Wednesday, 24 August 2016

မျှစ်ထောင်းအစပ်ကြော်










ဒီနေ့တော့ မျှစ်ကိုထောင်းပြီး မွှေးမွှေးစပ်စပ်လေးကြော်ကာ မျှစ်ထောင်းကြော် လုပ်ဖြစ်ပြန်ပါတယ် ဘာလချောင်ကြော်လိုဘဲ တာရှည်အထားခံပြီး နည်းနည်းဘဲ စားတာနဲ့ ထမင်းစားလို့ မြိန်စေတဲ့ အရံဟင်းတစ်မယ်ပါ။

ထိုင်းရိုးရာ အစာတွေကို အခြေခံပြီး လုပ်ထားတာမို့ အစပ်ဖက်ကို နွယ်ပါတယ် ဒါပေမဲ့ ထမင်းပူပူလေးနဲ့ အရမ်းလိုက်ဖက်တဲ့အတွက် တာရှည်ခံ မျှစ်ထောင်းကြော်လုပ်နည်းလေးကို မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. နူးနေအောင် ပြုပ်ထားသော မျှစ်အဖူးအနု - 1 kg
  2. ကြက်သွန်ဖြူ - အမွှာကြီးကြီး ဆယ့်ငါးမွှာ (အရသာနယ်ရန်နှင့် ဆီသတ်ရန်)
  3. ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း မောက်မောက်
  7. ငရုတ်သီး အရောင်တင်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  8. ငရုတ်သီး လုံးခြမ်းကွဲ - ထမင်းစားဇွန်း သုံးဇွန်း

ပြင်ဆင်ပုံ
  • နူးနေအောင် ပြုပ်ထားသော မျှစ်အဖူးအနုလေးများကို ခရင်းနဲ့ အမျှင်လေးများရအောင် ခြစ်ပေးပါ
  • ခြစ်ထားသော မျှစ်များကို ငရုတ်ဆုံထဲထည့်ပြီး ခပ်ကြမ်းကြမ်း ရအောင် ထောင်းပေးပါ
  • ထောင်းထားသော မျှစ်များကို ခပ်သေးသေးလေးတွေရအောင် ကပ်ကြေးဖြင့် ပန်းကန်ထဲမှာ ၁၅ချက်လောက် လိုက်ညှပ်ပေးပါ
  • ကြက်သွန်ဖြူများကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းပေးပါ
  • ငရုတ်သီးအရောင်တင်မှုန့် ငရုတ်သီးလုံးခြမ်းကွဲ ဆား နနွင်းမှုန့် အရသာမှုန့်တို့ကို ပြင်ထားပါ
  • ထောင်းထားသောမျှစ်များကို ထောင်းထားသော ကြက်သွန်ဖြူတ၀က် ငရုတ်သီးလုံးခြမ်းကွဲ ဆား ခအေရသာမှုန့်တို့နှင့် အရသာဝင်အောင် နယ်ထားပါ
  • ဒယ်အိုးတလုံးထဲမှာ ဆီထည့်ပြီး အိုးကိုအပူပေးပါ
  • ဆီပူလာတာနဲ့ နနွင်းမှုန့်နှင့်ကျန်နေသော ကြက်သွန်ဖြူထောင်း ငရုတ်သီး အရောင်တင်မှုန့်တို့ကို ထည့်ပြီး ကြော်ပါ
  • ဆီသတ်နံ့ သင်းလာတာနဲ့ အရသာနယ်ထားသော မျှစ်ကိုထည့်ကြော်ပါ
  • မျှစ်ထည့်ပြီးတာနဲ့ မီးကိုအနေတော်လျှော့ပြီး မျှစ်ကိုဆီပြန်လာတဲ့အထိ ကြော်ပေးပါ
  • ဆီကြွတ်ကြွတ်မြည်လာတာနဲ့ အရသာမြည်းပြီး လိုသလိုပြင်ပေးကာ အအေးခံထားပါ
  • မျှစ်ထောင်းကြော် အေးလာတာနဲ့ ဖန်ပုလင်း သန့်သန့်ထဲထည့်၍ လေလုံအောင်ပိတ်ပြီး ရေခဲသေတ္တာထဲထည့်ကာ လနှင့်ချီပြီးထား၍ စားရသော မျှစ်ထောင်းအစပ်ကြော်ကို နှစ်သက်သလို စားသုံးနိုင်ပါပြီ။

Tuesday, 23 August 2016

ကန်စွန်းဥ အကြွတ်ကြော်



ကန်စွန်းဥတွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်း ဘီတာကာရိုတင်း ပါဝင်သည်။ ဗီတာမင် အေပါဝင်မှုကြောင့် အိုမင်းရင့်ရော်မှုကို ဟန့်တားနိုင်ပြီး ကင်ဆာရောဂါများကိုလည်း ကာကွယ်နိုင်သည်။

နေ့လည်နေ့ခင်း မုန့်စားချင်စိတ် ပေါ်လာပေမဲ့ အပြင်သွားရမှာလဲ အင်မတန်မှ ပျင်းလေတော့ အိမ်မှာရှိတဲ့ ရွှေကန်စွန်းဥကို အပျင်းပြေ ကြော်စားကြတယ် ကြော်နည်းလေးလည်းလွယ် စားလို့လည်း ကောင်းလွန်းလို့ ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
  • ရွှေကန်စွန်းဥ - အလုံးကြီးကြီး ၃လုံး
  • ထုံး - လက်ဖက်ရည်ဇွန်း တ၀က်
  • ရေ  - ၂လီတာခန့်
  • ဆီ - လီတာဝက်ခန့်
  • ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ

ပြင်ဆင်ပုံ


  1. ထုံးကို အရည်ဖျော်ပြီး တညသိပ်လောက်ထားကာ အရည်ကြည်ကို ယူပါ
  2. ကန်စွန်းဥကို အခွံခွာကာ အခွံခွာတဲ့ ဓါးနဲ့ဘဲ ပါးပါးလှီးချပေးပါ
  3. အားလုံးလှီးပြီးရင် ထုံးရည်ကြည်နဲ့ နာရီဝက်လောက် စိမ်ပေးပါ
  4. ထုံးအဆင်သင့် မရှိပါက ဒီအတိုင်းဘဲ ကြော်ပေးပါ
  5. ထုံးရည်ကြည် စိမ်ထားချိန် နာရီဝက်လောက် ပြည့်တာနဲ့ကန်စွန်းဥများကို ဆယ်ပြီး ရေစစ်ထားပါ
  6. ရေစစ်တာနဲ့ ဆားနှင့်အရသာ နယ်ပေးပါ

  7. ဇောက်နက်တဲ့ အိုးကို အပူပေးပြီး ဆီ လီတာဝက်လောက်ထည့်ကာ အပူပေးပါ
  8. ဆီပူလာတာနဲ့ ကန်စွန်းဥကို အရည်စစ်ပြီး အနေတော် နည်းနည်းခြင်းယူကာ ဆီအိုးထဲထည့်ပြီး ကြော်ပေးပါ
  9. အကျက်ညီအောင် မကြာမကြာမွှေပေးပါ
  10. ကန်စွန်းဥများ ကြွတ်ရွလာပြီး ရွှေဝါရောင်သန်းလာရင် ဆယ်ပြီးဆီစစ်ထားပေးပါ
  11. ကန်စွန်းဥ ကုန်တဲ့အထိ ကြော်ပေးပြီး ကန်စွန်းဥကြော်များကို ဆီစစ်ရင်း အအေးခံထားပါ
  12. အအေးခံထားသော ကန်စွန်းဥကြော် ကြွတ်ကြွတ်မွှေးမွှေးလေးကို သရည်စာအဖြစ် စားသုံးရန် ပြင်ပေးနိုင်ပါပြီ။
  13. ရေနွေးကြမ်းလေးနဲ့ လိုက်ဖက်သလို အအေးနဲ့လဲ လိုက်ဖက်လွန်းတဲ့ အကြော်မွှေးမွှေးလေးပါ

Monday, 22 August 2016

မျှစ် အစပ်ကြော်






ရာသီဥတုအေးလေ စားချင်တာက ပူပူစပ်စပ်တွေ ဖြစ်လေပါဘဲ ဒီနေ့တော့ မိုးလေးတစ်အုံ့အုံ့ကြား ပူစပ်ပူလောင်လေး စားရလေအောင် မျှစ်အစပ်လေး ကြော်ဖြစ်လို့ ကြော်နည်းလေးကို မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ကျက်နေအောင်ပြုပ်ထားသော မျှစ် - 500 g
  2. ငရုတ်သီးစိမ်း - သုံးတောင့်
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး တစ်မွှာ
  4. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  5. ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း တစ်ဇွန်း
  6. ပဲငံပြာရည် အကြည် - ထမင်းစားဇွန်း တစ်ဇွန်း
  7. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  8. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  10. ဆီ - ထမင်းစားဇွန်း ငါးဇွန်း

ပြင်ဆင်ပုံ
  1. ပြုပ်ထားသော မျှစ်ကို ခပ်ပါးပါး လှီးထားပါ
  2. ငရုတ်သီးစိမ်းကို ရေဆေးကာ ပါးပါးနုတ်နုတ် လှီးထားပါ
  3. ကြက်သွန်ဖြူကို ဓါးပြားရိုက်ပြီး အခွံခွာကာ ခပ်နုတ်နုတ် လှီးထားပါ
  4. လိုအပ်သော အရသာများ ပြင်ထားပါ
  5. ဆီကို အပူပေးပြီး နနွင်းမှုန့်ထည့်ကာ ကြက်သွန်ဖြူကို အရင်ဆုံး မွှေးအောင်ကြော်ပြီးမှ ငရုတ်သီးစိမ်းကို ထည့်ကြော်ပါ
  6. ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်းကို နွမ်းရုံလေးဘဲကြော်ပြီး မျှစ်ကိုထည့်မွှေပါ
  7. နှစ်မိနစ်လောက်ကြော်ကာ ပဲငံပြာရည်များ ငံပြာရည် ဆားနှင့်အရသာမှုန့်ထည့်မွှေပြီး တစ်မိနစ်လောက် ကြော်ပေးပါ
  8. အရသာ မျှတအောင် မွှေပြီးတာနဲ့ လွယ်ကူမြန်ဆန်သော ငရုတ်သီးစိမ်း မျှစ်အစပ်ကြော်လေးကို အရသာမြည်းပြီး လိုသလိုပြင်ကာ စားသုံးနိုင်ပါပြီ။

Sunday, 21 August 2016

အသီးအရွက်သုပ်










ဒီနေ့တော့ နှမ်းလှော်နံ့ သင်းသင်းလေးနဲ့ အသီးအရွက်အသုပ်လေး သုပ်ဖြစ်ပြန်ပါတယ် ပြင်ဆင်ရတာ လွယ်ကူသလို စားလို့လဲ ကောင်းလွန်းတဲ့ အသုပ်တစ်မျိုး ဖြစ်ပြီး ငါးပိရည်နဲ့တွဲဖက်ပြီး တို့စရာ လုပ်နိုင်သလို အသုပ်တစ်မျိုးလိုလဲ အရံဟင်း တစ်မယ်အဖြစ် ပြင်ဆင်ပြီး စားနိုင်ပါသေးတယ် ဒါကြောင့်မို့လို့ လွယ်ကူမြန်ဆန် အသုပ်သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ပဲပင်ပေါက် - 200 g
  2. သခွားသီး - အနေတော် တစ်လုံး
  3. ငရုတ်သီးစိမ်း - စားနိုင်သလောက်
  4. နှမ်းလှော် - ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်
  5. ကြက်သွန်မိတ် - သုံးပင်ခန့်
  6. ဆား - ထမင်းစဇွန်း တစ်ဇွန်း (သခွားသီး နယ်ပေးရန်)
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက် (အသုပ်သုပ်ရန်)
  8. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  9. နှမ်းဆီ - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  10. သံပုရာရည် - ထမင်းစားဇွန်း တစ်ဇွန်း

ပြင်ဆင်ပုံ
  • ရေကို ပွက်ပွက်ဆူအောင် တည်ပေးပြီး ပဲပင်ပေါက်ကို ဇလုံတစ်လုံးထဲထည့်ကာ ရေနွေးကို ပဲပင်ပေါက် မြုပ်နေအောင် လောင်းချပေးပါ
  • ရေနွေးလောင်းထားသော ပဲပင်ပေါက်ကို သုံးမိနစ်လောက် ထားပြီးတာနဲ့ ရေနွေးကိုသွန်ပြီး ရေစစ်ထားပါ
  • သခွားသီးကို အခွံမခွာဘဲ အလုံးလိုက် ရေဆေးပြီး ပုံမှာပြထားတဲ့အတိုင်း ခပ်ပါးပါး လှီးပေးပါ
  • ခပ်ပါးပါး လှီးထားသော သခွားသီးကို ပုံမှာပြထားတဲ့အတိုင်း ခပ်သေးသေးလေးတွေ ထပ်လှီးပေးပါ
  • ပြီးတာနဲ့ ဇလုံတစ်လုံးထဲမှာထည့်ပြီး ဆားနှင့်နယ်ကာ သုံးမိနစ်လောက် ထားပေးပါ
  • ပြီးတာနဲ့ အငံဓါတ် ပေါ့စေရန် ရေနှင့် နှစ်ခါလောက် ဆေးပေးကာ ရေတွေကုန်အောင် ညှစ်ထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး မိမနှစ်သက်သလို လှီးပေးထားပါ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး အနေတော် လှီးပေးထားပါ
  • နှမ်းကိုဒယ်အိုးထဲထည့်ပြီး မီးအေးအေးနှင့် ရွှေဝါရောင် သန်းလာတဲ့အထိ လှော်ပေးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပါဝင်ပစ္စည်များးအားလုံးကို ဇလုံထဲထည့်ပြီး ခပ်ဖွဖွ နယ်ပေးပါ
  • အရသာ နယ်ပြီးတာနဲ့ အရသာမြည်းပြီး လိုအပ်သလို ပြင်ပေးကာ စားသုံးရန် ပန်းကန်တစ်ခုထဲ ပြောင်းထည့်၍ ပြင်ပေးကာ အသီးအရွက်သုပ် မွှေးမွှေးလေးကို နှစ်သက်သလို သုံးဆောင်နိုင်ပါပြီ။

Saturday, 20 August 2016

တောရှောက်ခါးသီးယို











အိမ်လည်သွားရင်း လက်ဆောင်ရလာတဲ့ တောရှောက်သီးတွေက ဆေးဘက်လဲ ဝင်နေတာနဲ့ ဘာလုပ်စားရမလဲ စဉ်းစားရင်းက   ရှောက်သီးသုပ်စားရ ကောင်းနိုးနိုး အချဉ်တည်ရ ကောင်းနိုးနိုးနဲ့ ဒီနေ့တော့ ရှောက်ယိုမွှေးမွှေးလေး ထိုးဖြစ်သွားပါတယ်။

မြန်မာပြည်က ရှောက်သီးလောက် အရည်မရွှမ်းသလို အရမ်းလဲ အချဉ်မစူးဘဲ အခွံထူပြီး အသားနည်းတဲ့ အတွက် ယိုထိုးဖို့ အရမ်းအဆင်ပြေစေသလို စားချင်စိတ်က ပေါ်လာလေတော့ မြန်မြန်ဆန်ဆန် ရှောက်ယိုလေး ထိုးဖြစ်လို့ ချိုချို ချဉ်ချဉ် ရှောက်ယိုမွှေးမွှေး ထိုးနည်းလေးကို မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. အခွံထူပြီး အသားပါးသော တောရှောက်သီး - 1000 g
  2. သကြား - 800 g (အချိုကြိုက်လျှင် ပိုထည့်ပြီး မကြိုက်လျှင် လျှော့ထည့်ပါ)
  3. ဆား - လက်ဘက်ရည်ဇွန်း သုံးပုံတစ်ပုံ
  4. ရေ - ရှောက်သီးအခွံ ပြုပ်ရန် လိုသလောက်
  5. ရေ - 1000 ml (သကြားကျိုရန်)

ပြင်ဆင်ပုံ
  • တောရှောက်သီးကို အလုံးလိုက် ရေဆေးပြီး ထက်ဝက် ခြမ်းပေးပါ
  • ထက်ဝက်ခြမ်းထားသော ရှောက်သီးရဲ့ အထဲမှ အသားများကို ဇွန်းနှင့်ခြစ်ပြီး ဖယ်ပေးပါ
  • အသားများပြီး အရည်ရွှမ်းသော ရှောက်သီးဆိုရင်တော့ အခွံနှင့်အသား သပ်သပ်စီဖြစ်အောင် အဆင်ပြေသလို ခွာပေးပါ
  • ခြစ်ထုတ်ထားသော အသားများကို အထဲမှ အစေ့များဖယ်ပြီး အသားနှင့်အပြင်ခွံ အမှေးပါးကို ဓါးဖြင့်အနည်းငယ်ဟပေးပြီး  ခွာထားပါ
  • ရှောက်သီးအခွံကို ခပ်ပါးပါးလေးတွေ လှီးပေးထားပြီး ရေမြုပ်အောင်ထည့်ကာ အိုးအဖုံးအုပ်ပြီး ရေဆူအောင်တည်ကာ ရေပွက်ပွက်ဆူပြီး  ၅မိနစ်လောက် ပြုပ်ပေးပါ
  • ရှောက်ခွံက အခါးဓါတ်များသောကြောင့် အထက်ပါနည်းအတိုင်း နောက်တကြိမ် ထပ်ပြုပ်ပေးပါ
  • ပထမတရည်ပြုပ်ပြီး အရည်များသွန်ကာ နောက်တရည်ကိုလဲ ရှောက်ခွံများ မြုပ်အောင်ထည့်၍ ၅မိနစ်လောက်ပြုပ်ပြီး ရေသွန်၍ စစ်ထားပါ
  • ဇောက်နက်သော အိုးတလုံးမှာ သကြားနှင့်ရေကိုထည့်ပြီး ထည့်ထားသော ရေဧ။် သုံးပုံတစ်ပုံလောက် ကျန်အောင် ကျိုပေးပါ
  • ရေသုံးပုံတစ်ပုံလောက် ကျန်တာနဲ့ဆားကို ထည့်မွှေပေးပါ ပြီးတာနဲ့ ပြုပ်ထားသော ရှောက်ခွံများ အသားမွှာထားသော ရှောက်သီးဖတ်များကို ထည့်မွှေပါ
  • သကြားရည်ထဲ အခွံနှင့်အသားများ ထည့်ပြီးချိန်အထိ အရောင်က အဖြူရောင်ဘဲရှိနေပြီး တဖြည်းဖြည်းနဲ့ အရောင် ပြောင်းလာပါလိမ့်မယ်
  • အောက်ခြေမကပ်စေရန် မကြာမကြာ မွှေပေးပြီး သကြားအရောင်ပြောင်းပြီး ပေါက်စေးကျလာတဲ့အထိ မွှေပေးပါ
  • သကြားအရောင် ပြောင်းလာပြီး ရှောက်သီးယိုများ ရွှေအိုရောင် ဖြစ်လာပီး ရှောက်ယိုစေးကပ်လေး ဖြစ်လာတာနဲ့ မီးပိတ်ပြီး အအေးခံပေးပါ
  • တောရှာက်ယို မွှေးမွှေးလေးကို အေးသွားတာနဲ့ ခံတွင်းရှင်းအောင် သုံးဆောင်နိုင်သလို ထမင်းစားပြီး အချိုတည်းရန် သုံးဆောင်နိုင်ရန် ဖန်ပုလင်းသန့်သန့်ထဲထည့်၍ ရေခဲသေတ္တာထဲမှာ ထားပြီးသုံးဆောင်နိုင်ပါတယ်
  • တောရှောက်ယို မွှေးမွှေးလေးကို ကျန်းမာရေးအတွက် ဆေးတစ်ခွက်ဆိုသလိုလဲ ခံတွင်းရှင်းပြီး လေကျေစေရန်လဲ မိမိအဆင်ပြေသလို သုံးဆောင်နိုင်ပါပြီ။

Friday, 19 August 2016

ငါးမုတ် အချဉ်ဆီပြန်


မြန်မာပြည်မှာ တွေ့ရတတ်တဲ့ ငါးမုတ်ဆိုရင် များသောအားဖြင့် ကြော်ပြီးနှပ်စားကြတာ များပါတယ် ငါးအသားက နည်းနည်းပွပြီး သိပ်မညက်တဲ့အတွက် ကြော်စားတာက ပိုပြီးအဆင်ပြေနိုင်ပါတယ်။

ဒါပေမဲ့ ဒီနိုင်ငံမှာ တွေ့ရတတ်ပြီး ငါးမုတ်နဲ့တော်တော်လေး တူတဲ့ငါးတစ်မျိုး ရတာနဲ့ အချဉ်ဆီပြန် ချက်စားကြည့်တာ အရမ်းကို ကောင်းနေပါတယ်။

ဒီနေ့တော့ ငါးမုတ်ကို ခုတ်ထစ်ပြီး သန့်စင်ပြီးသား အဆင်သင့်ချက်ရုံ ဗူးလေးတွေနဲ့လာတာကို ဆီနိုင်နိုင်သတ်ပေးပြီး မကျည်းမှည့်ရည်အုပ်ကာ အချဉ်ဆီပြန်ဟင်းလေး ချက်ဖြစ်သွားတာနဲ့ ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ငါးမုတ် - တစ်ကီလို
  2. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  3. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  4. ချင်း - လက်တစ်ဆစ်ခန့်
  5. ငရုတ်သီး အရောင်တင်မှုန့်. - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. မကျီးမှည့်အနှစ် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. ငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်း
  8. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  9. ဆီ - ထမင်းစားဇွန်း ငါးဇွန်း
  10. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  11. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
ငါးအရသာနယ်ရန်
  • သန့်စင်ပြီး ရေစင်အောင် ဆေးထားသော ငါးမုတ်ကို ဇလုံကျယ်ကျယ်ထဲ ထည့်ပေးပါ
  • ဆား ငံပြာရည် နနွင်းမှုန့်အရသာမှုန့်တို့ထည့်ပေးပြီး အရသာဝင်စေရန် ငါးကိုဆုတ်ဆုတ်ပြီး နယ်ပေးပါ။
ဟင်းချက်ရန်
  • အရင်ဆုံးဆီကို ပူအောင်တည်ပေးပါ
  • ကြက်သွန်ဖြူ  ကြက်သွန်နီနှင့် ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီးမှုန့်နှင့် ရောပြီး ညက်နေအောင် ထောင်းပေးပါ
  • ဆီပူလာပါက ထောင်းထားသော ချင်း ကြက်သွန်ဖြူ နီနှင့် ငရုတ်သီးမှုန့်တို့ကို နှစ်မိနစ်လောက် မွှေးလာတဲ့ထိ ထည့်မွှေပါ
  • ဆီသတ်နံ့မွှေးလာတာနဲ့ အရသာ နယ်ထားတဲ့ ငါးကိုထဲ့ပြီး ငါးအသားများ မာလာတဲ့ထိ အိုးကိုမမွှေဘဲ လှုပ်လှုပ်ပေးပါ
  • ငါးအသား မာလာတာနဲ့ရေမြုပ်အောင်ထည့်၍ အိုးအဖုံးအုပ်ပြီး တည်ပေးပါ
  • ရေဆူလာတာနဲ့မကျီးမှည့်သီး အနှစ်ထည့်ပြီး ဆီပြန်တဲ့အထိ တည်ပေးပါ
  • ဆီပြန်လာပါက အရသာမြည်းပြီး လိုသလို ပြင်ပေးပြီးပါက ချဉ်ငံစပ် အရသာကောင်းတဲ့ ငါးမုတ်ဆီပြန်ဟင်းလေးရပါပြီ။

Thursday, 18 August 2016

ထောပါတ်ကိတ်













တစ်ခါတစ်လေတော့ အချိုနဲ့မတည့်ပေမဲ့  ကိတ်မုန့်လေး စားချင်တာနဲ့ ဖုတ်ဖြစ်ပြန်ပါတယ် ဟင်းချက်ရတာလောက် စိတ်မ၀င်စားပေမဲ့ စိတ်ကူးရရင်တော့ ရသလိုလေး လုပ်စားဖြစ်တဲ့ အချိုသရည်စာလေးပါ။

ဟင်းချက်သလို ပစ္စည်းတွေ အစုံထည့်စရာ မလိုပေမဲ့ မုန့်သားစပ်ရတာ သတိထားရတဲ့ အဆင့်လေးတွေတော့ ဂရုစိုက်ရပါတယ် ဒါကြောင့်မို့လို့ မာမာနဲ့ မာမာ့သမီးလေး ပြင်ဆင်ပြီး လုပ်ထားတဲ့ ကိတ်မုန့်ဖုတ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ဂျုံမှုန့် - 140 g 
  2. ထောပတ် -100 g
  3. Baking powder - 2.5 g
  4. သကြား - 120 g
  5. နွားနို့ -150 ml
  6. ကြက်ဥ - နှစ်လုံး
  7. ဗနီလာ အနံ့  - လက်ဖက်ရည် တစ်ဇွန်း

ပြင်ဆင်ပုံ
  • ဂျုံမှုန့်နှင့် baking powder ကို ရောမွှေ၍ ဇကာစိတ်စိတ်လေးနှင့် စစ်ထားပါ
  • ဇကာနှင့် ဂျုံစစ်ရာတွင် ဇကာဘေးဘောင်ကို လက်ဖနောင့်လေးနှင့် အသာရိုက်ပြီး  သေသေချာ လှုပ်ပေးခြင်းဖြင့် မုန့်သားပွစေရန် အထောက်အကူ ပြုစေပါတယ်
  • ထောပတ်ကို အပူပေးပြီး အရည်ဖျော်ကာ အအေးခံထားပါ
  • သကြားနှင့် ထောပတ်ကို ပွလာစေရန် မွှေတံနှင့်မွှေပေးပါ စက်ရှိက စက်နှင့်မွှေပေးပါ
  • ထောပတ်နဲ့သကြား သမသွားပြီဆိုရင် နို့နှင့် ကြက်ဥကို ထည့်ပေးပြီး မွှေပေးပါ
  • ရောထားသော ဂျုံအရောကို ထည့်ပြီး မွှေပေးပါ
  • နောက်ဆုံး ကျန်သောနွားနို့နှင့် ဂျုံကို မုန့်နှစ်ရအောင် ထည့်မွှေပေးပါ
  • မုန့်ဖုတ်မည့် ဗန်းထဲကို baking paper ခင်းပေးပါ 
  • Baking paper ခင်းထားသော ဗန်းထဲသို့ မုန့်နှစ်များကို လောင်းထည့်ပေးပြီး မျက်နှာပြင်ညှိပေးပါ
  • Ovenကို၁၈၀ဒီကရီနှင့် မုန့်မဖုတ်ခင် မိနစ်၂၀လောက် ကြိုဖွင့်ထားပါ
  • Oven ပူလာပြီဆိုတာနဲ့ မုန့်နှစ်ထည့်ထားသော ဗန်းကို ovenထဲထည့်ပြီး ၄၅မိနစ်ထည့်ပြီး ဖုတ်ပေးပါ
  • ၄၅မိနစ်ပြည့်ပါက မုန့်သားကျက်မကျက် သိစေရန် အသုံးမပြုရသေးသော ဒုတ်ချွန်လေးနှင့် ထိုးကြည့်ပါ
  • မုန့်နှစ်များ ကပ်မပါလာတော့ဘူးဆိုရင် မုန့်သားကျက်ပြီဖြစ်လို့ ထောပတ်ကိတ် မွှေးမွှေးလေးကို oven ထဲမှ ထုတ်ပေးပြီး အအေးခံကာ သုံးဆောင် နိုင်ပါပြီ။