ဆောင်းရာသီ ရောက်လေတော့ ချဉ်ငံစပ်လေးတွေ စားချင်လာခဲ့တယ် ဒီတော့လဲ ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းတဲ့ kimchi လေး အချဉ်တည်မိပြန်ပါတယ် ဒါကြောင့်မို့လို့ ယူကျူ့ ကကြည့်ကာ မာမာပြင်ဆင်ပြီး လုပ်ထားတဲ့ kimchi လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- တရုတ်မုန့်ညှင်းဖြူ - တစ်ထုတ် (ကိုးဆယ်သားခန့်)
- ရေ - 1 cup (မုန့်ညှင်းဖြူ ဆားရည်စိမ်ရန်)
- ဆား - ထမင်းစားဇွန်း ခြောက်ဇွန်း (မုန့်ညှင်းဖြူ ဆားရည်စိမ်ရန်)
- ကောက်ညှင်းအစိမ်းမှုန့် - ထမင်းစားဇွန်း နှစ်ဇွန်း
- သကြား - ထမင်းစားဇွန်း သုံးဇွန်း (ကောက်ညှင်းမှုန့်ကျိုရန်)
- ငရုတ်သီးမှုန့် - 1 cup (မုန့်လုပ်ရာတွင် ချင်တွယ်သောခွက်)
- ငါးငံပြာရည် - ထမင်းစားဇွန်း ငါးဇွန်း (ကောက်ညှင်းမှုန့်ကျိုရန်)
- ရေ - 1 cup (ကောက်ညှင်းမှုန့်ကျိုရန်) )
- သကြား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (အနှစ်ကြိတ်ရန်)
- ဆား - ထမင်းစားဇွန်း တစ်ဇွန်း (အနှစ်ကြိတ်ရန်)
- ချင်း - တစ်လက်မခန့် (အနှစ်ကြိတ်န်)
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ဆယ့်ငါးမွှာ (အနှစ်ကြိတ်ရန်)
- ကြက်သွန်နီ - အနေတော် တစ်လုံး (အနှစ်ကြိတ်ရန်)
- မုံလာဥနီ - အနေတော် တစ်ဥ
- မုံလာဥဖြူ - အနေတော် တစ်ဥ
- ကြက်သွန်မိတ် - ဆယ်ပင်ခန့်
- နှမ်းလှော် - မိမိနှစ်သက်သလောက်
ပြင်ဆင်ပုံ
- မုန့်ညှင်းဖြူ ထုတ်ကို ထက်ခြမ်းခြမ်းပြီး နောက်ထပ် ထက်ဝက်ထပ်ခြမ်းကာ လက်သုံးလုံးလောက် အထူလေးတွေ လှီးပေးပါ
- ပြီးတာနဲ့ ဇလုံကျယ်ကျယ် တစ်လုံးထဲမှာ မုန့်ညှင်းဖြူ များ ရေနှင့် ဆားထည့်ပြီး ဖြူးပြီး အထက်အောက် သမအောင် နယ်ပေးကာ နှစ်နာရီလောက် နှပ်ထားပါ
- နာရီဝက် လောက်နေရင် အထက်အောက် သမအောင် လှန်ပေးပြီး နောက်ထပ် နာရီဝက်နေရင် အထက်အောက် တစ်ခါထပ်လှန်ပေးကာ လေးကြိမ်လောက် အထက်အောက် လှန်လှန်ပေးပြီး နှပ်ထားပါ
- ဆားရည်နှင့် နှပ်ထားချိန် နှစ်နာရီ ပြည့်တာနဲ့ ဆားရည်များ ကုန်သွားအောင် ရေများများနှင့် ငါးထပ်လောက် ဆေးပေးပြီး ရေစစ်ထားပါ
ကင်မ်ချီအနှစ် ပြုလုပ်ပုံ
- အိုးထဲမှာ ရေထည့်ပြီး ကောက်ညှင်းအစိမ်းမှုန့်နှင့် သကြားတို့ကို ထည့်ပေးကာ မီးနွေးနွေးနဲ့ ကျိုပေးပါ
- ကောက်ညှင်းမှုန့်များ မပြစ်မကျဲ အနေအထား ရလာပြီဆိုရင် မီးဖိုပေါ်မှ ဖယ်ပေးပြီး အအေးခံထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
- ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ လေးစိတ်စိတ်ထားပါ
- ချင်းကိုအခွံခွာပြီး ရေဆေးထားပါ
- ငရုတ်သီးမှုန့် ငံပြာရည် ကြက်သွန်ဖြူ ကြက်သွန်နီ ချင်း ကျိုထားသော ကောက်ညှင်းမှုန့်အနှစ် ဆားနှင့် သကြားတို့ကို အဆင်သင့် ပြင်ထားပါ
- ကြိတ်စက်ထဲမှာ ကြက်သွန်ဖြူ ကြက်သွန်နီ ချင်း အရည်ကျိုထားသော ကောက်ညှင်းဆန်နှစ် ငံပြာရည် သကြားနှင့် ငရုတ်သီးမှုန့်တို့ကို ထည့်ပေးပြီး ညက်နေအောင် ကြိတ်ပေးထားပါ
Kimchi ပြုလုပ်ပုံ
- ကြက်သွန်မိတ်ကို ရေဆေးပြီး မထူမပါး လှီးပေးထားပါ
- မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး အချောင်းတွေ ရလာအောင် လှီးထားပါ
- မုံလာဥဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး အချောင်းလေးတွေ လှီးထားပါ
- ကင်မ်ချီ အနှစ်ကို ပြင်ထားပါ
- ဇလုံတစ်လုံးထဲမှာ ကြက်သွန်မိတ် မုံလာဥနီ မုံလာဥဖြူ နှင့် ကင်မ်ချီအနှစ်တို့ကို သမသွားအောင် ရောနယ်ပေးထားပါ
- ပြီးတာနဲ့ အနှစ်စပ်ထားသော ဇလုံထဲမှာ ရေဆေးပြီး စစ်ထားသော မုန့်ညှင်းဖြူ များကို ထည့်ပေးပြီး အရသာ သမအောင် နယ်ပေးပါ
- အရသာ သမသွားပြီ ဆိုတာနဲ့ အချဉ်တည်ထားမည့် ဗူးကို သန့်နေအောင် ရေဆေးပြီး ရေခြောက်အောင် သုတ်ပေးကာ ကင်မ်ချီများကို ထည့်ပေးပါ
- အခန်းအပူချိန်အတိုင်း နှစ်ရက်လောက် ထားပေးပြီးရင် ကင်မ်ချီ မွှေးမွှေးလေးကို မိမိနှစ်သက်သလို ပြင်ဆင်ပြီး နှမ်းလှော်လေး ဖြူးပေးကာ စားသုံးရန် ပြင်ပေးနိုင်ပါပြီ။
မှတ်ချက် ။ ။ ရေ 1 cup = Zebra ထမင်းစားဇွန်း ၁၄ဇွန်းခန့်နှင့် ညီပါသည်။
No comments:
Post a Comment