ဒီနေ့တော့ တီလားဖီးယား ငါးအသား လွှာထားတာလေးတွေနဲ့ ဆန်လှော်ဆန်ပြုပ်လေး ပြုပ်ပါတယ် ဆန်ပြုပ်ဟေ့လို့ဆိုရင် ငါးအသားနဲ့ ပြုပ်တဲ့ ဆန်လှော်ဆန်ပြုပ်ကလဲ အရသာ တစ်မျိုးလေး ပိုနေတတ်တဲ့အတွက် မာမာပြင်ဆင်ပြီး ပြုပ်ထားတဲ့ ဆန်ပြုပ် ပြုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ဒီတစ်ခါတော့ ဆန်ပြုပ်ကို ခပ်ကျဲကျဲလေး သောက်ချင်တဲ့အတွက် ရေကိုအနည်းငယ် ပိုထဲ့ပြီး ပြုပ်ထားပါတယ်။
မာမာ အခုပြုပ်တဲ့ အချိုးအစားက မိသားစု နည်းတဲ့သူတွေအတွက် အနည်းငယ် များပါတယ် မိသားစု နည်းရင်တော့ ဆန်ကို အနည်းငယ် လျှော့ပြီးပြုပ်ပေးနိူင်ပါတယ်။
ပါ၀င်ပစ္စည်းများ
- ဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
- တီလားဖီးယား- အနေတော် တစ်ကောင်
- ကြက်သွန်နီ - ဥအသေး ဆယ်လုံး (ဆန်ပြုပ်ထဲထည့်ရန်)
- ဆား - လက်ဖက်ရည်ဇွန်း လေးဇွန်းခွဲ( ဇွန်းတစ်၀က်ကို ငါးဆီသတ်တဲ့အထဲထည့်ရန်)
- နနွင်းမှုန့်- လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ဆီ - ထမင်းစားဇွန်း လေးဇွန်း
- ကြက်သွန်နီ - အနေတော် တစ်ဥ (ငါးဆီသတ်ရန်)
- ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ (ငါးဆီသတ်ရန်)
- ကြက်သွန်မိတ် - အပင်ကြီးကြီး သုံးပင်
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း သုံးဇွန်းခွဲ (တစ်၀က်ကို ငါးပြုပ်ထဲ့ထည့်ရန်)
- ကြက်သွန်ဖြူ - အမွှာကြီးကြီးလေးမွှာ (ဆန်ပြုပ်ထဲထည့်ရန်)
- ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
- ကြက်သွန်ဖြူ ဆီချက် - လိုသလောက် ပြင်ထားပါ
ဆန်လှော်ပုံ
- ဒယ်အိုးထဲမှာ ဆန်ထည့်ပြီး မီးအနေတော်နဲ့ လှော်ပေးပါ
- ဆန်လှော် အကျက်ညီစေရန် မကြာမကြာ မွှေမွှေပေးပါ
- ဆန်လှော်များ ညိုရောင်သန်းလာပြီး မွှေးလာပါက မီးပိတ်ပေးထားပါ
ငါးအသားလွှာပုံ
- တီလားဖီးယားငါးကို အကောင်လိုက် အကြေးခွန်ထိုးပြီး ဗိုက်ခွဲကာ မလိုတာတွေဖယ်ပြီး အကောင်လိုက် ရေဆေးပေးပါ
- အကောင်လိုက် ရေဆေးထားသော ငါးကို ကြောဖက်မှ လွှာပေးကာ အရိုးများ မပါအောင် အသားလွှာပေးပါ
- အသားလွှာထားသော ငါးအသားပြားကို ခပ်သေးသေး ပါးပါးလေးတွေ တုံးထားပေးပါ
ကြက်သွန်ဖြူ ဆီချက်ချက်နည်းကို ဒီမှာကြည့်လို့ ရပါတယ် https://mmlazp.blogspot.com/2019/09/blog-post_63.html
ဆန်ပြုပ်ရန် ပြင်ဆင်ပုံ
- ဇောက်နက်သော အိုးထဲမှာ ဆန်လှော်ကို ရေများများထဲ့ပြီး နူးအောင်ပြုပ်ထားပါ
- ဆန်လုံးများ ကျေလာတဲ့အထိ ပြုပ်ပေးပါ
- ကြက်သွန်နီ ဥအသေးများကို အခွံခွာပြီး ရေဆေးထားပါ
- ကြက်သွန်နီ အနေတော် တစ်ဥကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
- ကြက်သွန်ဖြူ အမွှာကြီးကြီး နှစ်မွှာကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
- ကြက်သွန်ဖြူ အမွှာကြီးကြီး လေးမွှာကို အခွံခွာပြီး ရေဆေးကာ ငရုတ်ကောင်းနှင့် ရောပြီးထောင်းထားပါ
- ကြက်သွန်မိတ်ကို ရေဆေးပြီး ခပ်နုတ်နုတ်လေးတွေ လှီးထားပါ
- ကြက်သွန်ဖြူ ဆီချက်ကို ပြင်ထားပါ
- ဆန်ပြုပ်နေတုံး ဒယ်အိုးထဲမှာ ဆီနှင့် နနွင်းမှုန့်ထဲ့ကာ အပူပေးပြီး လှီးထားသော ကြက်သွန်နီ ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူတို့ကို ဆီသတ်ပါ
- ကြက်သွန်များ ပျော့ပြီး မွှေးလာပါက ငါးအသားများကိုထည့်ပြီး ၅မိနစ်လောက် ဆီသတ်ပြီး မီးပိတ်ပေးထားပါ
- ပြုပ်ထားသော ဆန်ပြုပ်များ မနူးသေးပါက ဆန်နူးတဲ့ထိ ရေထပ်ထပ်ထဲ့ပြီး ပြုပ်ပေးပါ
- ပြုပ်နေစဉ် အိုးမကပ်အောင် မကြာမကြာ မွှေမွှေပေးပါ
- ဆန်များနူးလာပြီ ဆိုပါက ရေကိုတရုတ်ဟင်းပြင်ပန်းကန်လုံး ၇လုံးစာလောက်ထဲ့ပေးပြီး ကြက်သွန်ဥလေးများနှင့် ငါးဆီသတ်ကို ထဲ့ပြုပ်ပေးပါ
- ဆားနှင့် အရသာမှုန့် နှစ်ဇွန်းကိုထဲ့ပြီး အရသာ မြည်းပေးပါ
- မိမိ စိတ်ကြိုက် လိုအပ်သော အရသာ ရလာအောင် ပြင်ပေးပြီး ကြက်သွန်ဥလေးများ နူးလာပါက ထောင်းထားသော ကြက်သွန်ဖြူ ငရုတ်ကောင်းတို့ကိုထဲ့ပြီးတာနဲ့ ဆန်လှော်ဆန်ပြုပ် ရပါပြီ
- ဆန်ပြုပ်ကို ပူပူလေး သောက်ရအောင် မီးနွေးနွေးနဲ့ တည်ထားပါ
- ဆန်လှော်ဆန်ပြုပ်ကို ပန်းကန်လုံးထဲမှာ မိမိ လိုသလောက် ထဲ့သောက်ကာ သောက်ကာနီးမှ ကြက်သွန်ဖြူဆီချက်နှင့် ကြက်သွန်မိတ်ဖြူးပြီး သောက်နိူင်ပါပြီ။
No comments:
Post a Comment