Friday 17 May 2019

မျောက်ငိုသီးဟင်း




ဒီနေ့တော့ ဗီယက်နမ်ဈေးက ဝယ်လာတဲ့ မျောက်ငိုသီး ဆီပြန်ဟင်းလေး ချက်ဖြစ်ပါတယ် မျောက်ငိုသီးရဲ့ အရသာက ဒညင်းသီးနဲ့ တော်တော်တူပြီး အနံ့ကလဲ ဒညင်းသီးနံ့နဲ့ တစ်ထပ်ထဲတူပါတယ်။

ဒညင်းသီးက ဘေးထွက်ဆိုးကျိုးတွေ များသလောက် မျောက်ငိုသီးကတော့ ကောင်းကျိုးတွေ အများကြီးပါတယ်လို့ သိရပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင် ချက်ပြုပ်တဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. မျောက်ငိုသီး - တစ်ထုတ်
  2. ပုဇွန် - တစ်ဆယ်သား
  3. ကြက်သွန်နီ - အနေတော် တဥ
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  5. ငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  6. ဆား - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  7. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  8. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  9. ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  10. ဆီ - ထမင်းစားဇွန်း ၅ဇွန်း

ပြင်ဆင်ပုံ
  • မျောက်ငိုသီးကို ရေဆေးပြီး ရေစစ်ထားပါ။
  • ကြက်သွန်နီကို ရေစင်အောင်ဆေးပြီး ခပ်နုတ်ျနုတ်လေးတွေ လှီးထားပါ။
  • ကြက်သွန်ဖြူကို အခွံခွာကာ ရေစင်အောင်ဆေးပြီး ဓါးပြားရိုက်ကာ ခပ်နုတ်နုတ် လှီးထားပါ။
  • ပါဝင်ပစ္စည်းများကို အဆင်သင့်ပြင်ထားပါ။
  • ဒယ်အိုးထဲမှာ ဆီနှင့် နနွင်းမှုန့်ကိုထည့်ပြီး အပူပေးပါ။
  • ဆီပူလာတာနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီနှင့် ငရုတ်သီးအရောင်တင်မှုန့်တို့ထည့်ပြီး ဆီသတ်ပေးပါ။
  • ဆီသတ်နေစဉ် ငရုတ်သီးများ မည်းမသွားစေရန် မကြာမကြာ မွှေပေးပါ။
  • ဆီသတ်နံ့ သင်းလာတာနဲ့ ပုဇွန်ကိုအရင်ဆုံး ထည့်ချက်ပေးပါ။
  • ပုဇွန်ထည့်ပြီးတာနဲ့ ငံပြာရည်ကို တဆက်ထဲ ထည့်မွှေပေးပါ။
  • ပုဇွန်ထည့်ပြီး သုံးမိနစ်လောက် ချက်ပေးပြီးတာနဲ့ မျောက်ငိုသီး အရသာမှုန့်နှင့် ဆားတို့ကို ထည့်မွှေပေးပါ။
  • ပြီးတာနဲ့ ရေမြုပ်အောင်ထည့်ကာ အဖုံးအုပ်ပြီး တည်ပေးပါ။
  • အိုးမကပ်စေရန် အိုးကိုမကြာမကြာ လှုပ်ပေးပါ။
  • ရေမခမ်းခင် အရသာမြည်းပြီး လိုသလို ပြင်ပေးပါ။
  • ဟင်းဆီပြန်လာပါက မီးပိတ်ပြီး ပန်းကန်ထဲ ပြောင်းထည့်ပေးပါ။
  • အင်မတန်မှ စားလို့ကောင်းတဲ့ မျောက်ငိုသီး ဆီပြန်ဟင်းလေးကို ထမင်းပူပူလေးနဲ့ သုံးဆောင်နိုင်ပါပြီ။

2 comments: