပုဇွန်ရဲ့ အညှီနံ့ ကင်းပါတယ်။

မကြော်ခင်မှာ ပုဇွန်ကို အခွံခွာ ပြီးတာနဲ့ သုံရာရည်နဲ့ အရင်ဆုံး နယ်ပေးပြီးမှ ကြောခွဲပြီး အမဲကြောင်းထုတ်ကာ သန့်ရှင်းအောင် အရင်ဆုံးလုပ်ပေးရပါတယ်။

ပြီးမှ ကင်းမွန်ငံပြာရည်ကို အဓိထားပြီးထဲ့ကာ အရသာတွေနဲ့နယ်ပြီး ဆယ်မိနစ်လောက် နှပ်ထားပြီးမှကြော်ပေးတာ အကောင်းဆုံးပါ အဲဒါမှရေငံပုဇွန်ရဲ့ အနံ့ပျောက်နိုင်ပါတယ်။

ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ ပုဇွန်ကျား ပုဇွန်ထုတ် ကြော်တဲ့ ကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ပုဇွန်ထုတ် - အကောင်ကြီးကြီး ဆယ်ကောင်
  2. ကင်းမွန်ငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  3. သံပုရာရည် - ထမင်းစားဇွန်း သုံးဇွန်း (ပုဇွန်အညှီဓါတ်ပျောက်အောင်ဆေးရန်)
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  6. ကြက်သွန်နီ - အလုံးကြီးကြီး တစ်လုံး
  7. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  8. ဆီ - ထမင်းစားဇွန်း ဆယ်ဇွန်း
ပြင်ဆင်ချက်ပြုပ်ပုံ
  • ပုဇွန်ကို ရေဆေးပြီး မလိုသော အရာများဖယ်ပြီး သန့်စင်ထားပေးပါ
  • ပြီးတာနဲ့ သံပုရာရည်နှင့် နယ်ပေးကာ ငါးမိနစ်လောက် နှပ်ထားပြီးမှ ရေဆေးပေးပါ
  • သန့်စင်ထားသော ပုဇွန်ကို နနွင်း အရသာမှုန့် ငါးငံပြာရည်တို့နဲ့နယ်ပြီး အရသာ၀င်အောင် ငါးမိနစ်လောက် နှပ်ထားပေးပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • လိုအပ်တာတွေ ပြင်ပြီးပါက ဒယ်အိုးထဲ ဆီနှင့်နနွင်းမှုန့်တို့ထည့်ကာ ဆီကိုအပူပေးပါ
  • ဆီပူလာပါက ကြက်သွန်နီနှင့် ကြက်သွန်ဖြူကို အနည်းငယ် ပျော့လာတဲ့အထိ ကြော်ပေးပါ
  • ကြက်သွန်များ ပျော့သွားတာနဲ့  ပုဇွန်အရသာနယ်ကို ၄မိနစ်လောက် ထည့်ကြော်ပေးပါ
  • ပုဇွန်ထုတ်က အကောင်ကြီးတဲ့အတွက် အသားထဲအထိ ကျက်စေရန် ရေအနည်းငယ်ထည့်ကာ အဖုံးအုပ်ပြီး တည်ပေးပါ
  • ပုဇွန်အချိုကြော် ကျက်ပြီ ဆိုတာနဲ့ အရသာမြည်းပြီး လိုသလိုပြင်ပေးကာ မီးပိတ်ပေးနိုင်ပါပြီ။

Friday 26 July 2024

ကုလားပဲပေါင်း



ဒီနေ့တော့ ကုလားပဲကို ပဲပေါင်းလေး ပေါင်းဖြစ်ပါတယ် ကလေးလူကြီး အရမ်းသဘောကျတဲ့ ပဲပေါင်းလေးဖြစ်သလို ထမင်းပူပူလေးနဲ့ အရမ်းလိုက်ဖက်လွန်းတဲ့ အတွက် မာမာပြင်ဆင်ပြီး ပေါင်းထားတဲ့ ပြင်ဆင်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။


ပါ၀င်ပစ္စည်းများ

  1. ကုလားပဲခြမ်း - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
  2. ကြက်သွန်နီ - အနေတော် သုံးလုံး
  3. ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  5. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
  6. နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ


ပြင်ဆင်ပုံ

  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ နနွင်းမှုန့်ထည့်ပြီး ကြက်သွန်နီများကို ထည့်ကြော်ပြီး ရွှေဝါရောင် သန်းလာတာနဲ့ ဆယ်ပြီး ဆီစစ်ထားပါ
  • ကုလားပဲခြမ်းကို အိုးထဲမှာထည့်ပြီး ရေနှစ်ထပ်လောက် ဆေးပေးပါ
  • ရေဆေးပြီးတာနဲ့ ပဲကိုရေမြုပ်အောင် ထည့်ပေးပြီး ပြုပ်ပေးပါ
  • ရေခမ်းပြီး ပဲမနူးသေးပါက ရေထပ်ထည့်ပြီး ပဲနူးတဲ့အထိ ပြုပ်ပေးပါ
  • ပဲများ နူးအိလာတာနဲ့ မီးပိတ်ပေးပြီး ပဲများကျေသွားတဲ့အထိ ဇွန်းနှင့်ဖိပြီး ချေပေးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ကြက်သွန်ကြော်လို့ ပိုတဲ့ဆီထဲမှာ ပြုပ်ပြီးချေထားသော ပဲများကို ထည့်ကြော်ပေးပါ
  • ပဲများကို အဆက်မပြတ် မွှေပေးပြီး ဆားနှင့် အချိုမှုန့်တို့ ထည့်မွှေပေးပါ
  • ပဲများအိလာပြီး မွှေးလာပြီ ဆိုတာနဲ့အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  • ပြီးတာနဲ့ ပန်းကန်ထဲမှာ ပဲပေါင်းများထည့်ပြီး ကြော်ထားသော ကြက်သွန်ဖြူကြော်ကို ပဲပေါင်းအပေါ်မှ ဖြူးပြီး စားသုံးနိုင်ပါပြီ။

Thursday 25 July 2024

ကြက်အမြစ် အာလူးဟင်း

 


မာမာ ဒီနေ့တော့ ကြက်အမြှစ်လေးတွေကို အာလူးနဲ့ ဆီပြန်ဟင်း ချက်ပါတယ် ဒါကြောင့်မို့လို့ မာမာ့ရဲ့ ဟင်းချက်နည်းလေးတွေကို လာရောက်ကြည့်ပေးကြတဲ့ မိတ်ဆွေတွေလဲ ချက်စားနိူင်အောင် မာမာ ပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ကြက်အမြစ် - 500 g
  2. ဆား - ထမင်းစားဇွန်း တစ်ဇွန်း (ကြက်အမြစ်ဆေးရန်)
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ကြက်အမြစ်ဆေးရန်)
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. ငါးငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်း
  7. ငရုတ်သီး အစိမ်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
  8. ကြက်သွန်ဖြူ - အမွှာကြီးကြီး လေးမွှာ
  9. ကြက်သွန်နီ - အလုံးကြီးကြီး သုံးလုံး
  10. ချင်း - လက်တစ်ဆစ်ခန့်
  11. စပါးလင် - အရင်းပိုင်း နှစ်လက်မခန့်
  12. မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ကြက်အမြစ် အရသာနယ်ရန်)
  13. မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ဟင်းအိုးထဲထည့်ရန်)
  14. ဆီ - ထမင်းစားဇွန်း ဆယ်ဇွန်းသာသာ
  15. အာလူး - အနေတော် ဆယ်လုံးခန့်
ကြက်အမြစ်ဆေးပုံ
  • ကြက်အမြစ်ထဲမှ မလိုတာတွေ ဖယ်ပေးထားပါ
  • ဇလုံတစ်လုံးထဲမှာ ကြက်အမြစ် ဆားနှင့် နနွင်းမှုန့်တို့ထည့်ကာ ခပ်နာနာလေး နယ်ပေးပါ
  • ပြီးတာနဲ့ ရေနှင့်ငါးထပ်လောက် ဆေးပေးထားပါ
ပြင်ဆင်ပုံ
  • ကြက်အမြစ်များကို ရေဆေးပြီး အနေတော် အတုံးလေးတွေ တုံးထားပါ
  • ကြက်အမြစ်များကို တုံးပြီးတာနဲ့ ဆား ငံပြာရည် မဆလာ အရသာမှုန့်နှင့် နနွင်းမှုန့်တို့ထည့်ကာ အရသာဝင်အောင် နယ်ပေးထားပါ
  • အာလူးကို အခွံခွာပြီး ရေဆေးကာ ထက်ဝက်ခြမ်းထားပါ
  • ကြက်သွန်ဖြူ ကြက်သွန်နီနှင့် ချင်းတိုကို အခွံခွာပြီး ရေဆေးထားပါ
  • စပါးလင်ကို ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးထာပါ
  • ပြီးတာနဲ့ စပါးလင် ကြက်သွန်နီ ကြက်သွန်ဖြူ ချင်းနှင့် ငရုတ်သီးမှုန့်တို့ကို ညက်နေအောင် ရောပြီးထောင်းထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့  ထောင်းထားသော ငရုတ်သီးကို ထည့်ကြော်ပြီး ဆီသပ်ပေးပါ
  • ငရုတ်သီးနံ့လေး မွှေးလာတာနဲ့ အရသာ နယ်ထားသော ကြက်အမြစ်များကို ထည့်မွှေပေပါ
  • အထက်အောက် သမအောင် မွှေပေးပြီးတာနဲ့ ကြက်သားအသား မာလာအောင် ခနလောက် တည်ထားပေးပါ
  • ကြက်အမြစ် အသားများ မာလာတာနဲ့ ရေအနည်းငယ်ထည့်ကာ အိုးအဖုံးအုပ်ပြီး တည်ပေးပါ
  • အိုးမကပ်စေရန် အိုးကိုမကြာ မကြာ လှုပ်လှုပ်ပေးပါ
  • အရင်ဆုံး ထည့်ထားတဲ့ ရေခမ်းလာပြီး ကြက်အမြစ် အသားတွေ မာကျစ်လာနဲ့ ရေမြုပ်အောင်ထည့်ပြီး အိုးအဖုံးအုပ်ကာ တည်ပေးပါ
  • အိုးမကပ်စေရန် သတိထားပြီး ကြည့်ကြည့်ပေးကာ ရေခမ်းကာနီးတာနဲ့ နောက်ထပ်တစ်ရည် ထပ်ထည့်ပြီး အာလူးပါ တစ်ခါထဲထည့်ကာ အိုးအဖုံးအုပ်ပြီး တည်ပေးပါ
  • ရေခမ်းကာနီးတာနဲ့ အာလူးနူးမနူး ကြည့်ပေးကာ အရသာ မြည်းပေးပါ
  • အရသာ မြည်းပေးပြီး လိုအပ်တဲ့ အရသာကို မိမိစိတ်ကြိုက် ရလာအောင် ပြင်ပေးပါ
  • အာလူးလဲနူးပြီး ဟင်းအိုးလဲ ဆီလည်ရေလည် အနေအထား ရလာကာ အရသာလဲ မိမိစိတ်ကြိုက် ရလာတာနဲ့ မဆလာထည့်ပြီး မွှေပေးပါ
  • ပြီးတာနဲ့ မဆလာနံ့ သင်းပျံ့နေတဲ့ ကြက်အမြစ် အာလူးဆီပြန် ဟင်းကို စားသုံးရန် ပြင်ဆင်ပေးနိူင်ပါပြီ။

Tuesday 23 July 2024

သင်္ဘောသီး တောသုပ်

 



မာမာဒီနေ့တော့ မျှင်ငပိထောင်း ထောင်းဖြစ်တာနဲ့ သင်္ဘောသီးသုပ်ကို တောသုပ် ခပ်စပ်စပ်လေး သုပ်ဖြစ်ပါတယ် မာမာတို့ ငယ်ငယ်က ကျောင်းပိတ်ရက်ဆိုရင် မိသားစုလိုက် ခြံထဲကို သွားကြပါတယ်။

ခြံထဲရောက်တာနဲ့ လတ်လတ်ဆတ်ဆတ် အသီးတွေခူးပြီး အမေသုပ်ကျွေးတဲ့ အသုပ်လေးတွေကို စားရပါတယ် ဒါကြောင့်မို့လို့ ဒီနေ့တော့ မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ ချဉ်ငံစပ် သင်္ဘောသီးသုပ် တောသုပ် သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. သင်္ဘောသီးစိမ်း အနေတော် - တစ်လုံး
  2. မျှင်ငပိ - ထမင်းစားဇွန်း သုံးဇွန်း
  3. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  4. ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း သုံးဇွန်း
  5. ငရုတ်သီးစိမ်း - မိမိစားနိူင်သလောက်ထည့်ပါ
  6. ကြက်သွန်ဖြူ - အမွှာကြီးကြီး ဆယ်မွှာ
  7. ငရုတ်သီး အလှော်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  8. သံပုရာသီး - တစ်လုံး
ပြင်ဆင်ပုံ
  • သင်္ဘောသီးကို အခွံခွာပြီး အစေ့များ မပါအောင် အပြင်ဖက်မှစပြီး ခြစ်ထားပါ
  • အထဲမှ အစေ့များ ပေါ်လာပါက ဆက်မခြစ်တော့ဘဲ ပြစ်လိုက်ပါ
  • မျှင်ငပိကို မွှေးလာအောင် မီးကင်ထားပါ
  • သံပုရာသီးကို ရေဆေးပြီး အစိတ်လေးတွေ စိတ်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာကာ ရေဆေးထားပါ
  • ငရုတ်သီးစိမ်းကို အညှာခြွေပြီး ရေဆေးကာ မီးကင်ထားပါ
  • ပုဇွန်ခြောက်မှုန့်ကို အဆင်သင့် ပြင်ထားပါ
  • ပြီးတာနဲ့ မျှင်ငပိမီးကင်ကို ငရုတ်သီး အလှော်မှုန့် ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်းတို့ထည့်ကာ မညက်တညက် အနေအထားရအောင် ထောင်းပေးပါ
သင်္ဘောသီးသုပ်ပုံ
  • ဇလုံကြီးကြီးထဲမှာ ခြစ်ထားသော သင်္ဘောသီး ပုဇွန်ခြောက်မှုန့် အရသာမှုန့် သံပုရာရည်နှင့် ငပိထောင်း တို့တို သင့်သလို ထည့်ပေးပြီး အရသာ မျှတအောင် နယ်ပေးပါ
  • သင်္ဘောသီးသုပ် အရသာနယ်ပြီးတာနဲ့ အရသာ မြည်းပေးပြီး မိမိလိုအပ်တဲ့ အရသာ ရလာအောင် ပြင်ပေးပါ
  • ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းသလို ဒီအတိုင်း စားရင်လဲ အရမ်းကောင်းလွန်းတဲ့ သင်္ဘောသီး တောသုပ် ချဉ်ငံစပ်လေးကို သုံးဆောင်နိူင်ပါပြီ။

Sunday 21 July 2024

အသီးအရွက် အသုပ်စုံ

 





မာမာ ဒီနေ့တော့ ဈေးကိုသွားရင်း အသီးအရွက်တွေ လတ်လတ်ဆတ်ဆတ်လေးတွေ တွေ့တာနဲ့ ဝယ်လာခဲ့ပြီး ချဉ်ငံစပ်လေး အသုပ်စုံ သုပ်စားဖြစ်ပါတယ်။ ဒါကြော့မို့လို့ ထမင်းပူပူလေးနဲ့ အရမ်းလိုက်ဖက်လွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး သုပ်ဖြစ်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ဘရော့ကိုလီ - 
  2. ပဲပင်ပေါက် -
  3. ပဲတောင့်ရှည် - 
  4. မုံလာဉနီ - 
  5. နံနံပင် - 
  6. ကြက်သွန်နီ - 
  7. မန်ကျည်းသီးမှည့် - 
  8. ပဲအကျက်မှုန့် - 
  9. ငါးငံပြာရည် - 
  10. ကြက်သွန်ဖြူ ဆီချက် အဖတ် - 
  11. ကြက်သွန်နီ ဆီချက် - 
  12. ငရုတ်သီး အလှော်မှုန့် - 
  13. အရသာမှုန့် - 

ပြင်ဆင်ပုံ
  • ဘရော့ကိုလီ အရင်းပိုင်း ရင့်နေတဲ့နေရာကို အကြောများ သင်ပေးပြီး အနေတော် ပိုင်းဖြတ်ကာ ရေစင်အောင် ဆေးပေးပါ
  • အနေတော် အိုးတစ်လုံးထဲမှာ ရေခပ်များများလေး ထည့်ပြီး မီးဖိုပေါ်တင်ကာ ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေပွက်ပွက် ဆူလာတာနဲ့ အပင်များ ရေမြုပ်အောင်ထည့်ပြီး အဖုံးမအုပ်ဘဲ ပြုပ်ပေးပါ
  • အကြာကြီး ပြုပ်စရာ မလိုဘဲ ရေပွက်ပွက်ဆူပြီးသား ဖြစ်တဲ့အတွက် သုံးမိနစ်လောက်ဘဲ ပြုပ်ပေးပါ
  • ပြုပ်ပြီးပါက ရေနွေးများသွန်ကာ ရေအေးနဲ့ဆေးပြီး ရေစစ်ပေးပါ
  • ပဲပင်ပေါက်ကိုလဲ ရေဆေးကာ ရေနွေးဖျောထားပါ
  • မုံလာဉနီကိုလဲ အခွံခွာကာ ရေဆေးပြီး အတုံးလေးတွေ လှီးပေးပြီး ရေနွေးထဲမှာ နှစ်မိနစ်လောက် ပြုပ်ပေးထားပါ
  • ပဲတောင့်ရှည်ကိုလဲ ရေဆေးကာ တမိနစ်လောက် ပြုပ်ပြီး မထူမပါးလေးတွေ လှီးထားပါ
  • နံနံပင်ကို ရေဆေးကာ မထူမပါး လေးတွေ ရလာအောင်ဓါးဖြင့် လှီးပေးပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • မန်ကျည်းသီးမှည့်ကို ရေနှစ်ထပ်လောက် ဆေးပေးပြီး ရေနွေးနှင့် စိမ်ထားပါ
  • ကျန်သော ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇလုံကျယ်ကျယ်ထဲမှာ ဘရော့ကိုလီ ပဲပင်ပေါက် ပဲသီး နံနံပင် မုံလာဉနီ ကြက်သွန်နီ ပဲအကျက်မှုန့် ငရုတ်သီးမှုန့် အရသာမှုန့် ကြက်သွန်ဖြူ ဆီချက်ဖတ် ကြက်သွန်နီဆီချက် ငါးငံပြာရည်နှင့် မန်ကျည်းမှည့်ရည်တို့ထည့်ပြီး ခပ်ဖွဖွ နယ်ပေးပါ
  • နယ်ဖတ်ပြီး အရသာ သမသွားပါက အရသာမြည်းပြီး မိမိစိတ်ကြိုက် လိုသလို ပြင်ပေးကာ ချဉ်ငံစပ် အသုပ်စုံလေးကို နှစ်သက်သလို စားသုံးနိူင်ပါပြီ။

Friday 19 July 2024

မိုးကုတ်မြှီးရှည်















အန်တီရေ မိုးကုတ်မြှီးရှည် ချက်နည်းလေး မျှဝေပါအုံးဆိုလို့ အရင်တုန်းက တင်ထားတဲ့ နည်းလေးကိုဘဲ ပြန်တင်ပေးလိုက်ပါတယ်။

မာမာ ဒီနေ့တော့ အိမ်သွားလည်ရင်း စားဖြစ်ခဲ့တဲ့ မိုးကုတ်မြှီးရှည်ကို အရသာခံရင်း အိမ်ရောက်တော့ စမ်းတဝါးဝါးနဲ့ ချက်လေသတည်းပေါ့ရှင် စိတ်မှန်းနဲ့ ချက်ထားတာမို့လို့ အမှားအယွင်း အတိမ်းအစောင်းလေးတွေတော့ ရှိမယ်ထင်ပါတယ်။

မိုးကုတ်မြီးရှည် မချက်ခင် လေးရက်လောက်ကြိုပြီး အိမ်လုပ်မုန့်ညှင်းချဉ်လေးလဲ တည်ထားလိုက်ပါသေးတယ် မုန့်ညှင်းချဉ် ချဉ်ပြီဆိုတာနဲ့ မိုးကုတ်မြှီးရှည်ကို ချက်ပါတော့တယ်။

၀က်သားစားသူအတွက် ၀က်သားကို ချက်ထားပြီး ၀က်သားမစားသူအတွက် ကြက်သားနှင့် ချက်ကာ မုန့်ငါးပွဲစာအတွက် ချက်နည်းလေး မျှဝေလိုက်ပါတယ် ချက်နည်းလေးများ လွဲခဲ့ရင်တော့ သည်းခံပေးစေချင်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. မြီးရှည်ဖတ်အစို - 1 kg (သို့မဟုတ်) မြီးရှည်ခြောက် - တစ်ထုပ်
  2. ၀က်သုံးထပ်သား (သို့မဟုတ်) ကြက်သား - 500 g
  3. ၀က်ရိုး သို့မဟုတ် ကြက်ရိုး - 200 g
  4. ရှမ်းပဲငပိ - 150 g
  5. ကြက်သွန်နီ - အလုံးကြီးကြီး နှစ်လုံး
  6. ကြက်သွန်ဖြူ - ခပ်ကြီးကြီး နှစ်ဥခန့်
  7. ချင်း - လက်တစ်ဆစ်ခန့်
  8. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း မောက်မောက်
  9. နံနံပင် - နှစ်သက်သလောက်
  10. ကြက်သွန်မြိတ် - နှစ်သက်သလောက်
  11. မုန့်ညှင်းချဉ် - နှစ်သက်သလောက်
  12. ငရုတ်ကောင်းမှုန့် - နှစ်သက်သလောက်
  13. ဆား - ထမင်းစားဇွန်း နှစ်ဇွန်းခန့်
  14. ကင်းမွန်ငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  15. ငရုတ်သီး လုံးခြမ်းကွဲ - ထမင်းစားဇွန်း သုံးဇွန်း
  16. အချိုမှုန့် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  17. ဆီ - လိုသလောက်
  18. ပဲငံပြာရည်အပျစ် - ထမင်းစားဇွန်း သုံးဇွန်း
  19. ရှာလကာရည် - ထမင်းစားဇွန်း နှစ်ဇွန်း
  20. ငရုတ်ဆီအနှစ် - ထမင်းစားဇွန်း တစ်ဇွန်း
  21. သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  22. ကော်မှုန့် - ထမင်းစားဇွန်း နှစ်ဇွန်း

မုန့်ဖတ်ပြုပ်ရန်
  1. မြီးရှည်လက်ညှစ်ဖတ် အဆင်သင့်ရပါက ရေနွေးပူပူမှာ ရေနွေးဖျောပြီး အဆင်သင့်စားလို့ ရပါတယ်
  2. လတ်လတ်ဆတ်ဆတ် မရပါက မုန့်ဖတ်အခြောက်ကို အသုံးပြုမယ်ဆိုရင် တစ်နာရီခန့် ရေကြိုတင် စိမ်ပေးထားပါ
  3. ရေနွေးကို ပွက်ပွက်ဆူအောင်တည်ပြီး ရေစိမ်ထားသော မုန့်ဖတ်အခြောက်ကို အနေတော်ရအောင် ပြုပ်ပြီး ရေနွေးများ သွန်ထားပေးပြီး ရေစစ်ထားပါ။
ဟင်းဆီသတ်ရန်
  • ၀က်သားနှင့် ကြက်သားကို ကြိုက်နှစ်သက်ရာ အသားကို သုံးမည်ဆိုပါက အသားကို ခပ်နုတ်နုတ် စဉ်းထားပါ
  • ချင်းနှင့် ကြက်သွန်ဖြူကို ညက်နေအောင် ထောင်းပေးပါ
  • ဒယ်အိုးတစ်လုံးမှာ ဆီထည့်ပြီး အပူပေးပါ 
  • ဆီပူလာတာနဲ့ ထောင်းထားသော ချင်းနှင့်ကြက်သွန်ဖြူထောင်းကို ထည့်ပြီးဆီသတ်ပေးပါ
  • ဆီသတ်နံ့လေး မွှေးလာတာနဲ့ ၀က်သား သို့မဟုတ် ကြက်သား ဆား လက်ဖက်ရည်ဇွန်း တစ်၀က်နှင့် အချိုမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံတို့ကို ထည့်မွှေပြီး ကျက်တယ်ဆိုရုံလေးဘဲ ချက်ပေးပါ
  • ဆီသတ်ချိန် အချိန်အရမ်းကြာသွားပါက အသားများ မာသွားတတ်ပါတယ်။
ပဲငါးပိအတွက် ပြင်ဆင်ပုံ
  • ပဲငပိအဖတ်မှာ အဖတ်များ ကြီးနေပါက ကြိတ်စက်ထဲထည့်ကာ ကျေသွားအောင် ချေထားပေးပါ။
ကြက်သွန်ကြော်ရန်
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက်ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာပါက နနွင်းမှုန့်ထည့်ကာ ဆီအငွေ့ တက်လာတာနဲ့ ကြက်သွန်နီကို ထည့်ကြော်ပါ
  • ကြက်သွန်နီများ ရွှေအိုရောင် သန်းလာတာနဲ့ဆယ်ပြီး ဆီစစ်ထားပါ။

ကော်ရည်ကြိုရန်
  • သကြား ငရုတ်ဆီအနှစ် ရှာလကာရည် ပဲငံပြာရည်နှင့် ရေတစ်လီတာခန့်ကို အိုးတလုံးထဲမှာ ပျော်အောင်ဖျော်ပြီး ထည့်ပေးကာ ရေတစ်ပွက်နှစ်ပွက် ဆူအောင် တည်ပေးပါ
  • ကော်မှုန့်ကို ရေအနည်းငယ်နှင့်ဖျော်ထားပါ
  • အရသာ အရည်အိုး ဆူလာတာနဲ့ အရည်ဖျော်ထားသော ကော်ရည်ကို ဖြေးဖြေးချင်း လောင်းထည့်ပြီး အဆက်မပြတ် မွှေပေးပါ
  • ကော်ရည် ခပ်ပျစ်ပျစ် အနေအထားရရင် မီးပိတ်ပြီး ပန်းကန်တခုထဲ ပြောင်းထည့်ပေးထားပါ။
ငရုတ်သီးလုံးခြမ်းကွဲ ကြော်ရန်
  • ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ
  • ဆီပူလာတာနဲ့ မီးကို အကုန်လျှော့လိုက်ပြီးမှ မီးဖိုလက်ကျန် အပူရှိန်နှင့် ငရုတ်သီး လုံးခြမ်းကွဲကို ထည့်ပြီးကြော်ပါ
  • ကြော်ချိန်မကြာစေဘဲ ငရုတ်သီးနံ့ သင်းလာတာနဲ့ ပန်းကန်ထဲ ပြောင်းပြီး ထည့်ထားပေးပါ။
မုန့်ညှင်းချဉ် ပြင်ဆင်ပုံ
  • အချဉ်တည်ပြီးသား မုန့်ညှင်းချဉ်ကို ပန်းကန်ထဲ ထည့်ထားပေးပါ။
ဟင်းခါးချက်ရန်
  • ၀က်ရိုး သို့မဟုတ် ကြက်ရိုးကို ရေမြုပ်ရုံထည့်ပြီး တည်ပေးပါ
  • ဟင်းရည်အိုး တည်ထားစဉ် အပေါ်ယံ တက်လာသော အမြှုပ်များကို ခပ်ပြီးသွန်သွန်ပေးပါ 
  • ကြက်သွန်ဖြူ အမွှာကြီးကြီး ၂မွှာနှင့် ငရုတ်ကောင်းစေ့ ၁၀စေ့လောက်ကို ညက်အောင် ထောင်းပေးထားပါ
  • အရိုးထဲမှ အချိုရည်များ ထွက်လာတာနဲ့ ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်းနှင့် အချိုမှုန့်လက်ဖက်ရည်ဇွန်း တစ်ဇွန်းထည့်ပြီး ရေမြုပ်ရုံထည့်ပြီး တည်ပေးပါ
  • ပြုပ်ရည် ပထမတရည် မခမ်းခင် ရေကို တရုတ်ဟင်းရည်သောက် ပန်ကန်လုံးအလတ် ၃လုံးစာထည့်ပြီး မီးအေးအေးနဲ့ ဆူအောင် တည်ထားပါ
  • ရေဆူလာတာနဲ့ အရသာမြည်းပြီး လိုသလိုပြင်ကာ ငရုတ်ကောင်း ကြက်သွန်ဖြူထောင်းကို ခပ်ပေးပြီး ခပ်နွေးနွေး တည်ထားပေးပါ
မုန့်ပွဲပြင်ဆင်ပုံ
  • မြီးရှည်ဖတ် တစ်ပွဲစာကိုယူပြီး ရေနွေးဆူဆူမှာ ဖျောပေးပါ
  • ရေနွေးဖျောထားသော မြီးရှည်ဖတ်ကို ပန်းကန်တစ်ခုထဲ ထည့်ပေးပြီး ကော်ရည် ဟင်းခတ်ဇွန်း တစ်ဇွန်း လောင်းထည့်ပါ
  • အပေါ်မှ ဆီသတ်ထားသော ၀က်သား သို့မဟုတ် ကြက်သားကို ထမင်းစားဇွန်း တစ်ဇွန်း ပဲငါးပိ အနေတော် ကြက်သွန်နီကြော် ကြက်သွန်မိတ် နံနံပင် ငရုတ်ကောင်းမှုန့် ငရုတ်သီးကြော်တို့ကို ပြင်ပေးကာ ဟင်းခါးရည်ဖြင့် တွဲဖက်ပြီး သုံးဆောင်နိူင်ပါပြီ။

Thursday 18 July 2024

ချင်းအမြှစ်ထောင်း (Ginger Root)

 








မာမာ ဒီနေ့တော့ အိမ်မှာစိုက်ထားတဲ့ ချင်းတက်လေးတွေ တူးဖြစ်ပါတယ် ချင်းတက်မှာ ကပ်နေတဲ့ ချင်းအမြှစ်လေးတွေကို ခပ်စပ်စပ်လေး ထောင်းဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ ထမင်းစားလို့ မြိန်စေမဲ့ ထောင်းနည်းစုံတွေထဲက မာမာပြင်ဆင်ပြီး ထောင်းထားတဲ့ ချင်းအမြှစ် ထောင်းနည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ချင်းအမြှစ်
  2. ရှမ်းပဲပုတ်
  3. ကြက်သွန်ဖြူ
  4. ငရုတ်သီးစိမ်း
  5. ဆား 
  6. အရသာမှုန့်
ပြင်ဆင်ပြုလုပ်ပုံ
  • ချင်းအမြှစ်များကို ရေစင်အောင် ဆေးထားပါ
  • ရှမ်းပဲပုတ်ကို မီးကင်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွါပြီး ရေဆေးထားပါ
  • ငရုတ်သီးစိမ်းကို အညှာခြွေပြီး ရေဆေးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ငရုတ်ဆုံထဲမှာ ပါဝင်ပစ္စည်း အားလုံးကို ထည့်ထောင်းပေးပါ
  • မိမိစိတ်ကြိုက် အရသာ ရလာအောင် ထောင်းပေးပြီးတာနဲ့  ချဉ်မြှစ်ထောင်း ပူပူစပ်စပ်လေး ရပါပြီ။

Wednesday 17 July 2024

သရက်သီးစိမ်းသနပ်

 









သရက်သီးစိမ်းသနပ် လုပ်နည်းလေး မေးထားလို့ သရက်သီးစိမ်း သနပ်လုပ်ပြီး မာမာပြင်ဆင်ပြီး လုပ်ထားတဲ့ နည်းလေးကို တင်ပေးလိုက်ပါတယ်။

တယောက်နဲ့တယောက် ပြင်ဆင်ပုံခြင်း တူချင်မှ တူပါလိမ့်မယ် မာမာကတော့ စိတ်ထဲမှာ အရိုးစွဲနေတဲ့ မာမာ့အမေ ပြင်ဆင်တဲ့ နည်းနဲ့ဘဲ လုပ်ထားပါတယ်။

စားလို့ကတော့ တကယ်ကောင်းပါတယ် သရက်သီးသနပ် တမျိုးထဲနဲ့ကိုဘဲ ထမင်းစားလို့ရအောင် ကောင်းလွန်းတဲ့အတွက် မာမာပြင်ဆင်တဲ့နည်းလေး မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. သရက်သီးစိမ်း - အလုံးကြီးကြီး 600 g ခန့်(လတ်လတ်ဆတ်ဆတ် သရက်သီးစိမ်းကို သုံးပေးပါ)
  2. မုန့်ညှင်းစေ့ - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  3. နံနံစေ့ - ထမင်းစားဇွန်း နှစ်ဇွန်း
  4. ဇီယာစေ့ - ထမင်းစားဇွန်း တစ်ဇွန်းခပ်မောက်မောက်
  5. လေးညှင်း - ငါးပွင့်
  6. သစ်ဂျပိုးခေါက် - တလက်မခန့်
  7. ဆား - ထမင်းစားဇွန်း နှစ်ဇွန်း (သရက်သီး အရသာနယ်ရန်)
  8. ဆား - ထမင်းစားဇွန်း တစ်ဇွန်း (လှော်ရန်အတတွ်)
  9. ကြက်သွန်ဖြု - အမွှာကြီးကြီး ၇မွှာ (သို့) မိမိနှစ်သက်သလောက်
  10. ငရုတ်သီး အရောင်တင်မှုန့် - ထမင်းစားဇွန်း နှစ် ဇွန်း
  11. ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
  12. ဇီယာစေ့ နံနံစေ့ လေးညှင်းပွင့်နှင့် သစ်ဂျပိုးခေါက်တို့ အလွယ်တကူ မရှိပါက ရိုးရိုးမဆလာကို သုံးနိူင်ပါတယ်။

သရက်သီး ပြင်ဆင်ပုံ
  • သရက်သီးကို မခွံမခွာပဲ အညှာမှဖြတ်ကာ ဇကာတခုထဲမှာ ဇောက်ထိုးထားပြီး ထည့်ပေးကာ သရက်စေးများ ကုန်တဲ့အထိ စစ်ထားပေးပါ
  • အစေးကုန်သွားတာနဲ့ ရေမြုပ်အောင်ထည့်ပြီး သရက်သီးကို ကြွတ်ကြွတ်လေး ဖြစ်စေရန် တနာရီလောက် စိမ်ထားပါ
  • ရေစိမ်ပြီး ရေခြောက်အောင် paper towelနှင့် သုတ်ပေးကာ ထက်ခြမ်းခွဲပြီး သရက်စေ့ကို ထုတ်ပေးပါ
  • ပြီးတာနဲ့ ပုံပါအတိုင်း အနေတော် အတုံးလေးတွေ တုံးပေးပါ
  • ဇလုံတစ်လုံးထဲမှာ လှီးထားသော သရက်သီးများနှင့် ဆားတို့ကို ထည့်ပေးပြီး သမသွားအောင် နယ်ပေးကာ glad wrap နှင့် လုံအောင်အုပ်ပေးပြီး အဖုံးအုပ်ပြီး အနည်းဆုံး ငါးနာရီလောက် နှပ်ထားပေးပါ

သရက်သီး သနပ်လုပ်ရန် မဆလာအတွက် ပြင်ဆင်ပုံ
  • ဇီယာစေ့ နံနံစေ့ သစ်ဂျပိုးခေါက် လေးညှင့်ပွင့်တို့ကို ဒယ်အိုးထဲမှာ ထည့်ပေးပြီး အစေ့လေးတွေ တဖျောက်မြည်လာတဲ့အထိ လှော်ပေးပါ
  • ပြီးတာနဲ့ ကြိတ်စက်ထဲထည့်ပြီး ညက်နေအောင် ကြိတ်ပေးပါ
  • ကြိတ်စက်မရှိပါက ငရုတ်ဆုံထဲမှာထည့်ပြီး ညက်နေအောင်ထောင်းကာ မဆလာ လုပ်ထားပါ

သရက်သီး သနပ်လုပ်ရန် ပြင်ဆင်ပုံ
  • အဆင်သင့် ဖြစ်တာနဲ့ သရက်သီးစိမ်း သနပ်လုပ်ရန် စပ်ထားသော မဆလာကို ပြင်ထားပါ
  • မုန့်ညှင်းစေ့ကို ဒယ်အိုးထဲထည့်ပြီး တဖျောက်ဖျောက် မြည်လာအောင် လှော်ထားပါ
  • လှော်ရတာ အချိန်မရပါက မုန့်ညှင်းစေ့ကို ပန်းကန်လုံးထဲထည့်ကာ အဖုံးအုပ်ပေးပြီး တမိနစ်ခန့် အပူပေးပါ
  • ဆားကို ဒယ်အိုးထဲထည့်ပြီး အနည်းငယ် ညိုသွားအောင် လှော်ပြီး အအေးခံထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ အစိတ်လေးတွေ စိတ်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဆားရည်စိမ်ထားသော သရက်သီး ဇလုံထဲမှ ဆားရည်များကို သွန်ပေးပြီး ရေစစ်ထားပါ
  • ဆီကို ဒယ်အိုးထဲ ထည့်ပြီး ပူလာအောင် အပူပေးပါ
  • ဆီပူလာတာနဲ့ မီးဖိုပေါ်မှ ဖယ်ကာ ဇလုံတလုံးထဲမှာ ဆားရည်သွန်ထားသော သရက်သီးစိမ်း ငရုတ်သီး အရောင်တင်မှုန့် မုန့်ညှင်းစေ့ အပူပေးထားသေဆီ ထမင်းစားဇွန်း ၅ဇွန်းခန့် ဆားနှင့် ကြိတ်ထားသော မဆလာတို့ကို သမသွားအောင် ရောမွှေထားပါ
  • အရသာ သမသွားတာနဲ့ ပိုနေသောဆီကို အရသာ စပ်ထားသာ သရက်သီး ဇလုံထဲ လောင်းထည့်ပြီး မွှေပေးပါ
  • အားလုံး အရသာ သမသွားတာနဲ့ ပုလင်းသန့်သန့်ထဲမှာ သရက်သီးကို ဖိသိပ်ထည့်ပေးပြီး ဆီမြုပ်အောင် ထည့်ပေးကာ အအေးခံ ထားပေးပါ
  • သရက်သီးများ အေးသွားတာနဲ့ အဖုံးလုံအောင် ပိတ်ပေးပြီး နေငါးရက်လောက် လှန်းပေးထားပါ
  • ပြီးတာနဲ့ သရက်သီးစိမ်း သနပ်ပုလင်းကို အဖုံးလုံအောင်ပိတ်ပြီး ရေခဲသေတ္တာထဲမှာ ထည့်ထားပေးကာ စားခါနီးတိုင်း ဇွန်းသန့်သန့်လေးနဲ့ ခပ်ပေးပြီးမှ စားသုံးဖို့ ခပ်ယူပေးပါ
  • ခပ်သည့်ဇွန်း မသန့်ရှင်းပါက သရက်သီး သနပ်ထဲမှာ မှိုများအလွယ်တကူ တက်သွားနိူင်တဲ့အတွက် ဇွန်းသန့်သန့်နှင့် ခပ်ဖို့ သတိထားစေချင်ပါတယ်ရှင်။