Sunday 19 May 2019

ခရမ်းသီးတောချက် ဆီပြန်ဟင်း


ဒီနေ့တော့ ဗီယက်နမ်ဈေးက ဝယ်လာတဲ့ ခရမ်းသီး အရှည်သီးလေးတွေကို ပုဇွန်ဆတ်ထုတ်လေးတွေနဲ့ တောချက်ဆီပြန်လေး ချက်ထားပါတယ်။

မာမာကတော့ ခရမ်းသီး တောချက် ချက်တိုင်း ငရုတ်သီးအလှော်မှုန့် ငါးပိရည်တို့နဲ့ စပ်နေအောင် ရောနယ်ပြီး စားရတာကို အရမ်းသဘောကျပါတယ် ဒါကြောင့်မို့ ဒီနေ့တော့ ခရမ်းသီး တောချက် ချက်နည်းလေး မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ခရမ်းသီး အရှည်သီး - ဆယ်ပေခန့်ရှိတဲ့အသီး သုံးလုံး
  2. ပုဇွန်ဆတ်ထုတ် - တစ်ဆယ်သားခန့်
  3. မညက်တညက် ထောင်းထားသော ကြက်သွန်နီ - အနေတော် တဥ
  4. ညက်နေအောင် ထောင်းထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  8. ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  9. ဆီ - ထမင်းစားဇွန်း ၅ဇွန်း

ပြင်ဆင်ပုံ
  • ခရမ်းသီးကို အခွံခွာကာ အညှာပြတ်အောင်လှီးပြီးပေးပါ။
  • ပြီးတာနဲ့ ထက်ဝက်ခြမ်းကာ ရှစ်စိတ် စိတ်ပြီး ရေနှင့်နာရီဝက်လောက် စိမ်ထားပါ။
  • ပုဇွန်ကို ရေစင်အောင်ဆေးပြီး အမြှီးနှင့် ခေါင်းများဖြုတ်ပေးပါ။
  • အညိုရောင် အရည်များ ထွက်သွားပါက ရေစင်အောင်ဆေးပြီး ရေစစ်ထားပေးပါ။
  • ဇောက်နက်သော အိုးတစ်လုံးထဲမှ ပြင်ဆင်ထားသော ပုဇွန် ခရမ်းသီး ကြက်သွန်ဖြူ ကြက်သွန်နီ ဆား အရသာမှုန့် ငရုတ်သီး အရောင်တင်မှုန့် ဆီ နနွင်းမှုန့်တို့ကိုထည့်ပြီး  အရသာဝင်အောင် နယ်ပေးပါ။
  • အရသာ ဝင်လောက်ပြီ ဆိုတာနဲ့ ရေအနည်းငယ်ထည့်ကာ အဖုံးအုပ်ပြီး လုံးချက် ချက်ပေးပါ။
  • အိုးမကပ်စေရန် နှင့် ခရမ်းသီးများ ကျေသွားစေရန် မကြာမကြာ မွှေပေးပါ။
  • ဟင်းလုံးရည် ခမ်းကာနီးတာနဲ့ ရေအနည်းငယ် ထပ်ထည့်ပေးပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • အိုးထဲမှာ ဆီကျန်ရေကျန် အနေအထားလေး ရလာတာနဲ့ အရသာ မြည်းပေးပါ
  • ခရမ်းသီးနူးလာပြီး ကျေလာသလောက် အနေအထား ရလာကာ အရသာ အနေတော် ရပြီဆိုတာနဲ့ မီးပိတ်ပေးပါ။
  • အိပြီးမွှေးနေတဲ့ ခရမ်းသီးနှပ်တောချက် အစပ်ဆီပြတ်ဟင်းလေးကို သုံးဆောင်ရန် ပြင်ပေးနိုင်ပါပြီ။

No comments:

Post a Comment