Sunday, 31 August 2014

ကြက်သားလိပ်ကြော်


ဒီနေ့တော့ ကြက်သားကော်ပြန်လိပ်ကြော်လေး ကြော်ပါမယ် ၀က်သားအစား ကြက်သားနဲ့ကြော်တာပါ ၀က်သားဆိုရင် မာမာတို့အိမ်မှာ လူမညီပါဘူး မစားတဲ့သူက များတဲ့အတွက် ကြက်သားနဲ့ဘဲကြော်တာပါ။

စိတ်၀င်စားလို့ကြော်စားကြည့်မယ် ဆိုရင်တော့ ကော်ပြန့်ရွက် ၇ရွက်အတွက် လိုအပ်တာလေးတွေ ပြောပါမယ်။

ပါ၀င်ပစ္စည်းများ

ကြိတ်စက်ဖြင့် ညက်နေအောင် ကြိတ်ထားသော ကြက်ရင်ပုံသား - 200 g
ကော်ပြန့်ရွက် - ၇ရွက်
အနေတော် လှီးထားသော တရုတ်နံနံ - တရုတ်ဟင်းပြင်ပန်းကန်အသေး တစ်လုံးစာ
အနေတော် လှီးထားသော ကြက်သွန်မိတ်ပင် - တရုတ်ဟင်းပြင်ပန်းကန် တစ်လုံးစာ
ခပ်နုတ်နုတ် လှီးထားသော ကြက်သွန်နီ - တရုတ်ဟင်းပြင်ပန်းကန် တစ်လုံးစာ
ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
ပဲငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
Cornflour - ထမင်းစားဇွန်း တစ်ဇွန်းခွဲ ( ကြက်သားမှာနယ်ထားပေးပါ )
ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်မရှိတစ်ရှိ
ဆီ - လိုသလောက် သုံးပေးပါ

အစာကြော်ပြီး လိပ်ရန်နှင့် ဂျုံအရည်ဖျော်ရန်
ဆီကို မီးအပူပေးပြီး ကြက်သွန်နီကို အရင်ကြော်ပါ
နွမ်းလာပါက ကြက်သားကိုထဲ့ပြီး ဆား အရသာမှုန့် ပဲငံပြာရည် ငရုတ်ကောင်းမှုန့်တို့ထဲ့ပြီး ၆မိနစ်လောက်ကြော်ပေးပါ
အသားအရောင်ပြောင်းလာပြီး မာလာတာနဲ့ ကြက်သွန်မိတ် တရုတ်နံနံတို့ထဲ့ပြီး၂မိနစ်လောက် မွှေပေးပါ ကျက်သွားရင် အအေးခံထားပါ
ကော်ပြန့်ရွက်လိပ်ပြီး ထိပ်စကိုကပ်ရန် ဂျုံထမင်းစားဇွန်း တစ်ဇွန်းသာသာကို ရေထမင်းစားဇွန်း ၂ဇွန်းနဲ့ ဖျော်ထားပါ
ကော်ပြန့်ရွက်ကိုထောင့်ချွန်းခင်းပြီး  ထောင့်ချွန်းအပေါ်မှာ အစာကိုထမင်းစားဇွန်း ၂ဇွန်းကျောကျော်ထဲ့ပါ
ထောင့်ချွန်းဖက်မှ စပြီးလိပ်ပေးပြီး ဘေး၂ဖက်ကိုခေါက်ပြီး ဆက်လိပ်ပေးပါ
အလိပ်ဆုံးကာနီးမှာ ဖျော်ထားသော ဂျုံအရည်စွတ်ပြီး လိပ်လိုက်ပါ
၇လိပ်လုံးလိပ်ပေးပါ
ကော်ပြန့်လိပ်၇လိပ်စာအတွက် အပြင်အကာခွံအနှစ်စပ်ရန်
ကြက်ဥကြီးကြီး - တစ်လုံး
အကြော်မှုန့်-  ထမင်းစားဇွန်း ၅ဇွန်း
ရေ. - ထမင်းစားဇွန်း ၂ဇွန်းတို့နဲ့ အားလုံးကျေအောင်ဖျော်ထားပါ
ကြော်ရန်
ဆီကိုအပူပေးပြီး ဆီပူလာပါက မီးကိုအလယ် အလတ်လောက် လျော့ပြီးမှ ကြက်သားလိပ်ကို ဖျော်ထားသော အပြင်အကာခွံအတွက် စပ်ထားသော အနှစ်ထဲမှာလူးပြီး ဆီအိုးထဲသို့ တစ်လိပ်ခြင်းနှစ်ပေးပြီး ထဲ့ကြော်ပေးပါ
မီးအရမ်း မပြင်းအောင် သတိထားပြီး ကြော်ပေးပါ
တစ်ဖက်ကျက်ရင် တစ်ဖက်ကို လှန်ပေးပြီး၂ဖက်လုံး ရွှေဝါရောင်သန်းပြီး ကြွတ်ရွလာလျှင် ဆယ်ပြီးဆီစစ်ထားပေးပါ။
အချဉ်ရည်စပ်ရန်
Chili sauce ထမင်းစားဇွန်း နှစ်ဇွန်း 
ငရုတ်သီးအလှော်မှုန့် ထမင်းစားဇွန်း တစ်ဇွန်း
သကြား ထမင်းစားဇွန်း တစ်ဇွန်း
ငံပြာရည် ထမင်းစားဇွန်း နှစ်ဇွန်း
အနေတော်လှီးထားသော နံနံပင် အပင်ကြီးကြီး သုံးပင်
မညက်တညက်ထောင်းထားသော ကြက်သွန်ဖြူ အမွှာကြီးကြီး ၇မွှာ
ရေ ထမင်းစားဇွန်း ၅ဇွန်း အားလုံးရောပြီး ဖျော်ပေးပါ။

Friday, 29 August 2014

ကြက်သားဆန်ပြုပ်


ဒီနေ့ပြုပ်သောက်ဖြစ်တဲ့ ဆန်လှော်ဆန်ပြုပ်လေးပါ ရိုးရိုးဆန်ပြုပ်ထက် ပိုပြီးသောက်လို့ကောင်းသလို ဆန်လှော်မွှေးမွှေးလေးကြောင့် သောက်ရတဲ့ ဆန်လှော်အနံ့လေးကလဲ စွဲမက်စရာပါ။

ရိုးရိုးဆန်ပြုပ်လို ပျစ်ခဲခဲကြီးမနေဘဲ ဆန်စေ့လေးတွေက ပြုပ်ပြီးသည့်တိုင်အောင် ခပ်ကျဲကျဲလေးနဲ့ကျက်တဲ့ ဆန်လှော်ဆန်ပြုပ်လေးပါ။

မာမာတို့တော့ မိသားစုလေးယောက် တစ်နေကုန် ဆာရင်ဆာသလိုသောက်နိုင်ဖို့ ထမင်းပေါင်းအိုး ဆန်ချင်ဗူး၂ဗူးကို လှော်ပြီးပြုပ်ထားတဲ့ နည်းလေး မျှဝေလိုက်ပါတယ်

ပါ၀င်ပစ္စည်းများ
  1. ဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၂ဗူး
  2. ကြက်သား - အနေတော် တစ်ခြမ်း
  3. ကြက်သွန်နီ - ဥအသေး ၁၀လုံး (ဆန်ပြုပ်ထဲထည့်ရန်)
  4. ဆား - လက်ဖက်ရည်ဇွန်း ၄ဇွန်း ( ဇွန်းတစ်၀က်ကို ဘဲသားပြုပ်ထဲထည့်ရန်)
  5. နနွင်းမှုန့်- လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  6. ဆီ - ထမင်းစားဇွန်း ၄ဇွန်း
  7. ကြက်သွန်နီ - အနေတော် တစ်ဥ (ငါးဆီသတ်ရန်)
  8. ကြက်သွန်ဖြူ  - အမွှာကြီးကြီး၂မွှာ (ငါးဆီသတ်ရန်)
  9. ကြက်သွန်မိတ် - အပင်ကြီးကြီး ၃ပင်အ
  10. ရသာမှုန့် - လက်ဖက်ရည်ဇွန်း ၃ဇွန်းခွဲ (တစ်၀က်ကို ဘဲသားပြုပ်ထဲ့ထည့်ရန်)
  11. ကြက်သွန်ဖြူ - အမွှာကြီးကြီး၄မွှာ (ဆန်ပြုပ်ထဲထည့်ရန်)
  12. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  13. ကြက်သွန်ဖြူ ဆီချက် - လိုသလောက် ပြင်ထားပါ
ဆန်လှော်ပုံ
  • ဒယ်အိုးထဲမှာ ဆန်ထည့်ပြီး မီးအနေတော်နဲ့ လှော်ပေးပါ
  • ဆန်လှော် အကျက်ညီစေရန် မကြာမကြာ မွှေမွှေပေးပါ
  • ဆန်လှော်များ ညိုရောင်သန်းလာပြီး မွှေးလာပါက မီးပိတ်ပေးထားပါ
ပြင်ဆင်ပုံ
  • ဇောက်နက်သော အိုးထဲမှာ ဆန်လှော်ကို ရေများများထဲ့ပြီး နူးအောင်ပြုပ်ထားပါ
  • ဆန်လုံးများကျေလာအောင် ပြုပ်ပေးပါ
  • ကြက်သားကို အခြမ်းလိုက် ရေဆေးပေးပါ
  • ရေဆေးထားသောကြက်သားကို အိုးထဲမှာထည့်ပြီး အရသာမှုန့်နှင့် ဆားတို့နှင့်နယ်ကာ ရေမြုပ်အောင်ထည့်ပြီး ပြုပ်ပေးပါ
  • ရေခမ်းတာနဲ့ ဘဲသားကို အသားမျှင်လေးတွေ ရအောင် ထွင်ထားပါ
  • ကြက်သွန်နီ ဥအသေးများကို အခွံခွာပြီး ရေဆေးထားပါ
  • ကြက်သွန်နီ အနေတော် တစ်ဥကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်ဖြူ  အမွှာကြီးကြီး နှစ်မွှာကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
  • ကြက်သွန်ဖြူ  အမွှာကြီးကြီး လေးမွှာကို အခွံခွာပြီး ရေဆေးကာ ငရုတ်ကောင်းနှင့် ရောပြီးထောင်းထားပါ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး ခပ်နုတ်နုတ်လေးတွေ လှီးထားပါ
  • ကြက်သွန်ဖြူ  ဆီချက်ကို ပြင်ထားပါ
  • ဆန်ပြုပ်နေတုံး ဆီကို နနွင်းမှုန့်ထဲ့ကာ အပူပေးပြီး လှီးထားသော ကြက်သွန်နီ ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူတို့ကို ဆီသတ်ပါ
  • ကြက်သွန်များပျော့ပြီး မွှေးလာပါက ကြက်သားများကိုထည့်ပြီး ၅မိနစ်လောက် ဆီသတ်ပေးထားပါ
  • ဆန်ပြုပ်များ မနူးသေးပါက ဆန်နူးတဲ့ထိ ရေထပ်ထပ်ထဲ့ပြီး ပြုပ်ပေးပါ
  • ပြုပ်နေစဉ် အိုးမကပ်အောင် မကြာမကြာ မွှေမွှေပေးပါ
  • ဆန်နူးပြီ ဆိုပါက ရေကိုတရုတ်ဟင်းပြင်ပန်းကန် ၆လုံးစာလောက်ထဲ့ပေးပြီး ကြက်သွန်ဥလေးများနှင့် ငါးဆီသတ်ကို ထဲ့ပြုပ်ပေးပါ
  • ဆားနှင့်အရသာမှုန့်၂ဇွန်းကိုထဲ့ပြီး အရသာမြည်းပေးပါ
  • လိုအပ်သော အရသာ ရလာအောင် ပြင်ပေးပြီး ကြက်သွန်ဥလေးများ နူးလာပါက ထောင်းထားသော ကြက်သွန်ဖြူ  ငရုတ်ကောင်းတို့ကိုထဲ့ပြီး မီးနွေးနွေးနဲ့တည်ထားပါ
  • ပန်းကန်လုံးထဲမှာ ကြက်သားဆန်ပြုပ်ကို မိမိ လိုသလောက် ထဲ့ပေးကာ သောက်ကာနီးမှ ကြက်သွန်ဖြူဆီချက်နှင့် ကြက်သွန်မိတ်ဖြူးပေးပြီး သောက်နိူင်ပါပြီ။

Sunday, 24 August 2014

ဂဏန်းဆီပြန်




စားသုံးသူအားလုံးနှစ်သက်မယ်လို့ထင်ပါတယ် ဒီဟင်းကတော့ မာမာအရမ်းကြိုက်တဲ့ဟင်းလေးပါ ဂဏန်းဆိုရင် လယ်ဂဏန်း ပင်လယ်ဂဏန်း ချောင်းဂဏန်းအကုန်ကြိုက်ပါတယ်။

ဂဏန်းကိုချက်တော့မယ်ဆိုရင် မချက်ခင်သူ့ကိုအရင်ဆုံး အပြင်ခွံတွေပြောင်အောင်ဆေးရပါတယ် ပြီးတော့ အခွံကိုခွာ အခွံမှာကပ်နေတဲ့ အဆီတွေကို ပန်းကန်တစ်ခုမှာ ထဲ့ထားပေးပါ ခွာလိုက်တဲ့အသားခြမ်းမှာကပ်နေတဲ့ ပါးဟပ်ကလေးတွေကို ဖယ်ပြစ်ရပါတယ် အဲဒီပါးဟပ်လေးတွေကို စားမိရင်ဗိုက်နာတတ်ပါတယ်။

အခုချက်ထားတဲ့ဂဏန်းဟင်းက မြန်မာပြည်ခနပြန်တုံး ချက်ထားတာလေးပါ ဒီမှာဂဏန်းကဈေးကြီးလွန်းလို့ ချက်စားခဲပါတယ် ဂဏန်းအရသာကိုထိမ်းတာက ချင်းနဲ့မဆလာမို့ ထဲ့ဖို့မမေ့ပါနဲ့နော်။

ပါးဟပ်ဖက်အခြမ်းမှာကပ်နေတဲ့ အစာလမ်းကြောင်းကိုလဲဖယ်ပေးပါ သန့်စင်သွားပြီဆိုရင်တော့ ချက်ဖို့ပြင်ပါမယ်။

ပါဝင်ရမှာလေးတွေကိုပြင်ပါမယ်

  • ရေဆေးသန့်စင်ပြီး အခွံချွတ်ထားသောဂဏန်းအကောင်ကြီးကြီး - ၆ကောင်
  • ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်းမောက်မောက် တဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • ငံပြာရည် - ထမင်းစားဇွန်း တဇွန်းခွဲ
  • ညက်နေအောင်ထောင်းထားသော ကြက်သွန်နီ - အနေတော် တဥ
  • ညက်နေအောင်ထောင်းထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  • ညက်နေအောင်ထောင်းထားသော ချင်း - တစ်လက်မမရှိတရှိ
  • မဆလာ - ထမင်းစားဇွန်း တဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • မကျီးအနှစ် - ထမင်းစားဇွန်း တ၀က်သာသာ
  • ဆီ - လက်ဖက်ရည်အကြမ်းပန်းကန် တ၀က်သာသာ
အရသာနယ်ရန်
  • ဂဏန်းအသားကိုမချက်ခင် ဆား နနွင်း ငံပြာရည် ဟင်းချိုမှုန့် မဆလာတို့နဲ့ဆယ်မိနစ်လောက်ကြိုပြီးနယ်ထားပေးပါ
  • မဆလာကို အသားမှာနယ်ပြီးဆီသတ်ပါက ပိုပြီးမွှေးကြိုင်စေပါတယ်
ဟင်းချက်ရန်ပြင်ပါမယ်
  • ဒယ်အိုးဇောက်နက်နက်တစ်လုံးကို အပူပေးပြီးဆီထဲ့ပါ
  • ဆီပူလာတာနဲ့ထောင်းထားသော ကြက်သွန်ဖြူ နီ ချင်းတို့ကို ငရုတ်သီးနဲ့အတူဆီသတ်ပါ
  • ငရုတ်သီးနံ့သင်းလာတာနဲ့ အရသာနယ်ထားသော ဂဏန်းကိုထဲ့ပြီးဆီသတ်ပေးပါ
  • ဖယ်ထားသော ဂဏန်းဆီကိုထဲ့ပြီး ဆီဆက်သတ်ပေးပါ
  • ဂဏန်းသား ရဲလာပြီဆိုတာနဲ့ရေမြုပ်အောင်ထဲ့ပြီးအဖုံးအုပ်ကာတည်ပေးပါ
  • ရေခမ်းကာနီးပြီဆိုရင် မကျီးအနှစ်ကိုထဲ့မွှေပြီး ရေနဲနဲထပ်ထဲ့ကာ ဆီပြန်အောင်တည်ပေးပါ
  • ဆီပြန်ပြီဆိုတာနဲ့ အရသာမြည်းပြီးလိုအပ်သလိုပြင်ပေးပါ
  • ချင်း မဆလာနံ့မွှေးမွှေးလေးနဲ့ ဂဏန်းချဉ်စပ်ဟင်းလေးရပါပြီ။

Saturday, 23 August 2014

အာလူးခြစ်ကြော်



အာလူးခြစ်ကြော် ကြော်နည်းလေးပြောပြပါမယ် ကြော်ရတာလွယ်သလောက် စားလို့တော့အရမ်းကောင်း ပါတယ် မာမာ့ကလေးတွေက အာလူးကြိုက်တော့ မကြာမကြာဆိုသလိုလဲကြော်ကျွေးဖြစ်ပါတယ် အာလူးနံ့မွှေးမွှေးလေးနဲ့ဝါးလိုက်ရင်ရွရွလေးမို့ မာမာ့မိတ်ဆွေတွေလဲနှစ်သက်မယ်ထင်ပါတယ်။

ပါဝင်ပစ္စည်းလေးတွေကတော့

  • အခွံခွာပြီးအလုံးလိုက် ရေစင်အောင်ဆေးကာ အသီးခြစ်သော ခြစ်ခပ်ကြမ်းကြမ်းနှင့် ခြစ်ထားသောအာလူး - 500g
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • ဆိုဒါ - လက်ဖက်ရည်ဇွန်း တ၀က်မရှိတရှိ
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • တန်ပူရာအကြော်မှုန့် - ထမင်းစားဇွန်း ၂ဇွန်းမောက်မောက်
  • ညက်နေအောင်ထောင်းပြီး အရည်ယူထားသောချင်း - လက်တဆစ်သာသာ
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်မရှိတရှိ
  • အားလုံးကို ဇလုံတစ်လုံးမှာထဲ့ပြီး ခပ်ဖွဖွလေးနယ်ပေးထားပါ
ကြော်ဖို့ပြင်ပါမယ်
  • မကပ်တဲ့ဒယ်အိုးတစ်လုံးကိုအပူပေးပါ ပူလာပါက မီးရှိန်နဲနဲလျှော့ပြီး ဆီလက်ဖက်ရည်အကြမ်း ပန်းကန်နှစ်လုံးစာလောက်ထဲ့ပေးပါ
  • ဆီပူလာပြီးကျက်လာပါက အရသာနယ်ထားသော အာလူးခြစ်ကို အနေတော်ယူကာ အသာအရာ ဆုတ်ပြီး ဆီအိုးထဲထဲ့ပေးပါ
  • အာလူးယူစဉ် ပါလာသောအရည်များကို ညှစ်မချပြစ်ဘဲ ဒီအတိုင်းအာလူးဆုတ်ကို ထဲ့ကြော်ပေးပါ
  • မီးအရမ်းမများစေရန် သတိထားပါ တစ်ဖက်ရွှေဝါရောင်းသန်းလာပါက နောက်တစ်ဖက်ကို လှန်ပြီးကြော်ပေးပါ
  • နှစ်ဖက်လုံး ရွှေဝါရောင်သန်းလာရင် ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်သွားပါက အရသာရှိသော အာလူးခြစ်ကြော်မွှေးမွှေး စိမ့်စိမ့်ရွရွလေးကို သုံးဆောင်နိုင်ပါပြီ။

ငါးမြင်း ဆီပြန်ဟင်း


ဒီနေ့ချက်ဖြစ်တဲ့ ငါးဟင်းလေးပါ ငါးမြင်းဟင်းက စားလို့ကောင်းတဲ့ ငါးအမျိုး အစားထဲမှာ ပါပါတယ် ချက်တတ်ဖို့ဘဲလိုပါတယ်။

ငါးအသားက ထူတဲ့အတွက် ဆီသတ်တာ နိုင်ရပါမယ် ဆီသတ်တာ မနိုင်ရင် စားလို့မကောင်းဘဲ ပွစိစိနဲ့ဖြစ်နေတတ်ပါတယ် ဒါကြောင့်မို့ ဘယ်အသားဘဲချက်ချက် ဆီကိုကောင်းကောင်း သတ်ပေးသင့်ပါတယ်။

နောက်တစ်ခုက ငါးမြင်းက အကြေးခွံမပါဘဲ အရည်ခွံ သက်သက်မို့ မခုတ်မပိုင်းခင် အကောင်လိုက်ကို ဆားသို့မဟုတ် မကျီးသီးမှည့်နဲ့ နယ်ဖတ်ပြီး အရင်ဆေးပေးပါ။

အချွဲများ ကုန်သွားစေသလို အညှီနံ့လဲတော်တော်လေး သက်သာစေပါတယ် ပြီးမှငါးကို လိုသလို ခုတ်ပိုင်းပေးပါ။

ပါ၀င်ပစ္စည်းများ

အနေတော် တုံးထားသော ငါးမြင်း - 300 g
ငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
အချိုမှုန့်-  လက်ဖက်ရည်ဇွန်း တစ်၀က်သာသာတို့ကို အားလုံးရောနယ်ပြီး ဆယ်မိနစ်လောက်နှပ်ထားပါ
ပြင်ဆင်ပုံ
ငရုတ်သီးအရောင်တင်မှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်းကို ကြက်သွန်ဖြူ အမွှာကြီးကြီး၃မွှာ ချင်း လက်တစ်ဆစ် ကြက်သွန်နီ အနေတော် တစ်လုံး စပါးလင်အရိုး တစ်လက်မလောက်နှင့် ညက်နေအောင်ရောပြီးထောင်းပေးပါ
မကပ်သောအိုးကို မီးအပူပေးပြီးဆီ ထမင်းစားဇွန်း ၃ဇွန်းလောက်ထဲ့ပါ
ငါးမြင်းက အဆီပါတဲ့ ငါးဖြစ်တဲ့အတွက် ဆီအများကြီး ထည့်ရန်မလိုပါ
ဆီပူလာတာနဲ့ ထောင်းထားသော ငရုတ်သီးနှင့် အမွှေးနံ့သာများကို ဆီသတ်နံ့သင်းလာအောင် ကြော်ပေးပါ
ဆီသတ်နံ့သင်းလာတာနဲ့ အရသာ နယ်ထားသောငါးကို ထည့်ပြီးဆီသတ်ပါ 
ဆီသတ်စဉ် ငရုတ်သီးမတူးစေရန် ငါးအရသာ နယ်ထားသော ဇလုံကို ရေနဲနဲနဲ့ကျင်းပြီးထည့်ပေးပါ
ငါးများအိုးမကပ်စေရန် အိုးကို မကြာမကြာ လှုပ်ပေးပါ
ငါးအသားများ အရောင်ပြောင်းပြီး မာလာတာနဲ့ မကျည်းသီးအနှစ် လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာနှင့် ရေမြုပ်အောင်ထည့်ပြီး ဆက်တည်ပေးပါ
ငါးအသားများ မကြေစေရန် မမွှေဘဲ အိုးကိုလှုပ်လှုပ်ပေးပါ
ရေခမ်းပြီး ဆီပြန်ကာနီး နံနံပင် သို့မဟုတ် ရှမ်းနံနံ သို့မဟုတ် ကြက်သွန်မိတ်တို့ကို အနေတော်ပိုင်းဖြတ်ကာ အုပ်ပေးပြီး အရသာအတွက် အပေါ့အငံမြည်းကာ လိုတာပြင်ပေးပါ
ဟင်းအိုးဆီပြန်လာတာနဲ့ငါးမြင်းဟင်း အချဉ်ဆီပြန် ဟင်းမွှေးမွှေးလေးကို သုံးဆောင်ရန် ပြင်ပေးလို့ရပါပြီ။

ကြက်သားလုံးကြော်






ကလေးလူကြီးအကြိုက် ကြက်သားလုံးလေးကြော်ပါမယ် ကြက်သားလုံးကြော်လို့ဆိုပေမဲ့ကြက်ရင်ပုံသား ပေါင်ရင်းသားတွေနဲ့ကြော်ရင် စားလို့မကောင်းပါဘူး ကြက်ပေါင်အသားနဲ့ကြော်မှစားလို့ကောင်းပါတယ်။

ကြက်သားလုံးကို ကြက်ပေါင်ကိုအရိုးထွင်ပြီး ကြိတ်စက်ရှိရင်ကြိတ်စက်ထဲထဲ့ကြိတ် ကြိတ်စက်မရှိရင်လဲ ဓါးနဲ့နုတ်နုတ်စဉ်းပေးပြီး ကြော်တာကပိုပြီးကောင်းပါတယ် ပေါင်သားက အကြောလေးတွေပါတဲ့အတွက် ကြော်ပြီးတဲ့အခါမှာ တထုတ်ထုတ်နဲ့ဝါးလို့ကောင်းတာလေးမို့စားလို့ကောင်းပါတယ်။

ရင်ပုံသားကတော့ အသားများပေမဲ့ ကြော်ပြီးတဲ့အခါမှာ မာကျောကျော ပြင်းတွဲတွဲနဲ့မို့စားလို့ သိပ်မကောင်းလှပါဘူး။

ကြက်သားလုံးကြော်ဖို့ လိုအပ်တာတွေပြင်ပါမယ်

  • အရိုးထွင်ပြီး ကြိတ်ထားသော ကြက်ပေါင် - 300g
  • ခပ်နုတ်နုတ်လှီးထားသော ကြက်သွန်နီ - 100g
  • ဓါးပြားရိုက်ပြီးခပ်နုတ်နုတ်လှီးထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  • Cornflour - ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်
  • ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • ဆီ - လက်ဖက်ရည်အကြမ်းပန်းကန် တစ်လုံး
ကြော်ရန်အတွက်
  • ဆီမှလွဲရင် အားလုံးရောနယ်ထားသော ကြက်သားကို လက်ကိုရေစွတ်ပြီး အနေတော်လုံးပေးပါ
  • မကပ်သောဒယ်အိုးမှာ ဆီကိုထဲ့ပြီးအပူပေးပါ
  • ဆီပူလာတာနဲ့ မီးအားကိုအနေတော်လျှော့ပေးပြီး လုံးထားသောကြက်သားလုံးကို တစ်လုံးခြင်းထဲ့ကြော်ပေးပါ
  • တစ်ဖက်ရွှေဝါရောင်သန်းလာရင် ကျန်တစ်ဖက်ကိုလှန်ပေးပြီးဆက်ကြော်ပေးပါ
  • နှစ်ဖက်လုံး ရွှေဝါသန်းလာရင် ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်သွားပါက ကြက်သားလုံးကြော်စိမ့်စိမ့်လေးကို အရသာရှိစွာစားသုံးနိုင်ပါပြီ။

Friday, 22 August 2014

တို့ဟူးကျိုနည်း



ဒီနေ့တော့ ပျော့ပျောင်းနွဲ့နှောင်းတဲ့ တို့ဟူးကျိုနည်းလေးပြောချင်ပါတယ် မာမာခပ်ငယ်ငယ်လေးထဲက တို့ဟူးကို ကောင်းကောင်းကျိုတတ်ပါတယ်။

မာမာနဲ့အထက်အောက် မောင်လေးက ငယ်ငယ်လေးထဲက အသားတွေသိပ်စားလေ့မရှိပါဘူး လက်ဖက်သုပ် လက်သုပ်စုံလို အစာတွေနဲ့ဘဲ စားလေ့ရှိပါတယ်။

သူ့အတွက်ညနေစာကို မာမာတို့နေတဲ့လမ်းရဲ့အနောက်ဖက်လမ်းမှာ အသုပ်ရောင်းတဲ့အိမ်ရှိတော့ မာမာကနေ့တိုင်းသွားသွား၀ယ်ရပါတယ် သွား၀ယ်တိုင်းနောက်နေ့မနက်ရောင်းဖို့အတွက် တို့ဟူးကျိုတာနဲ့ တိုးတတ်ပါတယ်။

ငယ်ငယ်ထဲက စပ်စပ် စပ်စပ်နေရာတကာ ပါတတ်တဲ့တွက်ကြောင့် တို့ဟူးကျိုတဲ့ကြီးကြီး မစိန်ကြည်ကိုမေးပြီး နောက်ပိုင်းတော့ အိမ်မှာစမ်းပြီး ကျိုဖြစ်ရင်းက ကျိုတတ်သွားခဲ့တာပါ ဒါကြောင့်မို့လို့ မာမာပြင်ဆင်တဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။။

တို့ဟူးကျိုရန်
  1. ပဲအစိမ်းမှုန့် - ထမင်းပေါင်းအိုးဆန်ချင်ခွက် ၃ခွက်
  2. ရေ - ထမင်းပေါင်းအိုးဆန်ချင်ခွက် ၄ခွက်ခွဲ
  3. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  6. ပဲမှုန့်နှင့်ရေကိုရောကာ ပဲအနှစ်လေးတွေ ကျေအောင်ချေပြီး ၅နာရီလောက် နှပ်ထားပေးပါ
  7. ပဲမှုန့်ချင်တွယ်ရာမှာ မည်သည့်ခွက်နှင့်ဘဲချင်ချင်  ပဲမှုန့်တစ်ခွက်ကို ပဲမှုန့်ချင်သည့်ခွက်နှင့် ရေတစ်ခွက်ခွဲ ရောပြီးပေးရင် ရပါပြီ။
ပြင်ဆင်ပုံ
  • တို့ဟူးကျိုပြီး ထည့်မည့်ဗူးကို ဆီအနည်းငယ်နှင့် သုတ်ပေးထားပါ
  • တို့ဟူးကျိုမည့် အိုးကို မီးအနေတော်နဲ့ အပူပေးလိုက်ပါ
  • အိုးပူလာပြီ ဆိုတာနဲ့ ပဲရေစိမ်ထားသော ပဲရည်ကြည်ကို အရင်ဆုံး အိုးထဲသို့ ထဲ့ပြီးတာနဲ့ ဆားလက်ဖက်ရည်ဇွန်း တစ်၀က် နနွင်းမှုန့်လက်ဖက်ရည်ဇွန်း တစ်၀က် ဆီထမင်းစားဇွန်း တစ်ဇွန်းတို့ထဲ့ကာ နဲနဲလေး ပြစ်ရုံကျိုလိုက်ပါ
  • ပဲရည်ပြစ်လာပြီ ဆိုတာနဲ့ ကျန်နေသော ပဲအနှစ်ကို မကျေသော ပဲအခဲလေးများပါမသွားစေရန် ဇကာခပ်စိတ်စိတ်ခံကာ လောင်းချပေးပါ
  • အားလုံးထဲ့ပြီးတာနဲ့ မီးကိုနဲနဲထပ်လျှော့ပေးပြီး အဆက်မပြတ် မွှေပေးပါ
  • ၁၀မိနစ်ကျော်ကျော်လောက် မွှေပြီးပါက ပဲအနှစ်များပြစ်ပြီး ခဲလာပါပြီ
  • ဆီသုတ်ထားသော ဗူးထဲသို့ ကျိုထားသော ပဲအနှစ်များ လောင်းချပေးပြီး မျက်နှာပြင်ညီအောင်ညှိပေးပါ
  • နာရီ၀က်လောက်နေရင် အေးပြီးခဲနေသာ တို့ဟူးတုန်တုန် အိအိလေး ရပါပြီ
  • သုပ်စားမလား  ကြော်စားမလား မိမိနှစ်သက်သလို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။