Tuesday, 11 July 2017

ရွှေဖရုံညွန့် ကြော်ချက်




မနေ့က ဈေးသွားတာ ရွှေဖရုံညွန့်လေးတွေ ရလာတာနဲ့ ရွှေဖရုံညွန့်ကြော်ချက်လေး သတ်သတ်လွတ် ချက်ဖြစ်ပါတယ် လွယ်ကူမြန်ဆန်ပြီး ၀ါတွင်းကာလ သတ်သတ်လွတ်စားဖို့ အဆင်ပြေတဲ့အတွက် ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ရွှေဖရုံညွှန့် -  လက်တစ်ဆုတ်စာ တစ်စည်း
  2. ကြက်သွန်နီ - အနေတော်တစ်လုံး
  3. ကြက်သွန်ဖြူ  - အမွှာကြီးကြီး တစ်မွှာ
  4. ဆီ - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  6. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြင်ဆင်ပုံ
  • ရွှေဖရုံညွှန့်ကို အမွှေးမြှင်လေးတွေနှင့် အကြောများ ကုန်အောင် သန့်စင်ပေးကာ ရေဆေးပြီး ရေစစ်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးပြီးမှ ခပ်ပါးပါး လှီးထားပါ 
  • ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပေးပါ
  • ဆီပူလာတာနဲ့ နနွင်းမှုန့်ထည့်ပြီး ကြက်သွန်ဖြူနှင့် ကြက်သွန်နီတို့ကို နွမ်းရုံလေးဘဲ ဆီသတ်ပေးပါ
  • ပြီးတာနဲ့ ရွှေဖရုံညွန့် ဆား အချိုမှုန့်တို့ထည့်ပြီး မွှေပေးပါ
  • အိုးအဖုံးကို မဖုံးဘဲ ကြော်ပေးကာ အညွန့်များ အနည်းငယ် နွမ်းတာနဲ့ အရသာမြည်းပြီး ရေအနည်းငယ်ထည့်ကာ အရသာကို လိုသလို ပြင်ပေးပါ
  • အရသာ အနေတော် ရပြီဆိုတာနဲ့ ငရုတ်ကောင်းမှုန့် အနည်းခပ်ပြီး သမအောင် မွှေပေးပါ
  • အိုးအဖုံးဖုံးပါက အရွက်များ အရောင်ပြောင်းသွားတတ်တဲ့အတွက် အဖုံးမဖုံးဘဲ ကြော်ပေးပါ
  • ကြော်ချိန် မကြာတဲ့အတွက် စားကာနီးမှ ကြော်ပေးတာ အကောင်းဆုံးပါ။

Monday, 10 July 2017

မုန့်တီသုပ်



ဒီနေ့တော့ မိုးလေအေးအေးနဲ့ဘာလေးလုပ်စားရင် ကောင်းမလဲ စဉ်းစားလိုက်တာ ချဉ်ချဉ်ငံငံစပ်စပ်လေး စားချင်လာတာနဲ့ ဒီတစ်ခါတော့ မုန့်တီသုပ်လေးဘဲ သုပ်စားလိုက်ပါတော့တယ်။

ဟင်းရည်ချက်နည်းကတော့ အရင်တစ်ခါ တင်ထားတဲ့ နည်းအတိုင်းဘဲ ချက်ထားပါတယ် ချက်နည်းနဲ့ ပါဝင်ပစ္စည်းတွေကော့ အတူတူဘဲ သုံးထားပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
ငါးပြုပ်ရန်

  1. ငါးခူ - တစ်ဆယ်ကျပ်သား
  2. ငံပြာရည် - ထမင်းစားဇွန်း ၄ဇွန်း
  3. ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း တို့ကိုရေမြုပ်ရုံ  ရောပြုပ်ပေးပြီး နူးသွားပါက အသားဖတ်လေးများကို ထွင်ထားပါ
  4. ငါးအရိုးများကို ငရုတ်ဆုံထဲမှာ ညက်နေအာင် ထောင်းပေးပြီး ရေ အနည်းငယ်နှင့် အရည်ငင်ထားပါ။

ဟင်းရည်ချက်ရန်

  1. ရေ - 4 cups
  2. အရိုးငင်ထားသော ငါးရိုးအရည် - အနည်းငယ်
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး ငါးမွှာ (ထောင်းပေးပါ)
  4. ကြက်သွန်နီ - နှစ်လုံး (အဖတ်လေးများလှီးပေးပါ)
  5. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. ပုဇွန်ငါးပိ - ထမင်းစားဇွန်းတစ်ဇွန်း
  7. ဆား - လက်ဖက်ရည်ဇွန်းတစ်ဇွန်း
  8. ငါးငံပြာရည် - ထမင်းစားဇွန်းတစ်ဇွန်း
  9. ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်းတစ်ဇွန်း
  10. ပဒဲကောဥ - တစ်လက်မ (ထောင်းပေးပါ)
  11. ငါးဖယ်ခြစ် သို့မဟုတ် ဘာဆာငါးခြစ် အနည်းငယ်ကို အရသာနယ်ပြီး အချက်၂၀၀လောက် ပေါက်ကာ အလုံးလေးတွေ လုပ်ထားပါ
  12. အရိုးထွင်ထားသောငါး အသားများနှင့် ပါဝင်ပစ္စည်း အားလုံးရောပြီး ရေပွက်ပွက်ဆူကာ ကြက်သွန်ဖတ်များ နူးအောင်တည်ပေးပါ
  13. ရေပွက်ပွက်ဆူလာပါက ငါးခြစ်လုံးလေးများ ဟင်းရည်ထဲထည့်ပေးပါ ငါးလုံးများ ရေပေါ်ပေါ်လာပါက ဟင်းရည်အိုးကို အရသာမြည်းပြီး လိုသလို ပြင်ပေးထားပါ

ရခိုင်မုန့်တီသုပ်ရန်
  • ငရုတ်သီးစိမ်း အစပ်တောင့် - စားနိုင်သလောက် (လှော်ပြီးထောင်းပေးပါ)
  • Ready made မုန့်ဖတ်အခြောက် - 400 g (ပြုပ်ပေးထားပါ)
  • မကျည်းသီးမှည့်ရည် - လက်ဖက်ရည်ပန်းကန် တစ်လုံး
  • သံပုရာသီး - တစ်လုံး( ကြိုက်လျှင်ထည့်သောက်ပါ )
  • ငံပြာရည် - လက်ဖက်ရည်ပန်းကန် တစ်လုံး
  • ပဲကြော် - ဆယ်ချပ် (ချေထားပေးပါ)
  • နံနံပင် - ဆယ်ပင်ခန့် (လှီးပေးထားပါ)
  • ငါးဖယ်ကြော် - အချပ်သုံးဆယ် (အနေတော် ညှပ်ထားပေးပါ)
  • ကြက်သွန်ဖြူဆီချက် - တရုတ်ဟင်းပြင်ပန်းကန် အသေးတစ်လုံးစာ ချက်ထားပါ
  • မုန့်တီသုပ်ရန် မိမိအဆင်ပြေသလို ပါဝင်ပစ္စည်းများထည့်ပြီး ခပ်ဖွဖွနယ်ကာ သုပ်ပေးပြီးပါက ရှူးရှဲအသုပ်လေးကို စားပွဲပြင်ပေးကာ မုန့်တီဟင်းရည်နှင့် တွဲဖက်ပြီး သုံးဆောင်နိုင်ပါပြီ။

Sunday, 9 July 2017

ငှက်ပျောသီး ပဲကုလားဟင်း








ငှက်ပျောသီး ပဲကုလားဟင်း ချက်မိတိုင်း ငယ်ငယ်က အလှူတွေမှာ စားခဲ့တဲ့ ပဲကုလားဟင်းကို သတိရမိတာတော့ အမှန်ပါဘဲ။

မနက်က ဈေးသွားတော့ အေးရှန်းဆိုင်ကို ရောက်သွားတယ် လတ်လတ်ဆတ်ဆတ် သီးနှံတွေကြားထဲက ရှားရှားပါးပါး ရတာတဲ့ ရခိုင်ငှက်ပျောသီး အစိမ်းလေးတွေနဲ့ကုလားပဲဆန်ကိုရောကာ အရည်သောက်ဆမ်း ချဉ်ငံစပ်လေးချက်လို့ ချက်နည်းအလွယ်လေး မာမာပြင်ဆင်တဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ 

  1. ကုလားပဲခြမ်း - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တစ်ခွက်
  2. ရခိုင်ငှက်ပျောသီးအစိမ်း - ၅လုံး
  3. အာလူး - ခပ်ကြီးကြီး တစ်လုံး
  4. မကျည်းသီးမှည့် - ကွမ်းသီးဆံလုံးလောက် 
  5. ပျဉ်းတော်သိမ်းရွက် - အခက်ကြီးကြီး ၂ခက်
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. ငါးငံပြာရည် - ထမင်းစားဇွန်း ၃ဇွန်း
  8. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ (ပဲပြုပ်ထဲနှင့်ဆီသတ်ရာတွင် သုံးရန်)
  10. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  11. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  12. ချင်း - လက်တဆစ်ရဲ့တစ်ဝက်
  13. ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  14. ဆီ - ထမင်းစားဇွန်း ၃ဇွန်း

ပြင်ဆင်ပုံ
  • ကုလားပဲဆန်ကို ရေဆေးပြီး ရေမြုပ်အောင်ထည့် နနွင်းမှုန့် အနည်းငယ်ထည့်ပြီး ပဲကိုမနူးတနူး အနေအထားရအောင် ပြုပ်ထားပါ
  • မကျီးသီးမှည့်ကို ရေတထပ်ဆေးပြီး ရေမြုပ်အောင် ထည့်ကာ ရေစိမ်ထားပါ
  • ရခိုင်ငှက်ပျောသီးကို အခွံမခွာဘဲ ထိပ်၂ဖက်ကို ဖြတ်ပေးကာ ရေဆေးပြီး သင့်သလို လှီးကာ ရေ၁၅မိနစ်လောက် စိမ်ထားပါ
  • အာလူးကို အခွံခွာပြီး အနေတော် အစိတ်လေးများလှီးကာ ရေဆေးပြီး ရေစိမ်ထားပါ
  • ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီးမှုန့်တို့နဲ့ရောပြီး ထောင်းထားပါ
  • အားလုံးအဆင်သင့်ဖြစ်တာနဲ့ ဒယ်အိုးတလုံးကို အပူပေးပြီး ဆီထည့်ပါ ဆီပူလာတာနဲ့ နနွင်းမှုန့်ထည့်ကာ ငရုတ်သီးထောင်းကိုထည့်ပြီး မွှေးလာအောင် ဆီသတ်ပေးပါ 
  • ဆီသတ်နံ့မွှေးလာတာနဲ့ ပျဉ်းတော်သိမ်းရွက်များကို ထည့်ပြီးဆီသတ်ပါ
  • ပြီးတာနဲ့ ဟင်းချက်ရန် ပြင်ထားသော ငှက်ပျောသီး အာလူး ဆား ငံပြာရည် အရသာမှုန့်တို့ကိုထည့်မွှေပြီး ဆီသတ်ပါ
  • ငှက်ပျောသီးနှင့် အာလူးများ အရောင်ပြောင်းလာတာနဲ့ ရေမြုပ်အောင်ထည့်ပြီး ငှက်ပျောသီးနှင့် အာလူးများ နူးအောင်တည်ပေးပါ
  • အသီးမများ နူးလာတာနဲ့ ပြုပ်ထားသော ပဲအိုးထဲကို ပြောင်းထည့်ပြီး ရေလိုသလောက်ထည့်ကာ ရေစိမ်ထားသော မကျည်းမှည့်ကို လက်နဲ့နယ်ဖျော်ပြီး မကျည်းရည်ထည့်ပေးပါ
  • ဟင်းရည်ပွက်ပွက်ဆူပါက အရသာမြည်းပြီး လိုသလိုပြင်ကာ ငှက်ပျောသီး ပဲကုလားဟင်း အရည်သောက်ဆမ်းကို  ငံပြာရည်ချက်လေးချက်ကာ တွဲဖက်ပြီး သုံးဆောင်နိုင်ပါပြီ။

Saturday, 8 July 2017

ဝက်သား အချိုချက်


ဝက်သား အချိုပေါင်းလေး စားချင်လာလို့ ချက်မယ်ပြင်ပြီး ချက်လေသတည်းပေါ့လေ အိမ်ချက်လေးဘဲ ချက်တာမို့လို့ ချက်ရတာ လွယ်ပါတယ် ပေါင်းအိုးနဲ့ချက်စရာမလိုဘဲ ရိုးရိုးအိုးနဲ့ဘဲ နူးအိလာအောင် ချက်ထားတဲ့ ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။


ဝက်သားအရသာနယ်ရန်

  1. ၀က်သား သုံးထပ်သား - 500 g ကို ရေဆေးပြီး ခပ်ရှည်ရှည် အတုံးလေးတွေ တုံးထားပါ
  2. ပဲငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက် အားလုံးတို့ကို ၀က်သားထဲထည့်ပြီး အရသာဝင်အောင် နယ်ထားပါ


ဟင်းချက်ရန် လိုသောပစ္စည်းများ

  1. ဆီ - ထမင်းစားဇွန်း ၃ဇွန်း
  2. ကြက်သွန်ဖြူထောင်းရန် - အမွှာကြီးကြီး ၃မွှာ
  3. ကြက်သွန်နီ မညက်တစ်ညက်ထောင်းရန် - ခပ်ကြီးကြီး တဥ
  4. နာနတ်ပွင့် - တစ်ပွင့်
  5. ချင်းထောင်းရန် - လက်တစ်ဆစ်ခန့်
  6. ကြက်သွန်နီ - အနေတော် တစ်လုံးကို အခွံခွာကာ အလုံးလိုက် ရေဆေးပြီး အဖတ်လေးများ ရအောင် လှီးထားပါ
  7. ကြက်သွန်ဖြူ - ၇မွှာခန့်ကို အခွံခွာပြီး ရေဆေးထားပါ
  8. သကြား - ထမင်းစားဇွန်း တစ်ဇွန်းသာသာ
ပြင်ဆင်ပုံ
  • အရသာ နယ်ထားသော ၀က်သားနှင့် ဟင်းချက်ရန် လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
  • ဇောက်နက်သော အိုးတလုံးကို အပူပေးပြီး ဆီထည့်ပါ
  • ဆီပူလာတာနဲ့သကြားကို ညိုရောင်သန်းတဲ့အထိ ကြော်ပေးပါ
  • သကြားညိုလာတာနဲ့ ကြက်သွန်ဖြူ နီ ချင်း နာနတ်ပွင့်တို့ကို မွှေးလာတဲ့ထိ ဆီသတ်ပေးပါ 
  • ဆီသတ်နံ့ မွှေးလာတာနဲ့ အရသာနယ်ထားသော ၀က်သားကိုထဲ့ပြီး ဆီသတ်ပေးပါ
  • ၀က်သားအသားများ မာလာတဲ့ထိ သုံးမိနစ်လောက် ဆီသတ်ပေးပါ
  • အသားများမာလာမှ ရေကိုမြုပ်အောင်ထည့်ပြီး ဆက်တည်ပေးပါ 
  • ၀က်သားများ နူးပြီးအိလာအောင် ရေထပ်ထဲ့ပြီး တည်ပေးပါ
  • ၀က်သားနူးလာပါက ရေမခမ်းခင် အခွံခွာထားသော ကြက်သွန်နီ ကြက်သွန်ဖြူကိုထည့်ကာ မီးအနေတော် လျှော့ပေးပြီး ရေခမ်းအောင် တည်ပေးပါ
  • ရေခမ်းပြီး ဆီပြန်လာပါက ၀က်သားပေါင်းဟင်းကို ချိုချိုအိအိလေးကို စားသုံးနိုင်ပါပြီ။

Friday, 7 July 2017

ဝက်ကလီစာ ကုန်းဘောင်ကြီးကြော်



ဒီနေ့တော့ ၀က်ကလီစာလေးတွေ ရလာတာနဲ့ အသည်း နှစ်လုံး ကျောက်ကပ်လေးတွေ ၀ယ်လာကာ ၀က်ကလီစာ ကုန်းဘောင်ကြီးကြော် ကြော်ဖြစ်ပါတယ်။

အသီးအရွက်တွေ ဦးစားပေးတဲ့ ဟင်းအမယ် ဖြစ်တာကြောင့် မိမိနှစ်သက်ရာ အဆင်ပြေမဲ့ အသီးအရွက်လေးတွေထည့်ပြီး ကြော်စားနိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ဝက်ကလီစာ - 250 g ( နှစ်သက်ရာ အသားကို သုံးနိုင်ပါတယ်)
  2. ကြက်သွန်နီ - အနေတော် တစ်လုံး
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး၂မွှာ
  4. ဘရော့ကိုလီ - ၃ခက်ခန့်
  5. ပန်းငရုတ်ပွ - တစ်ခြမ်း
  6. မုံလာဥနီ - အနည်းငယ်
  7. ခရမ်းချဉ်သီး - အနေတော်တစ်လုံး
  8. ပန်းဂေါ်ဖီ - ၄ခက်ခန့်
  9. ကြက်သွန်မြိတ် - ၂ပင်
  10. ချင်း - လက်မ၀က်ခန့်
  11. ရွှေပဲသီး - ၅တောင့်
  12. တရုတ်မဆလာ - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  13. ခရုဆီ - ထမင်းစားဇွန်း တစ်ဇွန်း
  14. ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း၂ဇွန်း
  15. ပဲငံပြာရည်အနောက်ရည် - ထမင်းစားဇွန်း တစ်ဝက်
  16. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  17. နနွင်းမှုန့် - အနည်းငယ်
  18. သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  19. ဆီ - ထမင်းစားဇွန်း ၆ဇွန်းခန့်


ပြင်ဆင်ပုံ

  • ဝက်ကလီစာများကို ရေစင်အောင်ဆေးပြီး ဆားအနည်းငယ်နှင့် နနွင်းမှုန့်တို့ထည့်ကာ နယ်ပေးပါ
  • ပြီးတာနဲ့ ရေမြုပ်အောင်ထည့်ပြီး ပြုပ်ပေးပါ
  • ပြုပ်ရည်ခမ်းတာနဲ့ ခပ်ပါးပါး လှီပေးထားပါ
  • ကြက်သွန်နီကို အခွံခွာကာ ရေဆေးပြီး လေးစိတ် လှီးထားပါ
  • ခရမ်းချဉ်သီးကိုလဲ ရေဆေးပြီး လေးစိတ်လှီးထားပါ
  • ရွှေပဲသီးကို အကြောသင်ပေးပြီး ရေဆေးထားပါ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး လက်၂လုံးလောက်အနေ ခပ်ကြမ်းကြမ်း ထူထူလေးတွေ လှီးထားပေးပါ
  • ပန်းဂေါ်ဖီ ဘရော့ကိုလီ မုံလာဥနီ ပန်းငရုတ်ပွတို့ကို ရေဆေးပြီး သင့်သလို လှီးပေးထားပါ
  • ချင်းကို အခွံခွာပြီး ရေဆေးကာ အမျှင်လေးများ ရအောင် လှီးပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ဓါးပြားရိုက်ကာ ခပ်နုတ်နုတ် လှီးပေးပါ
  • ဟင်းချက်ရန် လိုအပ်မည့် ပစ္စည်းများ ပြင်ထားပေးပါ
  • ဒယ်အိုးကို အပူပေးပြီး ဆီထမင်းစားဇွန်း ၃ဇွန်းကို ထည့်ပေးပါ
  • ပြီးတာနဲ့ ကြက်သွန်ဖြူကို မွှေးသွားအောင် ကြော်လိုက်ပါ
  • ကြက်သွန်ဖြူ  မွှေးလာတာနဲ့ လှီးထားသော ပန်းဂေါ်ဖီ ဘရော့ကိုလီ ပန်းငရုတ်ပွ မုံလာဥနီ ကြက်သွန်နီစသည့် အသီးအရွက်များကို အနည်းငယ် နွမ်းအောင်ကြော်ပြီး ဆယ်ထားပါ
  • ခရမ်းချဉ်သီးကိုလဲ သတ်သတ်ထည့်ပြီး ကြော်ပေးကာ ဆယ်ထားပါ
  • ဒယ်အိုးထဲမှာ ဆီအနည်းငယ် ထပ်ထည့်ပြီး လှီးထားသော ချင်းကိုထည့်ကြော်ပေးပါ 
  • ချင်းနံ့အနည်းငယ် မွှေးလာတာနဲ့ ပြုပ်ပြီးလှီးထားသော ဝက်ကလီစာများကို ထည့်ကြော်ပေးပါ
  • ၀က်ကလီစာများက ကျက်ပြီးသား ဖြစ်တဲ့အတွက် ချက်ချင်းဆိုသလို ဆား သကြား ပဲငံပြာရည်အကြည် ခရုဆီ ပဲငံပြာရည်အနောက် သကြား စသည့် အရသာများကို ခပ်မြန်မြန်လေး ထည့်ပေးပါ
  • ပြီးတာနဲ့ ကြော်ပြီးဆယ်ထားသော အသီးအရွက်ကြော်များ ကြက်သွန်မိတ်နှင့် ရွှေပဲသီးတို့ကိုထည့် မွှေပေးကာ အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  • မိမိနှစ်သက်တဲ့ အရသာ ရပါက စားပွဲပြင်ရန် ပန်းကန်ထဲ ပြောင်းထည့်ပြီး တရုတ်မဆာလာ ဖြူးပေးကာပူပူလူလူလေး သုံးဆောင်နိုင်ပါပြီ။

Wednesday, 5 July 2017

မဆလာအုပ် ဝက်သားဆီပြန်


ဒီနေ့တော့ ကုလားလေး မဆလာအုပ်ကာ ဆီပြန်ချက်ထားတဲ့ ၀က်သားဆီပြန်ဟင်းလေး ချက်ဖြစ်တာမို့လို့ မစားဖူးသူတွေအတွက် အရသာ ထူးခြားစေမဲ့ ၀က်သားမဆလာအုပ်ပြီး မာမာချက်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. အဆီအသား တွဲနေသောဝက်သား - 500 g
  2. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  3. ချင်း - လက်တစ်ဆစ်ခန့်
  4. ကြက်သွန်န်ီ - အနေတော် တစ်လုံး
  5. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  6. စပါးလင် - တစ်လက်မခန့်
  7. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း မောက်မောက်
  8. ငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  9. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  10. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  11. မဆလာ (ကုလားလေးမဆလာ) - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  12. ဆီ - ထမင်းစားဇွန်း ၅ဇွန်း

ပြင်ဆင်ပုံ
  1. ၀က်သားကို ရေစင်အောင်ဆေးပြီး ခပ်ထူထူ အတုံးလေးများ တုံးပေးထားပါ
  2. တုံးထားသော ၀က်သားများကို ဇလုံတစ်လုံးထဲမှာထည့်ပြီး နနွင်း ဆား ငံပြာရည် အချိုမှုန့်တို့နဲ့ နယ်ပြီး အရသာဝင်အောင် ၁၀မိနစ်လောက် နှပ်ထားပါ
  3. ချင်း စပါးလင် ကြက်သွန်နီ ကြက်သွန်ဖြူတို့ကို ငရုတ်သီးမှုန့်နှင့် ရောပြီး ထောင်းထားပါ
  4. အားလုံးအဆင်သင့် ဖြစ်ပြီဆိုတာနဲ့ ဇောက်နက်သော အိုးကိုအပူပေးပြီး ဆီထည့်ပါ
  5. ဆီပူလာတာနဲ့ ငရုတ်သီးထောင်းကို ထည့်ပြီးဆီသတ်ပါ
  6. ဆီသတ်နံ့မွှေးလာတာနဲ့ အရသာ နယ်ထားသော ၀က်သားကိုထည့်ပြီး ဆီသတ်ပါ
  7. ၀က်သား အသားများ မာလာမှ ရေမြုပ်အောင်ထည့်ပြီး တည်ပေးပါ
  8. ပထမ တစ်ရည်ခမ်းပြီး အသားနူးစေရန် နောက်တစ်ရည် ထပ်ထည့်ပြီး တည်ပေးပါ
  9. ရေခမ်းပြီး ဆီပြန်တာနဲ့ အရသာမြည်းပြီး လိုသလိုပြင်ကာ မဆလာထည့်ပြီး မွှေပေးကာ အုံးအဖုံးကို အုပ်ပေးပြီး မီးဖိုမီးပိတ်၍ မီးအပူရှိန် အေးအေးနှင့် တည်ထားပေးပါ
  10. ဆီသံ တဖျစ်ဖျစ် မြည်လာပါက မဆလာနံ့ သင်းနေတဲ့ ၀က်သားဆီပြန်ဟင်းကို စားသုံးနိုင်ပါပြီ။

Tuesday, 4 July 2017

မုံလာဥ ချဉ်ရည်ဟင်း






အေးရှန်းဈေးကို သွားဖြစ်တိုင်း လိုချင်တာလေးတွေဝယ်ကာ အိမ်ရောက်တာနဲ့ ချက်ဖို့ပြင်ရပြန်ပါတယ် ဒီနေ့တော့ မုန့်ညှင်းရွက်တွေ မုံလာဥတွေ ရောကာ ပုဇွန်ထုတ်နဲ့ အရည်သောက်ဆမ်း ဟင်းတစ်မယ်အတွက်ချဉ်ရည်ဟင်း ချက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. မုံလာဥ - ငါးပင်
  2. မုံညှင်း - လေးပင်
  3. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  5. ချင်း - လက်တဆစ်၏ တစ်ဝက်
  6. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  8. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  9. ငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  10. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  11. မန်ကျည်းသီးမှည့် အနှစ် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
  12. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  13. ပုဇွန်ထုတ် - ၁၅ကောင်ခန့်
  14. ရှမ်းနံနံ - နှစ်သက်သလောက်

ပြင်ဆင်ပုံ
  1. မုံလာဥဖြူနှင့် မုံညှင်းပင်ကို သင့်သလိုလှီးပြီး ရေဆေးထားပါ
  2. ပုဇွန်ထုတ်ကို ရေဆေးပြီး ခေါင်းဖြုတ်၍ မလိုတာတွေဖယ်ကာ သန့်စင်ထားပါ
  3. ကြက်သွန်ဖြူ  ကြက်သွန်နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီး အရောင်တင်မှုန့်နှင့် ညက်နေအောင်ရောပြီး ထောင်းထားပါ
  4. ဇောက်နက်သော အိုးထဲမှာ လှီးထားသော မုံလာပင်နှင့် မုန့်ညှင်းရွက်များ ပုဇွန်ထုတ် နနွင်းမှုန့် ဆား ငံပြာရည် အရသာမှုန့် ဆီနှင့် ငရုတ်သီးထောင်းတို့ကိုထည့်ပြီး နယ်ပေးပါ
  5. အရသာ နယ်ပြီးပါက ရေအနည်းငယ်ထည့်ပြီး အရင်ဆုံး ရေဆူအောင်တည်လိုက်ပါ
  6. ရေဆူလာတာနဲ့ အထက်အောက် သမအောင်မွှေပေးပြီး အဖုံးအုပ်ကာ ပြန်တည်ထားပါ
  7. မုံလာဥနှင့် မုန့်ညှင်းရွက်များ တော်တော်လေး နွမ်းလာတာနဲ့ ရေလိုသလောက်ထည့်ပြီး ပွက်ပွက်ဆူအောင် ပြန်တည်ပေးပါ
  8. ရေပွက်ပွက်ဆူကာ မုံလာဥများ နူးလာပါက မန်ကျည်းသီးမှည့် အနှစ်ကိုထည့်ပြီး  ရေပွက်ပွက်ဆူအောင် လေးမိနစ်လောက် တည်ပေးပါ
  9. ရေပွက်ပွက် ဆူလာပါက အရသာမြည်းပြီး လိုသလို ပြင်ပေး၍ ရှမ်းနံနံပင်အုပ်ကာ အရသာမြည်းပြီး မီးပိတ်ပေးပါ
  10.  ရှမ်းနံနံရွက် အနံ့လေး မွှေးနေတဲ့ မုံလာဥ ချဉ်ရည်ဟင်း အရည်သောက်ဆမ်းလေး ရပါပြီ။