တစ်နေ့တစ်နေ့ မနက်စောစောစာ ဘာလုပ်စားရင် ကောင်းမလဲ စဉ်းစားနေရင်းက ကုလားပဲခြမ်းထုတ်လေး တွေ့တာနဲ့ ကောက်ညှင်းပြန်ပေါင်းလေး ပေါင်းစားချင်စိတ် ပေါက်သွားမိတယ်။
ဒီတော့လဲ နောက်နေ့မနက်အတွက် လိုတာတွေ ပြင်ဆင်ပြီး ညအိပ်ယာ မဝင်ခင် ကောက်ညှင်းဆန်နဲ့ပဲကို ရေစိမ်ပြီး နောက်နေ့မနက်မှာ ပြန်ပေါင်လေးပေါင်းဖို့ ပြင်ရပါတယ် ပေါင်းတယ်ဆိုပေမဲ့ မာမာကတော့ ထမင်းပေါင်းအိုးနဲ့ဘဲ ချက်ထားပါတယ်ရှင်။
ကောက်ညှင်းပေါင်းနည်း ပုံလေးတွေကိုတော့ အရင်မာမာ့ရဲ့  blog mmlazp.blogspot.com မှာ တင်ဖို့လုပ်ထားပေမဲ့ blog ထဲ ဝင်လို့မရတော့အတွက် အခု marmarskitchen.blogspot.com အသစ်မှာဘဲ တင်လိုက်ပါတယ်ရှင်။
ငှက်ပျောရွက်ရှိရင် ငှက်ပျောရွက်နဲ့ ပေါင်းနိုင်သလို မာမာကတော့ ဆွမ်းမွှေးရွက်တွေ ရှိနေတာနဲ့ ဆွမ်းမွှေးရွက်လေးတွေရယ် အုန်းသီးဖတ်လေးတွေရယ်နဲ့ ပေါင်းတဲ့အတွက် အရမ်းကို စားလို့ကောင်းလွန်းလို့ ကောက်ညှင်းပြန်ပေါင်း ပေါင်းနည်းလေး မျှဝေလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- ကောက်ညှင်းဆန် - ၃ ဗူး (ထမင်းပေါင်းအိုး ဆန်ချင်ဗူး)
- ကုလားပဲခြမ်း - ၁ ဗူး (ထမင်းပေါင်းအိုး ဆန်ချင်ဗူး)
- ပဲဆီစိမ်း - လိုသလောက် (ငါးခြောက်ဆီစိမ်ရန်)
- အုန်းသီးခြစ်ပြီးသား - မိမိနှစ်သက်သလောက်
- ငါးခြောက် - မိမိ နှစ်သက်သလောက်
- သကြား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ဆီ - ထမင်းစားဇွန်း ၂ ဇွန်း ခွဲ
- ဆွမ်းမွှေးရွက် - ၂ရွက်
- ကောက်ညှင်းဆန်ကို ဇလုံတလုံးထဲမှာထည့်ပြီး ရေမြုပ်အောင်ထည့်ကာ ရေ၉နာရီခန့် ရေစိမ်ထားပါ
- ကုလားပဲခြမ်းကိုလဲ ဇလုံတလုံးထဲမှာထည့်ပြီး ရေမြုပ်အောင်ထည့်ကာ ၉နာရီခန့် ရေစိမ်ထားပါ
- အုန်းသီးခြစ်ပြီးသားကို ပြင်ထားပါ (မာမာကတော့ အုန်းသီးမှုန့် အခြောက်ကို သုံးပါတယ်)
- ဆွမ်းမွှေးရွက်ကို ရေဆေးပြီး ထက်ဝက်ပိုင်းထားပါ
- ပါဝင်ပစ္စည်းများကို ပြင်ထားပါ
- ငါးခြောက်ကို ပဲဆီစိမ်းနှင့် စိမ်ထားပါ
- ရေစိမ်ထားသော ကောက်ညှင်းဆန်ကို ရေနှင့် ခပ်ဖွဖွ နယ်ဆေးကာ ရေများသွန်ပြီး ရေစစ်ထားပေးပါ
- ရေစိမ်ထားသော ကုလားပဲခြမ်းကိုလဲ ရေနှင့်ခပ်ဖွဖွ နယ်ဆေးကာ ရေများသွန်ပြီး ရေစစ်ပေးပါ
- အားလုံး အဆင်သင့် ဖြစ်တာနဲ့ ထမင်းပေါင်းအိုးထဲကို ရေစစ်ထားသော ကောက်ညှင်းဆန် ကုလားပဲ သကြား ဆီ ဆားနှင့် ရေ ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၃ဗူးခွဲတို့ကို ထည့်ပေးပြီး သမအောင် မွှေပေးပါ
- အားလုံး သမသွားတာနဲ့ ပေါင်းအိုးခလုတ်ကို နှိပ်ပေးပြီး ထမင်းချက်သလို ချက်ပေးပါ
- မာမာကတော့ ၄၅မိနစ်ကြာတဲ့ ခလုတ်ကိုနှိပ်ပြီး ချက်ပါတယ်
- မိမိအိမ်မှာရှိတဲ့ ထမင်းပေါင်းအိုးနဲ့ အဆင်ပြေသလို ချက်နိုင်ပါတယ်
- ၄၅မိနစ်ပြည့်လို့ ကောက်ညှင်းကျက်တာနဲ့ အုန်းသီးဖတ်များကို ကောက်ညှင်းအပေါ်မှာ ဖြူးပေးပါ
- ပြီးတာနဲ့ ဆွမ်းမွှေးရွက်ကို အုန်းသီးဖတ်အပေါ်မှ စီပြီးအုပ်ပေးကာ ထမင်းပေါင်းအိုးကို ပြန်ဖုံးပြီး ၈မိနစ်မှ ၁၀မိနစ်ခန့် နှပ်ထားပေးပါ
- ဆွမ်းမွှေးရွက်အနံ့ လေးနှင့် အုန်းသီးအနံ့ လေးပါ မွှေးနေတဲ့ ကောက်ညှင်း ပြန်ပေါင်းလေးကို ဒီအတိုင်း အစိမ့်လေးဘဲစားစား ငါးခြောက်ဆီစိမ်လေးနဲ့ဘဲစားစား မိမိနှစ်သက်သလို သုံးဆောင်နိုင်ပါပြီ။
- မာမာကတော့ ငါးခြောက်ကို ပဲဆီစိမ်း စိမ်ထားတာနဲ့ တွဲဖက်ပြီး စားပါတယ်။
No comments:
Post a Comment