ဒီနေ့လဲ အရင်နေ့ကထက် အအေးပိုလာပြန်ပါတယ် ဒီတော့လဲ ထုံးစံအတိုင်း စားချင်တာတွေက ချဉ်ငံစပ်လေးတွေပါဘဲ ဒါကြောင့်မို့လို့ ဒီနေ့တော့ သင်္ဘောသီးနဲ့ ဂဏန်းကို ချိုချဉ်ငံစပ်လေး ထောင်းဖြစ်ပြန်ပါတယ်။
ရာသီဥတုနဲ့ လိုက်ဖက်ပြီး အင်မတန်မှ စားလို့ကောင်းလွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး ထောင်တဲ့နည်းလေး နောက်တစ်မျိုးကို ထပ်မံပြီး မျှဝေပေးလိုက် ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
- သင်္ဘောသီးစိမ်း - အနေတော် တခြမ်း
- ဂဏန်း - အနေတော် ၅ကောင်
- ငရုတ်သီး အခြောက်တောင့် - ၅တောင့်
- ထန်းလျှက်ခဲ - ကွမ်းသီးဆံ အလုံးလောက် တစ်ခဲ
- အရသာမှုန့် - လက်ဖက်ဇွန်း တစ်ဝက်သာသာ
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ကြက်သွန်ဖြူ- အမွှာကြီးကြီး ၃မွှာ
- ငါးငံပြာရည်အနောက် -ထမင်းစားဇွန်း တစ်ဇွန်း
- ငါးငံပြာရည်အကြည် - ထမင်းစားဇွန်း တစ်ဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ (ဂဏန်းပြုပ်ရန်)
- ချယ်ရီခရမ်းချဉ်သီး - ၁၀လုံးခန့်(သို့ ) ခရမ်းချဉ်သီး အလုံးကြီးကြီး တစ်လုံး
- သံပုရာသီး - တစ်လုံး (အချဉ်ကြိုက်ပါက ပိုထည့်ပါ )
ပြင်ဆင်ပုံ
- သင်္ဘောသီးကို အခွံခွာပြီး အမြှောင်းရှည်ရှည်လေးတွေ ရအောင်ခြစ်ထားပါ
- ခြစ်ပြီးသော သင်္ဘောသီးများကို သင်္ဘောသီး အစိမ်းနံ့မနံအောင် ရေများများနဲ့ ဆေးပြီးရေစစ်ထားပါ
- ခရမ်းချဉ်သီးကို ရေဆေးပြီး တ၀က်ဝက် ခြမ်းထားပါ
- ခရမ်းချဉ်သီး အလုံးကြီးကို သုံးပါက ခပ်ထူထူလေး လှီးထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
- သံပုရာသီးကို ရေဆေးပြီး ထက်ခြမ်း ခြမ်းပေးထားပါ
- ဂဏန်းကို မလိုတာတွေဖယ်ပြီး ရေဆေးထားပါ
- ရေဆေးပြီးတာနဲ့ အိုးတစ်လုံးထဲမှာ ဂဏန်း ရေအနည်းငယ်နှင့် ထည့်ပြီး ဆားအနည်းငယ်နှင့်နယ်ကာ ရေခမ်းအောင် ပြုပ်ပေးပါ
- ပြုပ်ထားသော ဂဏန်း ရေခမ်းတာနဲ့ အအေးခံပေးထားပါ
ထောင်းရန်ပြင်ဆင်ပုံ
- ငရုတ်ဆုံ ခပ်ကြီးကြီးထဲမှာ ထန်းလျှက်ခဲ ကြက်သွန်ဖြူ ငရုတ်သီးအခြောက်တောင့်နှင့် ဆားတို့ကိုထည့်ပြီး မညက်တညက် ထည့်ထောင်းပါ
- ပြီးတာနဲ့ သင်္ဘောသီးနှင့် ခရမ်းချဉ်သီးတို့ကို ထည့်ထောင်းပေးပါ
- အနည်းငယ် သမသွားတာနဲ့ ငံပြာရည်နှစ်မျိုးလုံးနှင့် အရသာမှုန့်တို့ကို ထည့်ထောင်းပေးပါ
- ထောင်းနေစဉ် အရသာ သမသွားအောင် ဇွန်းအရိုးရှည်ရှည်နှင့် မွှေမွှေပေးပါ
- မိမိအသုံးပြုပြီး ထောင်းသော ကျည်ပွေ့ပေါ် မူတည်ပြီး သင်္ဘောသီးကို ကြည့်ထောင်းပါ
- ကျောက်ကျည်ပွေ့ဆိုပါက ၅ချက်မှ ၁၀ချက်လောက် ခပ်ဖွဖွလေး ထောင်းပေးပါ
- သစ်သားကျည်ပွေ့ဆိုပါက အချက် ၁၅ချက် လောက် ခပ်ဖွဖွလေး ထောင်းပေးမှ အရသာ၀င်ပါတယ်
- သင်္ဘောသီး ထောင်းတယ်ဆိုပေမဲ့ အရမ်းညက်နေအောင် ထောင်းစရာမလိုဘဲ ခပ်ဖွဖွထောင်းလိုက် ဇွန်းနဲ့မွှေလိုက် လုပ်ပေးရပါတယ်
- အေရသာ သမလောက်ပြီဆိုတာနဲ့ ဂဏန်းနှင့် သံပုရာရည်တို့ကို ထည့်ပြီး ခပ်ဖွဖွလေး ၄ချက်လောက် ထောင်းပေးပါ
- ထာင်းနေစဉ် အရသာ မြည်းပေးပြီး မိမိနှစ်သက်တဲ့ အရာ ရတဲ့အထိ ပြင်ပေးပါ
- ပြိးတာနဲ့ ဂဏန်း သင်္ဘောသီးထောင်း ချိုချဉ်ငံစပ်လေးကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။
No comments:
Post a Comment