ဒီနေ့တော့ တောဘက်ဆေးရုံကို ပြောင်းသွားတဲ့ သမီးလေးအတွက် ကြာကြာအထားခံပြီး ထမင်းမြိန်မြိန် စားနိူင်စေမဲ့ ပုဇွန်ခြောက် ငါးပိချက်လေး ချက်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ငါးပိချက် ချက်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
- ပုဇွန်ခြောက် - အကောင်ကြီးကြီး နှစ်ဆယ်သား
- ကြက်သွန်နီ - ခပ်ကြီးကြီး ဆယ်လုံး
- ငရုတ်သီး လုံးခြမ်းကွဲ - ထမင်းစားဇွန်း လေးဇွန်း
- ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ငါးငံပြာရည် - ထမင်းစားဇွန်း လေးဇွန်း (အငံကြိုက်ပါက ပိုထည့်ပေးပါ)
- ဆား - ထမင်းစားဇွန်း တစ်ဝက်
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
ပြင်ဆင်ပုံ
- ပုဇွန်ခြောက်ကို ရေနာရီ၀က်လောက် စိမ်ထားပြီးမှ ညက်နေအောင် ထောင်းပေးပါ။
- ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ။
- အားလုံးအဆင်သင့် ဖြစ်ပါက ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ။
- ဆီပူလာပါက နနွင်းမှုန့်ထည့်ကာ ကြက်သွန်နီကို ထည့်ကြော်ပေးပါ။
- ကြက်သွန်နီများ နွမ်းလာပြီး အရောင်မပြောင်းခင်မှာ ငရုတ်သီး လုံးကြမ်းခွဲကို ထည့်ပြီး ၂မိနစ်လောက် ကြော်လိုက်ပါ။
- ငရုတ်သီးနံ့မွှေးလာပါက ပုဇွန်ခြောက်ထောင်း ဆား ငါးငံပြာရည်နှင့် အရသာမှုန့်တို့ထည့်ပြီး မွှေပေးပါ။
- မကြာမကြာ မွှေပေးပြီး ဆီခြောက်လာတဲ့အထိ ကြော်ပေးပြီး အရသာမြည်းကာ လိုသလို ပြင်ပေးပါ။
- ငါးပိချက်ကို ခပ်ငံငံလေး ကြိုက်ပါက ငါးငံပြာရည်ကို ပိုထည့်ပေးပါ။
- ပုဇွန်ခြောက် ငါးပိချက် မွှေးမွှေးလေး ရလာတာနဲ့ နှစ်သက်ရာ တို့စရာတို့ဖြင့် တွဲဖက်ပြီး စားသုံးနိုင်ပါပြီ။
No comments:
Post a Comment