ဒီနေ့တော့ မာမာတို့နေတဲ့ မြို့လေးမှာ ဆောင်းတွင်းပိုင်း အချိန်လေး ဖြစ်လို့သွားပါပြီ နေ့စဉ်ရေတွေလဲ ခဲနေပြီမို့လို့ အရမ်းအေးပြီး ချမ်းလွန်းတဲ့ အချိန်တွေ ဖြစ်သွားခဲ့ပါပြီ။
ဒါကြောင့်မို့လို့ ပူပူစပ်စပ်လေးတွေဘဲ စားချင်တာနဲ့ ငရုတ်သီးစိမ်း ဆားထောင်းလေး ထောင်းဖြစ်တဲ့အတွက် မာမာပြင်ဆင်ပြီး ထောင်းထားတဲ့နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ငရုတ်သီးစိမ်း - အတောင့် ၄၀ခန့်
- ပုဇွန်ခြောက် - အကောင်ကြီးကြီး အကောင် ၃၀ခန့်
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ၇မွှာ
- ကြက်သွန်နီ - အနေတော် ၂ဥ
- သံပုရာသီး - အနေတော် ၂လုံး
- ဆား - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
- ပဲဆီစိမ်း - လက်ဖက်ရည် အကြမ်းပန်းကန်လုံး တစ်လုံးစာ
ပြင်ဆင်ပုံ
- ငရုတ်သီးစိမ်းကို အညှာခြွေပြီး ရေဆေးကာ ဒယ်အိုးထဲထည့်ပြီး အပြင်ခွံ အနည်းငယ် ကျွမ်းတဲ့အထိ လှော်ပေးပါ
- ကြက်သွန်နီနှင့် ကြက်သွန်ဖြူကို ဒယ်အိုးထဲထည့်ပြီး မီးအနေတော်နှင့် အပြင်ခွံများ ကျွမ်းတဲ့အထိ လှော်ပေးပါ
- ကြက်သွန်များ အေးသွားတာနဲ့ ရေနှင့်ဆေးကာ အခွံများ ခွာထားပေးပါ
- ပုဇွန်ခြောက်ကို ရေနှစ်ထပ်လောက်ဆေးပြီး ရေမြုပ်အောင်ထည့်ကာ နာရီဝက်လောက် စိမ်ထားပေးပါ
- ပါဝင်ပစ္စည်းများကို ပြင်ထားပါ
- အားလုံး အဆင်သင့် ဖြစ်တာနဲ့ ငရုတ်ဆုံထဲမှာ အခွံခွာထားသော ကြက်သွန်ဖြူ ကြက်သွန်နီ ငရုတ်သီးစိမ်း ဆား အရသာမှုန့်နှင့် ပုဇွန်ခြောက်တို့ကိုထည့်ပြီး မိမိနှစ်သက်သလောက် အနေအထားရအောင် ထောင်းပေးပါ
- မာမာကတော့ လေးစိတ်ကွဲ အနေအထားလေး ကြိုက်တာနဲ့ လေးစိတ်ကွဲ အနေအထားလောက်မှာဘဲ ထောင်းတာကို ရပ်လိုက်ပါတယ်
- အားလုံး လေးစိတ်ကွဲ အနေအထား ရတာနဲ့ ပန်းကန်ထဲ ပြောင်းထည့်ကာ သံပုရာရည် ညှစ်ပြီး ဆမ်းပေးပါ
- ပြီးတာနဲ့ ငရုတ်သီးစိမ်း ဆားထောင်း ပန်းကန်ထဲကို ပဲဆီစိမ်း ဆမ်းပေးပါ
- စပ်ပြီးမွှေးကာ ချဉ်ငံစပ်နေတဲ့ ငရုတ်သီးစိမ်းဆားထောင်းကို မိမိနှစ်သက်ရာ ဟင်းတို့နဲ့ တွဲဖက်ကာ စားပွဲပြင်ပေးလို့ ရပါပြီ။
No comments:
Post a Comment