Thursday 7 May 2020

မုန့်ဖတ်ထောင်း



ဒီနေ့တော့ မုန့်ဖတ်ကို ချဉ်ငံစပ်လေး ထောင်းဖြစ်ပါတယ် သမီးလေးလဲ ကျောင်းဖွင့်တော့ ကျောင်းပြန်တက်နေရပြီ တနေကုန် မာမာတစ်ယောက်ထဲ အိမ်မှာရှိနေတာမို့လို့ ပျင်းလို့လဲ နေခဲ့ပါတယ် ဒီတော့လဲ နေ့လည်နေ့ခင်း ဗိုက်ဆာတဲ့အချိန်မှာ တစ်ခုမဟုတ် တစ်ခုတော့ လုပ်စားဖြစ်နေပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ထောင်းထားတဲ့ မုန့်ဖတ်ထောင်းနည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. မုန့်ဖတ် - နှစ်ဆယ်ကျပ်သား
  2. ပဲတောင့်ရှည် - လေးတောင့်
  3. နံနံပင် - အနေတော် နှစ်ပင်
  4. ကြက်သွန်ဖြူ အမွှာကြီးကြီး - ၃မွှာ
  5. ငရုတ်သီး အစပ်အခြောက်တောင့် - ၇တောင့ျခန့ျ
  6. ထန်းလျှက်ခဲ - ကွမ်းသီးဆံလုံးလောက် တစ်ခဲ
  7. ငါးခူပြုပ်ပြီးသား - တစ်ကောင်
  8. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  9. ငါးငပိရည် - ထမင်းစားဇွန်း တစ်ဇွန်း
  10. သံပုရာသီး - တစ်ခြမ်း
  11. ကြက်သွန်နီ ဆီချက်ဖတ် - နှစ်သက်သလောက်

ပြင်ဆင်ပုံ
  • မုန့်ဖတ်နှင့်အတူ ပါ၀င်ပစ္စည်းများကို ပြင်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာကာ ရေဆေးထားပါ
  • ပဲတောင့်ရှည်ကို ရေဆေးပြီး ခပ်သေးသေးလေးတွေ လှီးထားပါ
  • နံနံပင်ကို ရေဆေးပြီး အနေတော် လှီးထားပါ
  • ငရုတ်သီးတောင့်ကို အညှာခြွေပြီး ရေဆေးထားပါ
  • ငါးပြုပ်ကို အရိုးထွင်ပြီး ပြင်ထားပါ
  • သံပုရာသီးကို ရေဆေးပြီး လေးစိတ်စိတ်ထားပါ
  • ကျန်လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
  • ငရုတ်ဆုံထဲမှာ အရင်ဆုံး ထန်းလျှက်ခဲ ငရုတ်သီးတောင့်နှင့်ကြက်သွန်ဖြူကို မညက်တစ်ညက် အနေအထားရအောင် ထည့်ထောင်းပါ
  • ပြီးတာနဲ့ပဲသီးကိုထည့်ပြီး ခပ်ဖွဖွ ထည့်ထောင်းပါ
  • ထောင်းထားတာတွေကို သမအောင် ဇွန်းနဲ့မွှေပေးပြီး ငါးပြုပ် မုန့်ဖတ် ငါးငပိရည် ငံပြာရည်နှင့် သံပုရာရည်ကို ညှစ်ပြီးထည့်ကာ ခပ်ဖွဖွထည့်ထောင်းကာ ဇွန်းနှင့်သမအောင် မွှေပေးကာ အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  • အရသာ ပြင်ပြီးတာနဲ့ နံနံပင်ထည့်မွှေပေးပြီး ပန်းကန်တစ်ခုထဲထည့်ကာ မုန့်ဖတ်ထောင်းကို ပြင်ပေးကာ အပေါ်မှ ကြက်သွန်ဖြူကြော် ဆီချက်ဖတ် ဖြူး ပေးပါ
  • ချိုချဉ်ငံစပ် မုန့်ဖတ်ထောင်းလေးကို မိမိနှစ်သက်တဲ့ အသားကင် တစ်မျိုးမျိုးနဲ့ တွဲဖက်ပြီး စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

No comments:

Post a Comment