Wednesday 13 May 2020

ငါးမြင်းဆီပြန်ဟင်း


ဒီနေ့တော့ ငါးမြင်းဟင်း ဆီပြန်လေး ချက်ပါတယ် ငါးမြင်းလို့ ဆိုရပေမဲ့ ငါးမြင်းအစစ်တော့ မဟုတ်ပါဘူး မွေးမြူရေး ငါးတန်တွေပါဘဲ ဒါကြောင့်မို့လို့ ငါးအညှီနံ့က အနည်းငယ် ပိုစူးပါတယ် ဒါပေမဲ့ ချက်တတ်ရင်တော့ စားလို့ကောင်းတဲ့ ငါးအမျိုး အစားထဲမှာ ပါပါတယ် ဒါကြောင့်မို့လို့ ချက်တတ်ဖို့ဘဲလိုပါတယ်။ 

ငါးအသားက ထူပြီး အညှီနံ့ ပိုတဲ့အတွက် ဆီသတ်တာတော့ နိုင်ရပါမယ် ဆီသတ်တာ မနိုင်ရင်တော့ စားလို့မကောင်းဘဲ ပွစိစိနဲ့ဖြစ်နေတတ်သလို ငါးအနံ့ ပိုထွက်တတ်ပါတယ် ဒါကြောင့်မို့လို့ ဘယ်အသားဘဲချက်ချက် ဆီကိုကောင်းကောင်း နိူင်နိူင်တော့ ဆီသတ်ပေးသင့်ပါတယ်။

နောက်တစ်ခုက ငါးမြင်းက အကြေးခွံ မပါဘဲ အရည်ခွံ သက်သက်မို့ ငါးကိုမခုတ်မပိုင်းခင် အကောင်လိုက်ကို ဆားသို့မဟုတ် မကျီးသီးမှည့်နဲ့ နယ်ဖတ်ပြီး အရင်ဆေးပေးပါ အချွဲများ ကုန်သွားစေသလို အညှီနံ့လဲတော်တော်လေး သက်သာစေပါတယ် ပြီးမှငါးကို လိုသလို ခုတ်ပိုင်းပေးပါ။

ပါ၀င်ပစ္စည်းများ

ငါးမြင်း - 400 g
ငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
အချိုမှုန့်-  လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
မန်ကျည်းသီးမှည့် အနှစ် - ထမင်းစားဇွန်း တစ်ဇွန်း
ဆီ - ထမင်းစားဇွန်း ငါးဇွန်း
ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
ကြက်သွန်နီ - ခပ်ကြီးကြီး တစ်ဥ
ကြက်သွန်ဖြူ  - အမွှာကြီးကြီး သုံးမွှာ
ချင်း - ခပ်ပါးပါး သုံးပြား
စပါးလင် - နှစ်လက်မလောက်
ပျဉ်းတော်သိမ်းရွက် - နှစ်ခက်

ပြင်ဆင်ပုံ
ငါးကို မလိုတာတွေ ဖယ်ပေးပြီး ဆားနှင့်ပွတ်တိုက် နယ်ဖတ်ပေးကာ ရေစင်အောင်ဆေးပြီး အနေတော် အတုံးလေးတွေ တုံးပေးပြီး ရေစစ်ထားပါ
ရေစစ်သွားတာနဲ့ ဆား ငံပြာရည် နနွင်းမှုန့် အရသာမှုန့်တို့ ထည့်ပေးပြီး အရသာဝင်အောင် ဆုတ်ဆုတ်ပြီး နယ်ပေးထားပါ
ကြက်သွန်နီ ကြက်သွန်ဖြူ နှင့် ချင်းတို့ကို အခွံခွာပြီး ရေဆေးထားပါ
စပါးလင်ကို ရေဆေးကို ခပ်ပါးပါး လှီးထားပါ
ပြီးတာနဲ့ ငရုတ်သီး အရောင်တင်မှုန့်နှင့်ရောကာ ညက်နေအောင် ထောင်းပေးထားပါ
ပျဉ်းတော်သိမ်းရွက်ကို ရေဆေးထားပါ
ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
မကပ်သောအိုးကို မီးအပူပေးပြီး ဆီထည့်ပေးပါ
ငါးမြင်းက အဆီပါတဲ့ ငါးဖြစ်တဲ့အတွက် ဆီအများကြီး ထည့်ရန်မလိုပါ
ဆီပူလာတာနဲ့ ထောင်းထားသော ငရုတ်သီးထောင်းနှင့် ပျဉ်းတော်သိမ်းရွက်တို့ကို ဆီသတ်နံ့သင်းလာအောင် ကြော်ပေးပါ
ဆီသတ်နံ့သင်းလာတာနဲ့ အရသာ နယ်ထားသော ငါးကိုထည့်ပြီး ဆီသတ်ပါ 
ဆီသတ်စဉ် ငရုတ်သီး မတူးစေရန် ငါးအရသာ နယ်ထားသော ဇလုံကို ရေနဲနဲနဲ့ကျင်းပြီးထည့်ပေးပါ
ငါးများအိုးမကပ်စေရန် အိုးကို မကြာမကြာ လှုပ်ပေးပါ
ငါးအသားများ အရောင်ပြောင်းပြီး အသားမာလာတာနဲ့ မကျည်းသီးအနှစ်နှင့် ငါးကိုရေမြုပ်အောင်ထည့်ပြီး ဆက်တည်ပေးပါ
ငါးအသားများ မကြေစေရန် မမွှေဘဲ အိုးကိုလှုပ်လှုပ်ပေးပါ
ရေခမ်းပြီး ဆီပြန်ကာနီးတာနဲ့ အပေါ့အငံ အရသာမြည်းကာ မိမိစိတ်ကြိုက် ရလာအောင် ပြင်ပေးပါ
ဟင်းအိုးဆီပြန်လာတာနဲ့ ငါးမြင်းဟင်း အချဉ်ဆီပြန် ဟင်းမွှေးမွှေးလေးကို သုံးဆောင်ရန် ပြင်ပေးလို့ရပါပြီ။

No comments:

Post a Comment